Short Film/Video Work တစ်ခု ရိုက်ကူးမယ်ဆိုရင်

ဒီဆောင်းပါးကတော့ ကျွန်တော့်အရင် ဆောင်းပါးတွေလို Product အကြောင်းတွေ မဟုတ်ပဲ အရင် ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Project တွေ ကနေရလာတဲ့ အတွေ့အကြုံတွေကို Experience အနေနဲ့ရေးပေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ Film & Video လုပ်ငန်းတွေကို နောက်ပိုင်းမှာ လူငယ်တော်တော်များများ စိတ်ဝင်စားလာကြပါတယ်။ သင်တန်းတွေလဲ များလာသလို လေ့လာစရာ Source တွေဟာလဲ အများကြီးရှိလာပါတယ်။ ဒါပေမယ့် လေ့လာရခက်တဲ့ အရာတွေလဲတွေ့လာရပါတယ်။ အဲ့ဒါကတော့ လက်တွေ့ကနေရလာတဲ့ အတွေ့အကြုံတွေပါ။ ဒီအရာတွေက လုပ်နေရင်း သိလာရတဲ့အရာတွေဖြစ်ပေမယ့် တစ်ခါတစ်လေမှာ ရလာတဲ့ အတွေ့အကြုံနဲ့ မမျှအောင်ပေးဆပ်လိုက်ရတာတွေရှိပါတယ်။ ကျွန်တော်ဆို production စရိတ်တင် ၆သိန်း အထက်ရင်းထားတဲ့ Own Project တစ်ခု စီစဉ်မှုအားနည်းမှုကြောင့် ပျက်ခဲ့ဖူးပါတယ်။ ကိုယ်ပိုင်ပိုက်ဆံနဲ့ လုပ်ရတဲ့ အလုပ်တွေမှာ ဒီ Amount ဟာ သာမာန် မှန်ဘီလူးတစ်လုံးစာလောက်ရှိတဲ့အတွက် အင်မတန် နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ နည်းပညာတွေထက် Short Film တစ်ခု Video Artwork တစ်ခုကို ဘယ်လိုလုပ်ကြမလဲဆိုတာ သိထားသင့်တဲ့အကြောင်းတွေကို ရေးပေးလိုက်ရပါတယ်။
ကျွန်တော်တို့ အခုအချိန်မှာ ရုပ်ရှင်ပြိုင်ပွဲတွေလဲ အရင်ကထက်စာရင် ပိုများလာပါတယ်။ ဒါ့ကြောင့် ၀ါသနာပါသူတွေအတွက် လမ်းကြောင်းတော့အများကြီးရှိနေပါပြီ။ ပထမဆုံး ပြိုင်ပွဲဝင်ကြဖို့ Short Film တစ်ခုရိုက်ကြမယ်ပဲဆိုပါစို့။ ကျွန်တော်လုပ်ခဲ့တဲ့ အကြီးမားဆုံး အမှားကတော့ Camera နဲ့ ရုပ်ထွက်ကို အရင်တွေးတာပါ။ မတွေးရဘူးတော့ မဟုတ်ပေမယ့် Film ရဲ့ အဓိက ရည်ရွယ်ချက်က Story ဖြစ်ပါတယ်။
ဒါ့ကြောင့် ပထမဦးစားပေးရမှာက Story Developing ဖြစ်ပါတယ်။ ကိုယ့်မှာ ရိုက်ဖို့ Story ရှိနေပြီဆိုရင် စာရွက်ပေါ်ကို ရောက်ကိုရောက်သင့်ပါတယ်။ ကျွန်တော်အရင်က ဆို ခေါင်းထဲမှာပဲထားထားပြီး ကိုယ့်အပေါင်းအသင်းတွေကို ဒီအတိုင်း ပြောပြပြီး feedback ယူပါတယ်။ တကယ်ကတော့ စာရွက်ပေါ်ကို အရင်ရေးပြီး အခေါက်ခေါက်အခါခါ ဖတ်သင့်ပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းတည်ဆောက်ပုံအကြောင်းတွေ မရေးတော့ပေမယ့် ဒီအကြောင်းတွေက Internet မှာပဲဖြစ်ဖြစ် Youtube မှာပဲဖြစ်ဖြစ်လေ့လာလို့ရပါတယ်။ ဇာတ်လမ်းကို ဇာတ်လမ်းမှာပါသင့်တဲ့ Element တွေရယ် ထားသင့်တဲ့ Structure တွေနဲ့ပြည့်စုံဖို့ သေချာပြင်ဆင်ရပါမယ်။ အကြမ်းဖျဉ်းတော့ ဇာတ်လမ်းတစ်ခုမှာ Character တွေ ပါရပါတယ်။ အလွယ်ပြောရရင် မင်းသားမင်းသမီးတွေပါ။ ထို့နောက်မှာ အဲ့ဒီ Character - သူ သူမ ကြုံတွေရမယ့် အခက်အခဲ ဖြေရှင်းရမယ့် ပြသနာပါ။အဲ့ဒါကို Conflict လို့ခေါ်ပါတယ်။ ဒီ Conflict ကို ပိုအားကောင်းသထက်ကောင်းအောင် ဖြေရှင်းရခက်သည်ထက် ခက်အောင် ဖြစ်လာနေမယ့် အကြောင်းအရာတွေလဲပါသင့်ပါတယ်။ ဒီအရာတွေကို ကြည့်ရှုသူကို Attach ဖြစ်အောင်လုပ်နိုင်တဲ့နေရာတွေပါ။ ပြီးရင် အားလုံးကို အဆုံးသတ်ဖြေရှင်းလိုက်တဲ့ Resolution အပိုင်းလဲပါရပါတယ်။ ဒါတွေက Story တစ်ခုမှာ အခြေခံရှိသင့်တဲ့ Element တွေပါ။

နောက်တစ်ခုကတော့ Story Structure ပါ။ ဒီ Character တွေ Conflict တွေ Resolution တွေကို Beginning Middle End စီချပြီး ဇာတ်လမ်းအသွင် Arrange လုပ်တာကို Structure လို့ခေါ်ပါတယ်။ ဒါတွေကတော့ အခြေခံတွေပါ။ ဆိုတော့ ကျွန်တော်တို့ စာရွက်ပေါ်မှာ text အနေနဲ့ မတင်ထားရင် ဒီအချက်တွေကို စစ်ကြည့်ဖို့ မလွယ်ကူပါဘူး။ စာရွက်ပေါ်မှာရေးထားပြီး အခေါက်ခေါက်အခါခါဖတ်ပြီး အပိုင်းလိုက် ပြန်စစ်နေသင့်ပါတယ်။ ပြန်စစ်သင့်တဲ့ အချက်လေးတွေ အကြမ်းဖျဉ်းပြောပြရရင်
) မိမိ Character ဟာ စိတ်ဝင်စားစရာကောင်းရဲ့လား ခိုင်မာရဲ့လား
) သူကြုံတွေ့ရမယ့် ပြသနာ Conflict ဟာ ကြည့်ရှုမယ့်သူက စိတ်ဝင်တစားကြည့်စရာကောင်း မကောင်း
) တွေ့ကြုံလာတဲ့ Conflict က ဇာတ်သွားနေတဲ့ တောက်လျှောက်အားကောင်း လာမလာ
) နောက်ဆုံး အဆုံးသတ်မှာ Resolution ကို ဖန်တီးထားပုံဟာ Viewer ကို လှည့်စားနိုင်မလား စသဖြင့် ကြည့်ရပါမယ်။
ဒါတွေဟာ အခြေခံတွေပဲဖြစ်ပါတယ်။ Conflict မှာပဲ Conflict တည်ဆောက်ပုံနဲ့ Conflict အမျိုးအစားတွေရှိပါသေးတယ်။ ဒီဟာတွေကို Self Study လုပ်ပြီးလေ့လာနိုင်ပါတယ်။
ဒါက Story အပိုင်းပါ။ အတတ်နိုင်ဆုံး ကျွန်တော်တို့ Story ပိုင်းကို ခိုင်မာအောင်လုပ်ရပါမယ်။ ကျွန်တော့် ပထမဆုံး ရိုက်ဖူးတဲ့ Short Clip အဲ့ဒီအချိန်မှာ Story ကို အလေးမပေးပဲ စိတ်ထဲမှာပဲထည့်ပြီး Camera တွေနဲ့ Color Grading လုပ်ဖို့ပဲ လေးရှိပါတယ်။ အာရုံရခဲ့ပါတယ်။ တကယ်တန်းရိုက်ပြီး Edit လုပ် Color ချိန်ပြီး အခါမှာတော့ ကိုယ်လိုချင်တဲ့ ရုပ်ထွက်ရပေမယ့် ဇာတ်လမ်းဇာတ်ကြောင်းက ထင်သလောက်လဲ မကြွပဲ ဘာကြီးမှန်းမသိကို ဖြစ်သွားပါတယ်။ အဲ့ဒီက ရလာတဲ့ သင်ခန်းစာကတော့ Story First Visual Later ဆိုပြီး မှတ်သွားပါတယ်။ Result အနေနဲ့ကတော့ အပေါ်က ရေးခဲ့တဲ့ Storytelling အကြောင်းတွေကို လေ့လာဖြစ်သွားပါတယ်။
ဆိုတော့ ပထမဆုံးအချက်အနေနဲ့ ဇာတ်လမ်းကို အမြဲသတိထားသင့်ကြောင်းပါ။
နောက်တစ်ခုကတော့ ရိုက်ကွင်းပေါ်က Logistic ပါ။ ဒါတွေက Production အကြီးတွေမှာတော့ အကြောင်းမဟုတ်ပါဘူး။ Shooting Manager တွေ Line Producer တွေ ရှိလို့ပါ။
မိမိက Camera လဲ ပိုင်နိုင်ပြီးသား Lighting လဲ သိပြီးသား ဒါ့ကြောင့် ဘာမှမကြောက်ဘူးဆိုပေမယ့် ရိုက်ကွင်းပေါ်မှာ ဖြစ်လာတဲ့ တစ်ချို့အရာတွေက တကယ့်ကို Unexpected Things တွေပါ။ ဥပမာအနေနဲ့ ကိုယ့်ပေါင်ပဲကိုယ်လှန်ထောင်းပါမယ်။ ကျွန်တော့် Second Short Film ရိုက်တဲ့အချိန်မှာ Story ကို ဦးစားပေးစဉ်းစားခဲ့ပါတယ်။ သေချာလဲ လုပ်ထားပါတယ်။ ပြသနာက ရိုက်ကွင်းပေါ်မှာမှ ဖြစ်တာပါ။ ရိုက်ကွင်းတစ်ခုလုံးကို လူပေါင်း ၂၀ကျော်ပါတယ်။ ကိုယ့်အတွေးမှာ Create လုပ်ဖို့ပဲဖြစ်ပေမယ့် ကျန်တဲ့ Logostic Things တွေဖြစ်တဲ့ Breakfast , Lunch , Snacks & Water တွေကို လူသတ်သတ်မှတ်မှတ် တာဝန်မပေးထားတဲ့အတွက် ဒီအရာတွေကပါ ကိုယ့်ကိုလာလာမေးကြတဲ့အခါ တစ်ဖက်မှာ အာရုံစိုက်ရခက်ခဲလာပါတယ်။ အဲ့ဒီအချိန်က Location ပိုင်းကပါ Error တွေ ရှိလာတဲ့အခါ ရိုက်နေတဲ့ အပေါ် အာရုံမစိုက်နိုင်တော့ပါ။ ကိုယ်ကိုယ်တိုင်ရှေ့ကနေ လုပ်နေတာ စိတ်မပါလက်မပါဖြစ်လာရင် နောက်က Crew Cast တွေ အကုန် Motivation မရှိတော့ပါဘူး။ အဲ့ဒီအခါထားလိုက်ပါတော့ ရပါတယ်တွေများလာပါတယ်။ ဒါ့ကြောင့် ဒီလို Logistic တွေကို အလေးပေးစီစဉ်ထားရပါမယ်။ ဒါတွေက Pre Production ဘာသာရပ်တွေထဲမှာ ပါပါတယ်။
Story အပြင် ဒုတိယ အနေနဲ့ Logistic တွေကိုပါ ထည့်တွေးရပါမယ်။
Story ကိုလဲ သေချာ Develop လုပ်ပြီးပြီ။ Logistic တွေကိုလဲ ကောင်းကောင်းစီစဉ်ပြီးပြီဆိုပါစို့။ စရိုက်ပါတော့မယ်။ ပထမဆုံးဖြစ်လာနိုင်တဲ့ အရာက Communication ပါ။ Director တစ်ယောက်ရဲ့ အရေးကြီးဆုံးမှာ Communication လဲပါပါတယ်။
ကိုယ့်ဇာတ်လမ်းက ကိုယ့်အတွေးထဲမှာပဲ ပုံပေါ်နေတာဖြစ်ပါတယ်။ ကိုယ့် အတွေးထဲမှာ ရှိတဲ့ Acting , Camera Shot , Angle , Lighting တွေကို သက်ဆိုင်ရာသူတွေဆီကို ရှင်းရှင်းလင်းလင်းရောက်သွားဖို့လဲ အရေးကြီးပါတယ်။ ဥပမာ သရုပ်ဆောင်ပဲဆိုပါစို့။ ကျွန်တော်တို့ ကိုယ်တိုင် အတွေး စိတ်ကူးထဲမှာ ရှင်းလင်းနေတဲ့ Vision ရှိနေရပါမယ်။ ဒါမှပဲ သူတို့ကို ပြန်ပြီး Guide လုပ်နိုင်မှာပါ။ အဲ့ဒီလို မဟုတ်ပဲဟိုလိုလေ ဒီလိုလေပြောနေရင် Casting နဲ့ ကိုယ့် အကြား Communication အဆင်မပြေနိုင်တော့ပဲ ကိုယ်လိုချင်သလို ရနိုင်မှာလဲ မဟုတ်ပါ။ ဒါ့ကြောင့် ကိုယ့်မှာ Clear Vision ရှိရမယ့် အပြင် အဲ့ဒီ Vision ကို ရှင်းရှင်းလင်းလင်း Direct လုပ်တတ်ရပါမယ်။ Camera Lighting လဲ ဒီလိုပါပဲ။ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ့်ဘာသာ ရှင်းလင်းပြီး ပြန် Direct လုပ်တတ်ဖို့လိုပါတယ်။ ဒါတွေဟာလဲ ရိုက်ကွင်းပေါ်မရောက်ခင် မတွေးမိကြတာများပါတယ်။ တကယ်တန်း ရိုက်ကူးကြမှသာ တွေ့ကြုံကြတာများပါတယ်။ ဒါ့ကြောင့် ကြိုတင်ပြီး ပြင်ဆင်တွေးဆနိုင်အောင်ရေးပေးလိုက်ပါတယ်။
အခုထိ ချုပ်ပြောရသော် နံပါတ် ၁ က Story ကို သေချာ Develop လုပ်ရပါမယ်။ နံပါတ် ၂ က Logistic တွေကို ဂရုစိုက်ရပါမယ်။ နံပါတ် ၃ ကတောာ့ Communication နဲ့ Vision ကို ရှင်းလင်းအောင် Direct လုပ်နိုင်ဖို့ပါ။
နောက်တစ်ခုကတော့ ကိုယ်ကိုင်မယ့် Device တွေကို ပိုင်နိုင်ဖို့ပါ။ ဥပမာအားဖြင့် Camera ပဲဆိုပါစို့။ ကိုယ်အသုံးပြုမယ့် Camera အကြောင်း ကြိုပြီးလေ့ထားသင့်ပါတယ်။ ရိုက်ကွင်းပေါ်ရောက်မှ Menu ခလုတ်ရှာနေတာမျိုးဟာ အဆင်မပြေပါဘူး။
နောက်ပြီး အပို Accessories တွေ ပါလာရင် ကျွမ်းကျင်ပြီးသူတွေ ပါလာမှအဆင်ပြေပါတယ်။ ဥပမာ Stabilizer လိုမျိုး Drone တွေ ကို ပထမဆုံးကိုင်တွယ်တာမျိုး စတာတွေကို ပြောတာပါ။ ကျွန်တော့်တုန်းကဆို Video Tripod ကတောင် ပြသနာပေးပါတယ်။ ဒါကြောင့် ကိုယ်ကိုင်တွယ်မယ့် အသုံးပြုမယ့် အရာတွေ အကုန်လုံးကို ကြိုတင်လေ့လာထားရပါမယ်။
နောက်တစ်ခုကတော့ Lighting ပါ။ Lighting ဟာ ရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာ မျှော်လင့်ထားသလို မဖြစ်လာတာအများဆုံးပါ။ Location အနေအထားတွေ ရာသီဥတုအနေအထားတွေ အပေါ်လိုက်ပြီး Lighting ဟာ ပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် Lighting ကို ကိုင်တွယ်ကြမယ်ဆိုရင် အရင်ဆုံး Theroy အရင်သိထားရပါမယ်။ Hard Light, Soft Light, Flagging, Shaping, Diffusing စတဲ့ အခြေခံတွေကို သိထားရပါမယ်။ ပြီးတဲ့အခါ အပေါ်ကရေးထားတဲ့ အတိုင်းပါပဲ။ ကိုယ် သုံးမယ့် Lighting တွေရဲ့ အကြောင်းသေချာလေးသိဖို့လိုပါတယ်။ ပြင်းအား Hard Light or Soft Light စတာတွေကို သိမှပဲ ကိုယ်လိုချင်တဲပုံစံကို ကိုယ့်မှာပါလာတဲ့ Lighting က လုပ်ပေးနိုင် မပေးနိုင်သိရမှာပါ။ ကျွန်တော့်အတွေ့အကြုံပဲထက်ပြောရရင် စစချင်းက Lighting Qualities တွေ မသိတဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံက Hard Light ထုတ်တဲ့ Lighting နဲ့မှ ရမှာ။ ကိုယ်က ပါသွားတာက LED Light တွေ စသဖြင့် ကြုံရတတ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ရိုက်ကွင်းပေါ်မှာ ကိုယ့် ပစ္စည်းတွေကို သေချာထိန်းသိမ်းဖို့ပါ။ Lens Cap တွေ Reflector တွေ Lens တွေ သေချာသတိထားထားရပါမယ်။ တစ်ခါတစ်လေ Lens လဲပြီး လဲလိုက်တဲ့ Lens ကို ကြမ်းပြင်မှာ ချထားတာတွေ လုပ်မိတတ်ပါတယ်။ ဒီတိုင်းဖတ်လိုက်ရင်သာဟာ Lens တစ်လုံး လုံးကို မချပါဘူး ’’ လို့ပြောမှာပါ။ တကယ်တန်း ရှုပ်ရှက်ခတ်နေတဲ့ ရိုက်ကွင်းမှာ အမှတ်မထင်လုပ်မိတတ်ပါတယ်။ Lens Cap တွေလဲ အတတ်နိုင်ဆုံး ပါတဲ့ အိတ်တွေထဲ ထည့် တာ အကောင်းဆုံးပါ။ ဒါတွေက Crew တွေ အများကြီးပါရင်တော့ ပြသနာမဟုတ်ပါ။
ဒီဆောင်းပါးမှတော့ ဒီလောက်ပါပဲ။ ဒီအကြောင်းအရာတွေဟာ လုပ်ရင်းလုပ်ရင်းနဲ့မှ တွေ့ကြုံလာရတဲ့ အရာတွေပါ။ အခုလို ရေးထားတာကို ကြည့်ပြီး ကြိုတင် ပြင်ဆင်နိုင်အောင် ရေးပေးလိုက်ပါတယ်။
မေ့တော့မလို့။ နောက်ဆုံးတစ်ချက်ရှိပါသေးတယ်။ Record နှိပ်ဖို့ မမေ့ပါနဲ့။

Phyo Zan
(Netguide Journal Issue 73)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)