Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 21, 2017

အဖေ (သို့) အတက်ကားကို ဦးစားပေးခဲ့သူ


( ၁ )
မှန်ရာကိုဝန်ခံရလျှင်ဖြင့် ကွယ်လွန်တိမ်းပါးသွားလေပြီးသော အဖေ့ကို လွမ်းစရာကောင်းသူဟု ကျွန်တော် မယူဆခဲ့ချေ။ အဖေသည် တောသူဌေးသား စရိုက်အတိုင်း၊ ထင်ရာစိုင်းတတ်သူဖြစ်သည်။ ရွာမှာ လူကုံထံ စာရင်းဝင် ဥစ္စာပေါရုပ်ချောဘ၀ဖြင့် သူ့ငယ်ချစ်ဦးကို ကျောခိုင်းလျက် ကျောက်ပေါက်မာသဲ့သဲ့ရှိသော အမေ့အား အဘွား၏ သြဇာမလွန်ဆန်နိုင်သဖြင့် အိမ်ထောင်ဖက်လိုက်ရသောအခါ အဖေသည် အိမ်ထောင်သည်ဘ၀ကို လုံးဝစိတ်ဝင်စားခဲ့ဟန်မရှိချေ။
အမေသည် ကလေးတပြုံတမကြီးဖြင့် အဖေ့အမျိုးများ၏ လောင်းရိပ်အောက်မှာ မျက်နှာငယ်ခဲ့ရသည်။ အဆိုး ဆုံးက အဖေ။ အဖေသည် အမေ့ကို ဖုတ်လေသည့်ငါးပိရှိသည်ဟုပင်မှတ်ဟန်မတူခဲ့ဘဲ ထင်ရာစိုင်းခဲ့သည်ဟု ကျွန်တော့်စိတ်မှာ စွဲနေ၏။
အဖေကွယ်လွန်သည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီ။ အမေကွယ်လွန်ခဲ့သည်ကား လွန်ခဲ့သော ဆယ့်ခြောက် နှစ်။ မိဘကျေးဇူးကို ပြန်လည်တွေးမိလေတိုင်း ကျွန်တော့် စိတ်မှာ အေးဆေးတည်ငြိမ်သော အမေ့ရုပ်သွင်သာ ပေါ်လာ တတ်စမြဲဖြစ်ပြီး အဖေ့ကိုကား တရံတခါမှသာ သတိရတတ်ကာ လွမ်းရကောင်းမှန်းမသိခဲ့ချေ။ အကြောင်းနှစ်ချက်ရှိ၏။ (၁)အချက်ကား ကျွန်တော်တို့ကို အရိုက်ကြမ်းလွန်း၍တည်း။ (၂)အချက်ကား အမြဲတမ်း မျက်နှာခပ်တင်းတင်း ဖြစ်နေသောကြောင့် ဖြစ်၏။
သို့ဖြင့်အဖေ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ရာ လွန်ခဲ့သော တလခန့်က ရန်ကုန်မြို့မှ ဂျာနယ်အယ်ဒီတာ၊ မော်ဒန်ကဗျာဆရာဆိုသော လူငယ်တဦးသည် ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် ကျွန်တော့်နာမည်ကိုတပ်လျက် မဟုတ် တမ်းတရားစွပ်စွဲရေးသား စော်ကားခဲ့လေသည်။
( ၂ )
သူ့ရေးသားချက်ကို ဖတ်ပြီးသည့်တခဏမှာပင် အတန်ကြာတိမ်ငုပ်နေခဲ့သော ကျွန်တော့်ဒေါသအိုးသည် ၀ုန်းခနဲ ပေါက်ကွဲသွား၏။“”ခွေးမသား ငါ့ကိုဘာကောင်ထင်နေသလဲ”ဟူသောအတွေးဖြင့် တနည်းနည်း လက်တုံ့ပြန်ရန်အထိ စိတ်ထွက်မိသည်။ ကျွန်တော်သည် လူရမ်းကားမဟုတ်၊ ဟော့ဟော့ရမ်းရမ်း ပရမ်းပတာနေသည့်လူစားမဟုတ်။ လူမျိုးဘာသာအဆင့်အတန်း၊ အသက်အရွယ် ဆူကြုံနိမ့်မြင့်မရွေး မည်သူ့ကိုမဆိုတန်းတူထား၍ အလေးတယူပေါင်းသင်းဆက်ဆံသည်။
ယုတ်စွအဆုံး ယခင်ကြံတောသချိုင်းကုန်းထဲတွင် ခွက်ကုန်း၊ ကယ်ပါကုန်း၊ သူတောင်းစားကုန်းဟူ၍ အုပ်စုသုံးစုရှိရာ ကယ်ပါကုန်းထဲက ကလေးမလေးတယောက်နှင့် ကျွန်တော့် သူယ်ချင်းတယောက်၏ညီတို့ ချစ်သူရည်းစားဖြစ်သည့်ကိစ္စကိုပင် လိုက်လံအကျိုးဆောင်ပေးခဲ့ဖူးသည်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နေထိုင်ဆက်ဆံတတ်သည်။ ထိုကြောင့် ကျွန်တော်သည် လူဆိုးလူမိုက်တို့နှင့် အလွမ်းသင့်သည်။ သို့သော် ကျွန်တော့်ကို မတော်မတရားစော် ကားလာပြီဆိုလျှင်မူ တောကြီးမြွေဟောက်လို လူစားဖြစ်သည်။ အိပ်ရာထဲ အထိ ပေါက်သတ်တတ်သော ဥာဉ်ရှိ၏။
ရပ်ကျယ်၊ ရွာကျယ်၊ အိမ်ကျယ်၊ ပုဆိုးခြုံထဲကနေ လက်သီးဆုပ်ပြနေသူမျိုးမဟုတ်။ နယ်မရွေး လူမရွေးရင်ဆိုင်ရဲသည်။ ရင်ဆိုင်ခဲ့ဖူးသည်။ ကုန်ကုန်ပြောရလျှင် ယခုကျွန်တော်နေထိုင်သည့် ယိုးဒယားမြေ ဖူးခက်မှာပင် မာဖီးယားတွေနှင့် ကျွန်တော်မကင်း။ ကျွန်တော့်ကို သေနတ်နှင့်ထောက်၍ ဘတ်ခြောက်သောင်း ဓားပြတိုက်သွားသောအဖွဲ့၏ တရပ်ကွက်လုံးကို မြေလှန်ပစ်ဖူးသည်။ မကောင်းမှန်းသိ၏။ သို့သော် ငယ်ကျင့်ကား ဖျောက်ရခက်လှသည်။
( ၃ )
ကျွန်တော်နေထိုင်ခဲ့ရာအရပ်ကား ဆိုးပေ့မိုက်ပေ့ဆိုသည့် နိုင်ငံကျော် လူမိုက်များပေါ်ထွန်းရာနယ်မြေဖြစ်လေရာ မက္ခရာနယ်မြေအဖြစ် ကျော်ကြားခဲ့ဖူးလေသည်။ ကျွန်တော်တို့ရပ်ကွက်ကား လူ့အသက်တချောင်းကို ဖက်ရွက်မျှပင် တန်ဖိုးမထားသော ပတ်ဝန်းကျင်ဖြစ်၏။ ရေထမ်းတံပိုး မငှားသဖြင့် အိမ်ပေါ်တက်၍ ဇက်ကို ဓားမတိုဖြင့် ဖြတ်သည်။ အစ်မကို ရည်းစားစာပေး၍ ဓားနှင့်ထိုးသည်။ ကမာရွတ်ဈေးကြီးထဲမှာ စက်ဘီးနှင့် ကားမလွတ်၍ အော်ဟစ်မိသည့်ကိစ္စမျှလောက်နှင့် ဇီဝိန်ခြွေသည်။ ဘာအကြောင်းမှမရှိဘဲ မင်းမိုက်သလား ငါမိုက်သလား စိန်ခေါ်ဖက်ပြိုင်ရုံ သက်သက်တဦးချင်း၊ အုပ်စုချင်းချိန်းဆိုကာ၊ ထိုးပွဲရိုက်ပွဲ ဓားခုတ်ပွဲများဖြင့် မြိုင်ဆိုင်နေလေ့ရှိသော ပစ္စန္တရစ်အရပ်ဖြစ်၏။ ထိုအရပ်မှ ရာဇ၀င်လူဆိုးများမှာ ကျွန်တော့်ငယ်သူငယ်ချင်း တွေချည်း ဖြစ်သည်။ ထို့ပြင် ကျွန်တော် ကိုယ်တိုင်ဝင်နွှဲခဲ့ရသည့် ချိန်းပွဲရိုက်ပွဲတွေလည်း မနည်းလှ။
ထို့ကြောင့် ယခုကဲ့သို့ မဟုတ်တမ်းတရား စော်ကားခံလာရသောအခါ ငယ်ငယ်ကဗီဇ၊ ရိုက်ဆိုးသည် ငုပ်လျှိုးပုန်းအောင်းနေရာမှ ရုတ်တရက်ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းပေတည်း။ သူ့စာကိုဖတ်ပြီး ချက်ချင်း ဆိုသလို စိတ်မြန်လက်မြန်ပင် ၎င်းအယ်ဒီတာ မည်သည့်နေ့ရက် မည်သည့်အချိန်တွင် အဆိုပါ မီဒီယာတိုက်၌ရှိနိုင်ကြောင်း အယ်ဒီတာချုပ်ထံ လှမ်းမေးမိ၏။
ကျွန်တော်သည် အဆိုပါငမိုက်သားအား လူလွှတ်၍ ဆုံးမရမည်လော၊ ကိုယ်တိုင်ရန်ကုန်သို့ပြန်ဝင်၍ နားရင်းပါးရင်းရိုက်ပစ်လျှင် ကောင်းမည်လောဟု တနည်းနည်းဖြင့် ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမ ပြလိုက်မှသာ၊ တော်ကာကျမည်ဟု စဉ်းစားမိသောကြောင့် ဖြစ်၏။ ထိုသို့ စိတ်ကူးနေစဉ်တွင် မှတ်ထင်မထားသော အကြောင်းအရာတခုသည် ကျွန်တော့်ခေါင်းထဲသို့ ဖျတ်ခနဲဝင်ရောက်လာခဲ့လေ၏။ ထိုအတွေးစကား လွန်ခဲ့သောအနှစ်လေးဆယ်ခန့်က ဖြစ်ရပ်တခုအပေါ် အခြေခံသည်။ ထိုဖြစ်ရပ်သည် ကျွန်တော်ကိုယ်တိုင်ပါဝင်နေသော အကြောင်းခြင်းရာ ဖြစ်၍ ယနေ့ထက်တိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေလေသည်။ ယင်းဖြစ်ရပ်တွင် ဇာတ်လိုက်မှာ ကျွန်တော့်အဖေဖြစ်၏။
( ၄ )
ကြာတော့လည်း ကြာခဲ့ပါလေပြီ။ လွန်ခဲ့သော အနှစ်လေးဆယ်ကျော် မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀တွင်ဖြစ်သည်။ ထိုခေတ်က အလွန်ကြီးကျယ်ခမ်းနားလှသည့် ပြည်ထောင်စုနေ့ လူထုအစည်းအဝေးပွဲကြီးများကို နိုင်ငံတ၀န်းလုံးမြို့တိုင်းနယ်တိုင်းမှာ ကျင်းပလေ့ရှိသည်။
ရန်ကုန်မြို့တွင်မူ တာမွေမြို့နယ် ကျိုက္ကဆံကွင်းကြီးထဲတွင် နှစ်စဉ် ကျင်းပလေ့ရှိ၏။ ထိုလူထုအစည်းအဝေးကြီးသို့ မြို့နယ်အသီးသီးရှိ လူတန်းစားအလွှာပေါင်းစုံမှ လုပ်သားပြည်သူများ တက်ရောက်ကြရသည်။ သိန်းနှင့်ချီသောလူအုပ်ကြီးဖြစ်၍ ကျိုက္ကဆံကွင်းသို့ချီတက်ကြရပုံမှာ အတန်ငယ် ထူးခြားသည်။ မိမိတို့မြို့နယ်ရပ်ကွက်၊ စက်ရုံအလုပ်ရုံ၊ ဌာနဆိုင်ရာတို့သည် မိမိတို့စုရပ်အသီးသီးမှ လိုက်ပါချီတက်မည့်လူအများကို ဒေါ့ဂျစ်၊ တီအီး၊ ဘတ်စ်ကား စသည့်ကားကြီးများဖြင့် ယခုမြရိပ်ညိုဟိုတယ်တည်ရှိရာ ဧရာမခြံဝင်းကြီးထဲတွင် လူစုကြရသည်။ ထိုခြံဝင်းကြီးထဲတွင် နံနက်စာစား ကြရင်း မွန်းလွဲ ၃နာရီခန့်ကျမှ လူထုအစည်းအဝေးပွဲကြီးကျင်းပရာ ကျိုက္ကဆံကွင်းကြီးအတွင်းသို့ စာတန်းများ၊ အလံငယ်များကိုင်ဆောင်လျက် တို့အရေး၊ အောင်ရမည်စသော ကြွေးကြော်သံများအော်ဟစ်ကာ စစ်ကြောင်း အလိုက် ခြေလျင်ချီတက်ဝင်ရောက်ကြရသည်။ ကျွန်တော်တို့ အဖွဲ့ဆိုင်းဘုတ်မှာ ကမာရွတ်ဈေးကြီး ဈေးသူ ဈေးသားများ ဖြစ်၏။
ကျွန်တော်မှတ်မိသမျှ ထိုခြံဝင်းကြီးသို့ရောက်ရှိချိန်သည် မွန်းတည့်ချိန်(၁၂)နာရီခန့်ဖြစ်သည်။ ထိုပြည်ထောင်စု နေ့လူထုအစည်းအဝေးကြီးသို့ ကျွန်တော်သည် အဖေနှင့် လိုက်ပါချီတက်လေ့ရှိသည်။ ပြည်ထောင်စုအရေးကား မဟုတ်။ ဒန်ပေါက်ထုပ်ဝေသောကြောင့် ဖြစ်သည်။
မှတ်မှတ်ရရ ထိုနှစ်က ကျွန်တော်တို့ညီအစ်ကိုများထဲမှ ကျွန်တော့်အစ်ကိုကြီး၊ ကျွန်တော့်အောက်က ညီလတ်နှင့် အဖေအပါအ၀င်လေးယောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ထူးထူးခြားခြားပါဝင် ချီတက်ခဲ့ကြသည်။
( ၅ )
ကားကြီးများပေါ်မှလူများအားလုံး ခြံဝင်းအတွင်းရောက်ရှိကြပြီး ထုံးစံအတိုင်း ဒန်ပေါက်ထုပ်ဝေနေချိန်တွင် ခြေသွက်လက်သွက် ကျွန်တော်တို့ညီအစ်ကိုသုံးယောက် ဒန်ပေါက်ထုပ်ကိုယ်စီဖြင့် ငတ်ကြီးကျနေချိန်တွင် ‘ဖြန်း’ ဟူသော အသံကို ကျွန်တော်ကြားလိုက်ရသည်။
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ကျွန်တော်အဖေ့ကို လှမ်းကြည့်လိုက်မိသည်။ အဖေသည် သူ့ဘယ်ဘက်ပါးကို ညာလက်ဖြင့် အသာပွတ်ရင်း သူ့ရှေ့က တစုံတဦးကို စူးရှသောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေသည်။ ဘာဖြစ်နေမှန်း ကျွန်တော်သေချာမသိလိုက်ချေ။ ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ လူတချို့၏ တအံ့တသြရေရွတ်သံများကို ကျွန်တော်ကြားလိုက်ရသည့်အခါတွင်မှ အဖြစ်မှန်ကို သိလိုက်ရသည်။
”အောင်မြတ်ပါးကို ဒေါ်ပြုံးရိုက်လိုက်တာ”
”အောင်မြတ်ကို ထိရဲသတဲ့လား”
”ဒီမိန်းမတော့ သေတော့မှာပဲ”
”ဒီရန်က မအေးတော့ဘူး”
ကျွန်တော်ပုဆိုးကို တိုတိုပြင်ဝတ်လိုက်သည်။ ကျွန်တော်တဦးတည်းမဟုတ်။ အတူပါလာကြသော ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လည်း ကျွန်တော့်နည်းတူ ပုဆိုးကို တိုတိုပြင်ဝတ်လိုက်ကြသည်ကို ကျွန်တော်မြင်လိုက်ရသည်။ ပြဿနာ၏ဇာစ်မြစ်ကိုမူ ကျွန်တော်ကိုယ်တိုင် ဂဃနဏ သေချာစွာ ယနေ့တိုင်မသိချေ။
ထိုစဉ်က ကျွန်တော်က ဆယ့်ခြောက်နှစ်သားအရွယ်။ အစ်ကိုက ဆယ့်ရှစ်နှစ် ညီတော်မောင်က ဆယ့်လေးနှစ်ဖြစ်၏။ လူအများရှေ့တွင် ကျွန်တော့်အဖေကို ပါးရိုက်ခဲ့သည့် ဒေါ်ပြုံးအမည်ရှိ အမျိုးသမီးကြီးအား အမှုန့်ချေရန် ကျွန်တော်တို့ညီအစ်ကိုသုံးဦးသား အသင့်ပြင်လိုက်ရင်း အဖေ့မျက်နှာရိပ်မျက်နှာကဲ ကြိုလှမ်း၍အကဲခတ်လိုက်မိသည်။
( ၆ )
အဖေသည် အံကိုတင်းနေအောင်ကြိတ်ထားရင်း အသားတဆတ် ဆတ်တုန်လျက် ဒေါ်ပြုံးကို အတန်ကြာစိုက်ကြည့်နေ၏။ ထိုစဉ်တခဏအတွင်းမှာပင် အဖေ့မျက်လုံးအစုံသည် ဒေါ်ပြုံး၏မျက်နှာမှသည် ကျွန်တော်တို့ ညီအစ်ကိုသုံးဦးထံသို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်ကို လူကင်းပါးသော ကျွန်တော် ကောင်းကောင်းကြီး အကဲခတ်လိုက်မိသည်။ အဖေ၏ ခက်ထန်နေသောမျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွား၏။ အဖေ့ကို ကြည့်ရသည်မှာ ဘာမှမထူးခြားသည့် ဟန်ဖြစ်နေ၏။ ထိုမျက်နှာထား ကြောင့်ပင် ကျွန်တော်တို့ညီအစ်ကိုသုံးဦးသား ဘာလုပ်ရမှန်းမသိအောင် ငေးငိုင်နေခဲ့မိကြသည်။
လူလားမြောက်ခါစ ကျွန်တော်သည် အဖေ့၏ မတုန်မလှုပ်မျက်နှာထားကြောင့် အားမလိုအားမရဖြစ်မိလေသည်။ ကျွန်တော်သိထားသည်ကား အဖေသည်အလွန်လက်ယဉ်သော လူမိုက်ဖြစ်၏။ မိုက်ပေ့ဆိုသည့် လူမိုက်၊ လည်ပေ့ဆိုသည့် ဂျင်ပေါ်ကထုံးလိုလူပင် အဖေ့မျက်နှာကို စေ့စေ့ မကြည့်ရဲလောက်အောင် မျက်နှာထားတည်ကြည်သူ ဖြစ်၏။ အနေ အထိုင်ကျစ်လျစ်သိပ်သည်းသူ ဖြစ်၏။ အဖေသည် စကားနည်းသူဖြစ်၍ သူမှန်သည်ထင်လျှင် မည်သူ့ကိုမျှထီထင်သူ မဟုတ်ချေ။ သို့သော် ယခုသော် ကျွန်တော့်အထင်နှင့် အမြင်တက်တက်စင်အောင်လွဲလေပြီတကား။
အမေ့ထံမှ ကျွန်တော်သိထားသော အဖေ့စိတ်ဓာတ် အဖေ့စရိုက်ကား ယခုဖြစ်ပျက်နေသည့်ပုံစံနှင့် မိုးနှင့်မြေလိုကွာဟလျက်ရှိ၏။ အမေပြောသော အဖေသည် နှယ်နှယ်ရရမဟုတ်။
( ၇ )
အဖေ့ အမေ၊ ကျွန်တော့်အဘွားကား သူကြီးညီမဖြစ်၏။ ဆွေမျိုးတောင့်၍ သြဇာအာဏာရော ပစ္စည်းဥစ္စာပါ ကြွယ်ပိုးကြွယ်ဝစာရင်းဝင်သည်။ ထိုကြောင့်ပေလောမသိ၊ သူကြီးတူ ကျွန်တော့်အဖေသည် ငယ်စဉ်က ကမ်းကုန်အောင်မိုက်ခဲ့လေသည်။ ဖဲရိုက်၊ ကြက်တိုက်၊ နွားတိုက်၊ အရက်သောက်၊ ဘိန်းရှူ၊ မဟုတ်တာမှန်သမျှ အကုန်လုပ်ခဲ့သူဖြစ်၏။
နမူနာအားဖြင့် ရွာချင်းကပ်လျက် ဘေးရွာမှာ ဖဲသွားရိုက်ရာ၊ ဖဲရှုံးသဖြင့် အလာခရီးတုန်းက လှည်းရုန်းလာသည့် နွားနှစ်ကောင်ကိုပါ ချထိုးပစ်သည်အထိ။ လွတ်လပ် ရေးရခါစ တပြည်လုံးအနှံ့သောင်းကျန်းဆူပူနေချိန် ၌ ကျွန်တော့်တို့နယ်တွင် မထူးတပ်တွေ (သေမထူး နေမထူး၍ မထူးတပ်ဟု ခေါ်ခြင်းဖြစ်သည်။) ထကြွသောင်းကျန်းခဲ့စဉ်ကာလမှာလည်း အဖေမကင်း၊ နွားကောင်ရေ တရာကျော်ရှိသော နွားအုပ်ကြီးကို သူသဘောနှင့်သူဝေခြမ်းရေးလုပ်ပစ်သဖြင့် လည်ပင်း ကြိုးကွင်းစွပ်ပြီးကာမှ သီသီလေးလွတ်လာခဲ့သူဖြစ် သည်။ မြင်းစီး၊ သေနတ်ပစ်ကောင်းစွာ ကျွမ်းကျင်သည်။
ဖြူကာပြာကာကျသည်တွင် မန္တလေးတက်ကာ သောင်းကျန်းပြန်သည်။ ရေနီမြောင်းဘေးမှာ အရက် သောက်ရင်းစကားများသဖြင့် ရန်ဘက်အား အရက်ပုလင်းလေးငါးလုံးဖြင့် တခေါင်းလုံးမွကြေနေအောင် ရိုက်ခွဲပြီး ရေနီမြောင်းထဲသို့ကန်ချကာ ကြက်စိန်ဘဲဥတိုက်မှ ကုန်တင်ကားကြီးဖြင့် ရန်ကုန်သို့တိမ်းရှောင် လာခဲ့သူဖြစ်၏။ ရန်ကုန်ရောက်တော့ သုံးဘီးကား မောင်းသည်။ ပဲခူးကလပ်အနီးတွင် ယာဉ်ထိန်းရဲကို ထိုးကြိတ်ကန်ကျောက်ပစ်ခဲ့သဖြင့် ကားသမားလောကကို ကျောခိုင်းရပြန်သည်။
( ၈ )
သို့သော် ကျွန်တော်တို့မိသားစုကို ရန်ကုန်သို့ခေါ်လာပြီးချိန်တွင်မူ အဖေသည် လူမိုက်ဆိုတာဟုတ်မှ ဟုတ်ပါလေစဟု အတွေးပွားစေလောက်သည်အထိ သူ့ဘ၀ကို ပြောင်းလဲပစ်ခဲ့သည်။ အရက်ကို တော်ရုံ သောက်သည်မှလွဲ၍ ကျန်ကိစ္စအားလုံးကို ခ၀ါချခဲ့သည်။ သို့သော် ယခုကဲ့သို့ လူပုံအလယ်တွင် ပါးရိုက် ခံသည်အထိ ခ၀ါချမည်ဟုတော့ ကျွန်တော် လုံးဝ မျှော်လင့်မထားမိချေ။
အဖေကသာစလိုက်လျှင် ဒေါ်ပြုံးသည် ကျွန်တော်တို့သားအဖလေးယောက်၏လက်ချက်ဖြင့် ထိုနေရာတွင် ပွဲချင်းပြီးလောက်၏။ ကျွန်တော့်အစ်ကိုက လက်ဆပြင်းသည်။ ညီတော်မောင်က ပို၍ပြင်းသည်။ ထိုနေ့က အဖေသည် ဘာမှမဖြစ်သလိုပင် တည်ငြိမ်စွာ အိမ်ပြန်ခဲ့သည်။ နောက်နေ့ညနေတွင် ကျွန်တော်တို့ဆိုင်သို့ ဒေါ်ပြုံးရောက်လာပြီး ”အောင်မြတ်ရယ်၊ ငါမှားသွားပါတယ်။ နင့်ကိုငါ တောင်းပန်ပါတယ်”ဟု လာရောက်တောင်းပန်သည့် အခါတွင်လည်း အဖေသည် အေးဆေးတည်ငြိမ်စွာပင်“”ရပါတယ်ဗျာ။ ကျုပ်အစ်မက၊ သူ့မောင်ကို ဆုံးမတယ်လို့ပဲ ကျုပ်သဘောထားပါတယ်။ ခင်ဗျားစိတ်ထဲလည်း ဘာမှမထားပါနဲ့”ဟု ပြန်လည်တုံ့ပြန်ခဲ့လေသည်။
နောက်လအနည်းငယ်အကြာတွင် ကားမတော်တဆမှုဖြင့် အဖေရုတ်တရက်ကွယ်လွန်သွားသောအခါ ကြံတောသုသာန်တွင်သဂြိင်္ုဟ်သည့်နေ့က အခြားသူများထက် ကြေကွဲဝမ်းနည်းနေသော ဒေါ်ပြုံးကိုမြင်ရသည်။
( ၉ )
အထက်ပါနောက်ကြောင်းဖြစ်ရပ်ကို ကျွန်တော် ပြန်လည်တွေးတောရင်း ကျွန်တော်အကြာကြီးငိုင်နေမိသည်။ ယခုမှ ကျွန်တော်ပြက်ပြက်ထင်ထင် စဉ်းစားမိတော့သည်။ စင်စစ်အဖေသည် ထိုနေ့ကကြောက်၍ သည်းခံခြင်း မဟုတ်၊ မလုပ်ရဲ၍မဟုတ်။ လူမသတ်ရဲ၍ မဟုတ်။ ”သြော်၊ ငါ့သားတွေပါ ပါလာတယ်။ ငါကစပြီး တခုခုလုပ်လိုက်လို့ ငါ့သားတွေပါ ၀င်ပါကုန်ကြရင် ငါ့သားသမီး၊ ငါ့အိမ်ထောက်စုဘ၀ ဆုံးရချည့်ရဲ့” ဟူသော ခံယူချက်စိတ်ဓာတ်ဖြင့် လူပုံအလယ်တွင် အရှက်ကွဲခံခဲ့ခြင်းပါတကား။ တွေးရင်း အဖေ့ကိုလွမ်းလာသည်။ သောက်လက်စ၀ိုင်ခွက်ကို ကျွန်တော်ဆက် မသောက်နိုင်တော့ချေ။
လက်ရှိအခြေအနေတွင် ကျွန်တော်တို့ညီအစ်ကို မောင်နှမခုနစ်ယောက်စလုံး တင့်တောင့်တင့်တယ်နေ ထိုင်နိုင်ကြလေပြီ။ ကျွန်တော်တို့ ယခုအခြေအနေ အထိရောက်လာအောင် အဖေသည် အတက်ကား နှင့်တူသည့် သူ့မိသားစု၊ သူ့မျိုးဆက်သစ်အတွက် ဘ၀ကိုစတေးကာ အတက်ကားကို ဦးစားပေးသူ ပါတကား။ ယခု ကျွန်တော့်အသက်အရွယ်သည် အတက်ကားကို ဦးစားပေးရမည့် အရွယ်သို့ရောက်နေချေပြီ။ အတက်ကားကို ဦးစားပေးခြင်းကား လူသားပီသသည့် မြင့်မြတ်သောဂုဏ်ဒြပ်ဖြစ်၏။ အတက်ကားကို ဦးစားပေးမှသာ တဆင့်မြင့်သော လူ့အသိုင်းအ၀ိုင်းကို ထူထောင်နိုင်မည်ဖြစ်၏။
ယခု ကျွန်တော်ကြုံတွေ့နေသောဖြစ်ရပ်သည် အဖေရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်လောကဓံနှင့် နှိုင်းယှဉ်လျှင် အသေးအမွှားကိစ္စသာတည်း။ ဘာမှမပြောပလောက်ချေ။
ကျွန်တော့်ရင်ထဲက ဒေါသမီးသည် တဖြည်းဖြည်းငြိမ်းစပြုလာ၏။ ဘူးသီးခြောက်ကိုရေနှစ်၍ ဘယ်တော့မှမနစ်။ အမှန်တရားသည် အချိန်ကြာကောင်း ကြာနိုင်သော်လည်း နောက်ဆုံးတွင် အောင်ပွဲခံစမြဲ မဟုတ်လေလော။ သည်ကိစ္စမျှလောက်ကို ကျွန်တော် အဘယ်ကြောင့် စိတ်နောက်ကိုယ်ပါ တုံ့ပြန်စရာလိုပါသနည်း။ ကျွန်တော်အဖေ့စိတ်ဓာတ် အဖေ့နည်းနာကို နမူနာယူရပေဦးမည်။
ထိုခဏမှာပင် ကျွန်တော့်အဖေသည် ကျွန်တော့် နံဘေးမှာလာရပ်ရင်း ကျွန်တော့်ကို ကြုံတောင့်ကြုံခဲ ခပ်ပြုံးပြုံးမျက်နှာပေးဖြင့်“”ဒါမှငါ့သား”ဟု ဂုဏ်ယူနေသယောင် ထင်မိလေ၏။
(ဤစာစုဖြင့် ကွယ်လွန်သူဖခင်ကြီးအား ကျွန်တော် ရှိခိုးဦးချကန်တော့အပ်ပါ၏)
မှတ်ချက်။ ကျွန်တော်အပေါ် စွပ်စွဲပြောဆိုခဲ့သည့် အဆိုပါအယ်ဒီတာအလုပ် လုပ်ကိုင်နေသည့် ဂျာနယ်တိုက် သည် ယခုအခါ အစိုးရနှင့်တရား တဘောင်ဖြစ်ကာ အချုပ်အနှောင်ခံရခြင်းအပြင် အခြားသော ၀မ်းနည်းဖွယ်ဖြစ်ရပ်များ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့အတွက် ကျွန်တော် များစွာစိတ်မကောင်း ဖြစ်ရကြောင်း စိတ်ရင်းအမှန်ဖြင့် ဖော်ပြလိုပါသည်။

News watch

No comments:

Post a Comment