Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 10, 2017

ဒိုင်ပီသစွာ မှန်မှန်ကန်ကန်၊ မျှမျှတတ ရှုမြင်သုံးသပ်ဆုံးဖြတ်ရန်လို


" ဒိုင် " နေရာတွင်ရှိသောသူများသည် " ဒိုင်ပီသရန်လို "

အားကစားပွဲများတွင် "ဒိုင် " သည် လွန်စွာအရေးပါသော နေရာ၌ရှိသည်။ ၎င်းတို့၏ အဆုံးအဖြတ်သည် ပြိုင်ပွဲဝင်အသင်းများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှု ရှိရုံသာမက ပွဲကြည့်ပရိသတ်များအပေါ် ၌လည်း အကျိုးသက်ရောက်မှုများစွာဖြစ်စေသည်။ ထို့ကြောင့် "ဒိုင် " များ၏ အဆုံးအဖြတ်သည် မှန်မှန်ကန်ကန်ဖြင့် မျှတမှုရှိရန်လိုသည်။ "ဒိုင် " သည် နှစ်ဖက်အသင်း၏ မျက်နှာကိုမကြည့်ဘဲ ပြိုင်ပွဲ၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုသာကြည့်ပြီး ယင်းစည်းမျဉ်းစည်းကမ်းများနှင့် အညီသာ ဆုံးဖြတ်ကြရသည်။ သို့မှသာ " ဒိုင်ပီသသောသူများ " ဖြစ်ကြပေမည်။

ကမ္ဘာ့ဒိုင်ဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅ ခုနှစ်တွင် စစ်၏ဘေးအန္တရာယ် အသွယ်သွယ်မှ နောင်လာနောက်သားများကိုကယ်တင်ရန်၊ နိုင်ငံကြီးငယ်မဟူ အခွင့်အရေး တန်းတူရည်တူရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ ယနေ့တိုင်ကုလသမဂ္ဂအဖွဲ့ကြီး၏ လုပ်ဆောင်ချက် များစွာရှိခဲ့ရာ ကမ္ဘာ့နိုင်ငံအများစု၏ သုံးသပ်ချက်တစ်ခုမှာ အင်အားကြီးနိုင်ငံအချင်းချင်း အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက ကုလသမဂ္ဂ၏ အခန်းကဏ္ဍမှေးမှိန်သွားပြီး အင်အားကြီးနိုင်ငံနှင့် အင်အားငယ်နိုင်ငံတို့ ပဋိပက္ခဖြစ်ပွားပါက အင်အားငယ်သည့်နိုင်ငံ၏ အခန်းကဏ္ဍကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်ဟု ဆိုကြသည်။ ဆိုလိုသည်မှာ ကမ္ဘာ့အရေးကိစ္စများတွင် ကုလသမဂ္ဂ၏အသံသြဇာသည် နိုင်ငံကြီးများအတွက် တိုးတိတ်လှပြီး နိုင်ငံငယ်များအတွက် " ရေနစ်ရာဝါးကူထိုး " ဆိုသကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာတတ်ခြင်းပင်ဖြစ်သည်။

လူ့အခွင့်အရေးလား ဘင်္ဂါလီအခွင့်အရေးလား

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) က ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် Interview with Rohingyas Fleeing from Myanmar Since 9 October 2016 ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၏ခေါင်းစဉ်မှာပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အစဉ်တစ်စိုက် တရားဝင်ကန့်ကွက်ခြင်း၊ သုံးစွဲမှုမပြုရန်မေတ္တာရပ်ခံခြင်းများ ပြုလုပ်နေသည့် ‘ ရိုဟင်ဂျာ ’ ဆိုသော အသုံးအနှုန်းကို သုံးနှုန်းထားသည်ကို ဦးစွာသတိပြုမိသည်။ အမှန်စင်စစ် “ ဘင်္ဂါလီ ” အဖြစ် သမိုင်းအထောက်အထားများ အထင်အရှားရှိသူတို့၏ မြန်မာနိုင်ငံ၏ မူလဇစ်မြစ်တိုင်းရင်းသားအဖြစ် နိုင်ငံတကာမှ ထင်ယောင်ထင်မှားဖြစ်စေရန် အတုအယောင် လိမ်ညာဖန်တီးမှုများကိုလည်း နိုင်ငံတော်မှ တာဝန်ရှိသူများက အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ တရားဝင်ကန့်ကွက်ချက်၊ မေတ္တာရပ်ခံချက်များကို မျက်ကွယ်ပြုကာ အစီရင်ခံစာတွင် ရိုဟင်ဂျာဟု ခေါင်းစဉ်တပ်သုံးစွဲခြင်းသည်ပင် မှန်ကန်မျှတမှုရှိပါရဲ့လား၊ လူ့အခွင့်အရေးကို ဗန်းပြပြီး ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ခြင်းလားဟု မေးခွန်းထုတ်လိုပါသည်။

“သမိုင်း”ဟူသည် လိမ်ညာ၍မရပါ။ ပြောင်းပြန်လှန်၍ မရပါ။ “ ရိုဟင်ဂျာ ” ဆိုသည့် အသုံးအနှုန်းကို အသက်သွင်းရန် ဖဆပလခေတ် ဘူးသီးတောင်အမတ် အဗ္ဗဒူဂါဖားဆိုသူက တွင်တွင်ကျယ်ကျယ်ပြောဆိုခဲ့ပြီး ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၀ ရက် Guardian နေ့စဉ်သတင်းစာတွင် စတင်အသုံးပြုခဲ့သည်။ အဗ္ဗဒူဂါဖားကဲ့သို့သော နိုင်ငံရေးအမြတ်ထုတ်လိုသူ မသမာသူအကြံသမားများက ဘင်္ဂါလီများကို ရခိုင်ဒေသ၌ မြန်မာတိုင်းရင်းသား လူမျိုးတစ်ခုအသွင်ဖြင့် ရိုဟင်ဂျာကို မုသာဝါဒများစွာအသုံးပြု၍ ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ခိုင်လုံသည့် သမိုင်းအထောက်အထား တစ်ခုမှာ ခေတ်အဆက်ဆက် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း ပင်ဖြစ်သည်။ ကိုလိုနီခေတ် ဗြိတိသျှအစိုးရလက်ထက် ကောက်ယူခဲ့သည့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းများတွင် နိုင်ငံခြားလူမျိုးများ၌ အိန္ဒိယအစုတွင် ဘင်္ဂါလီလူမျိုးဟုသာ ဖော်ပြပါရှိသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများတွင်လည်း ရိုဟင်ဂျာလူမျိုး မပါရှိခြင်းက ထင်ရှားသည့် သမိုင်းသက်သေ တစ်ခုပင်ဖြစ်သည်။

မျှတမှုမရှိသည့် အစီရင်ခံစာ၏အစပျိုးမှု

OHCHR ၏ အစီရင်ခံစာအား ရေးသားပြုစုရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း ၂ ခု၊ ယာယီနေရာတစ်ခုနှင့် ရွာ ၅ ရွာရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူအမည်ခံ ဘင်္ဂါလီများအား မေးမြန်း၍ ပြုစုထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြေပြင်တွင် အမှန်တကယ်ရှိသည့် ကိန်းဂဏန်းအရေအတွက်များနှင့် ကွဲလွဲနိုင်သော်လည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည့် အရေအတွက်အရ ရခိုင်ပြည်နယ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာမူဆလင်စုစုပေါင်း တစ်သန်းကျော်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၈ သိန်းကျော်ရှိသည်ဟု ဆိုထားပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ ကျီးကန်းပြင်အခြေစိုက် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်အပါအ၀င် ငါးခူရနှင့် ကိုးတန်ကောက် ရဲကင်းစခန်းများအား ဘင်္ဂါလီအကြမ်းဖက်အုပ်စု ၂၀၀ ဦးခန့်က ၀င်ရောက်တိုက်ခိုက်၍ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက် ၆၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းယူသွားခဲ့ပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၆၆၀၀၀ ခန့် ရှိကြောင်း ဖော်ပြထား၍ ယင်းပမာဏမှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းမျှသာ ရှိပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းကျန်ရှိသော အကြမ်းဖက်မှုကို မလိုလားဘဲ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ဘင်္ဂါလီ ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ ထို့အပြင် အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ဘင်္ဂါလီများသာ နေထိုင်ခြင်းမဟုတ်ဘဲ ရခိုင်၊ ဗမာ၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက် အစရှိသည့် ဒေသခံတိုင်းရင်းသားများလည်း နေထိုင်ကြပါသည်။ သို့ဖြစ်၍ ယင်းဒေသတွင်နေထိုင်သော ဒေသခံတိုင်းရင်းသားများ၊ ရခိုင်ပြည်နယ်အတွင်း တွင် ကျန်ရှိနေသော ၈၅ ရာခိုင်နှုန်းရှိသည့် ဘင်္ဂါလီများအား လျစ်လျူရှု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီခြောက်သောင်းကျော်ထဲမှ အင်အား ၂၀၀ ကျော်အပေါ်မေးမြန်း၍ အစီရင်ခံစာရေးသားသူသည် တရားမျှတမှုရှိပါ၏လော၊ သမာသမတ်ကျမှုရှိပါရဲ့လားဟု ဦးစွာ စဉ်းစားသုံးသပ်မိပါသည်။ အစီရင်ခံစာတွင် ဖော်ပြထားသည့် မေးမြန်းခံရသူများ၏ နေရပ်များမှာလည်း ကြက်ရိုးပြင်၊ ၀ါးပိတ်၊ ငါးစားကြူး၊ ပွင့်ဖြူချောင်း၊ ရေခတ်ချောင်းခွဆုံနှင့် ဓါကြီးဇားစသည့် ရွာများမှာ လက်နက်ကိုင် အကြမ်းဖက်မှုကို အစက ကျူးလွန်ခဲ့ကြသည့် ကျေးရွာများမှ ဘင်္ဂါလီများသာဖြစ်နေသည်ကလည်း စဉ်းစားသင့်သည့် အချက်တစ်ချက်ပင် ဖြစ်ပါသည်။

ကုလသမဂ္ဂ၀န်ထမ်းများ တန်ဘိုးထားလိုက်နာရမည့်ကျင့်ဝတ်

OHCHR အစီရင်ခံစာကို ရေးသားသူများသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ၀န်ထမ်းများ ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအတွက် တန်ဖိုးထားပြီး လေးစားလိုက်နာလုပ်ဆောင်ရမည့် ကျင့်ဝတ်စည်းကမ်းများကိုလည်း ပြဋ္ဌာန်းထားရှိပါသည်။ လေ့လာမှုများအရ Code of Ethics for United Nations Personnel တွင် သစ္စာရှိမှု(Loyalty)၊ သမာသမတ်ကျမှု (Inpartiality)၊ ရိုးသားဖြောင့်မတ်မှု(Integrity)၊ တာဝန်ယူတာဝန်ခံမှု(Accountability)နှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု(Respect for Human Rights) စသည်တို့ ပါဝင်ကြောင်း တွေ့ရပါသည်။ ထို့အပြင် ကိုယ်ကျိုးစီးပွားကင်းခြင်း၊ ဘက်လိုက်မှုကင်းခြင်းတို့လည်းရှိရန် သတ်မှတ်ထား ပါသည်။ သမာသမတ်ကျမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်-

Impartiality - United Nations personnel, in the performance of their official duties, shall alwalys act with impartiality, objectivity and professionalism. They shall ensure that expression of personal views and convictions does not compromise or appear to compromise the performance of their official duties or the interests of the United Nations. They shall not act in a way that unjustifiably could lead to actual or perceived preferential treatment for, or against particular individuals, groups or interests.

OHCHR ၏ အစီရင်ခံစာနှင့် အစီရင်ခံစာရေးသားသူတို့မှာ ၎င်းတို့လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်၍ အမုန်းတရားများရှိနေဆဲဖြစ်သည့် လူ့အဖွဲ့အစည်းနှစ်ရပ်အနက်မှ တစ်ဖက် အဖွဲ့အစည်းတစ်ခု တည်း၏ ပြောဆိုချက်များ၊ ၎င်းအထဲမှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပတ်သက်နေနိုင်သော လူနည်းစုများ၏ ပြောဆိုချက်များကိုသာ အစီရင်ခံစာအဖြစ် ရေးသားဖော်ပြခြင်းသည် သမာသမတ်ကျမှုမရှိဘဲ ဘက်လိုက်သည့် တစ်ဖက်စောင်းနင်းမျှသာဖြစ်ကြောင်း တွေ့ရှိရပါသည်။ တကယ်ဆိုလျှင် တစ်ဖက်မှရရှိသည့် သတင်းအချက်အလက်၊ ဒေသခံတိုင်းရင်းသားတို့ထံမှ ရရှိနိုင်သည့် သတင်းအချက်အလက်နှင့် အစိုးရဘက်မှ ရရှိသော သတင်းအချက်အလက်တို့ကို နှိုင်းယှဉ်ချိန်ထိုး စဉ်းစားသုံးသပ်၍ ရေးသားသင့်ပြီး သတင်းအမှားများ ထွက်ပေါ်ခဲ့သည့် အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ အဖွဲ့အစည်း တစ်ခုတည်းမှ လူနည်းစုတစ်စု၏ ပြောဆိုချက်များကို အခြေခံ၍ အစီရင်ခံစာရေးသားခြင်းသည် ကုလသမဂ္ဂ၏ ပဋိညာဉ်နှင့် ကုလသမဂ္ဂ၀န်ထမ်းများ၏ ကျင့်ဝတ်သိက္ခာကို အကြီးအကျယ်ချိုးဖောက်ခြင်းပင်ဖြစ်သည်။ မြန်မာတို့၏စိတ်ရင်းဖြစ်သည့် အပြန်အလှန် ရိုသေလေးစားခြင်းကို ဖော်ဆောင်သော စကားပုံရှိသည်။ ၎င်းမှာ “ ဘုတ်ကိုကျီးရိုသေ၊ ကျီးကိုဘုတ်ရိုသေ ”ဟူ၍ ဖြစ်သည်။ အပြန်အလှန်လေးစားမှုကင်းသော OHCHR ၏ အစီရင်ခံစာအတွက် စာရေးသူ၏အမြင်မှာ (မြန်မာပြည်သူတစ်ရပ်လုံး၏ အမြင်နှင့်လည်း ကိုက်ညီနိုင်ပါသည်) လေးစားဖွယ်ရာမရှိဟူ၍သာဖြစ်ပါသည်။

OHCHR ၏ အစီရင်ခံစာပါအကြောင်းအရာများ

OHCHR ၏ အစီရင်ခံစာအား လေ့လာကြည့်သောအခါ အစီရင်ခံစာအား အကြောင်းအရာ ၉ ချက်အပေါ် မူတည်၍ ဖော်ပြထားသည်ကို တွေ့ရသည်။ အကြောင်းအရာဆိုသော်လည်း ပြင်းထန်ကောက်ကျစ်သော စွပ်စွဲချက်များသာဖြစ်ပါသည်။ ကွပ်မျက်ခြင်း(Executions) ၊ လက်စဖျောက်ဖမ်းဆီး ခေါ်ဆောင်ခြင်း (Enforced Disapperance) ၊ မုဒိမ်းကျင့်ခြင်း(Rape)၊ နှိပ်စက်ခြင်း(Torture)၊ ဥပဒေမဲ့ဖမ်းဆီးခြင်း (Arbitrary Detention)၊ ဆေးဝါးကုသမှုမရှိခြင်း(Lack of Medical Care)၊ နေအိမ်နှင့် ပစ္စည်းများဖျက်ဆီးခြင်း(Destruction of Property)၊ လုယက်ခြင်းနှင့်သိမ်းယူခြင်း(Looting and Occupation)၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံခြင်း(Discaimination) ဟူ၍ ဖြစ်ပါသည်။

ယင်းအစီရင်ခံစာပါ အကြောင်းအရာများကို ဖတ်ရှုရသည်မှာ စွပ်စွဲခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များမဆိုထားနှင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့်ပင် သည်အကြောင်းအရာများ၊ လုပ်ရပ်များကို ငါတို့ ဗုဒ္ဓဘာသာဝင်တွေ လုပ်ပါ့မလားဟုပင် တွေးထင်မိပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်၍ ၎င်းတို့ယူဆောင်သွား သော လက်နက်ခဲယမ်းများ အမြန်ပြန်လည်သိမ်းဆည်းရရှိစေရန် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်ကို နေ့စဉ်နှင့်အမျှ ထုတ်ပြန်နေသည့် ရုပ်မြင်သံကြားသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖတ်ရှုရပါသည်။ ထိုသို့ထုတ်ပြန်သည့်သတင်းများ အရ ယင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက စောင့်ကြိုတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ အင်အားသုံး၍ ၀ိုင်းပတ်တိုက်ခိုက်ခြင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက် ဒဏ်ရာရရှိကြောင်းကိုလည်း ကြားသိရပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် လုံခြုံရေးသတိ ကြီးစွာ ဆောင်ရွက်ရမည်သာဖြစ်၍ အစီရင်ခံစာပါ စွပ်စွဲချက်များကဲ့သို့ လုပ်ရပ်များကို ကျူးလွန်ရန်၊ လုပ်ဆောင်ရန်ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ချင့်ချိန်စဉ်းစားသုံးသပ်ရန် လိုပါသည်။

ထို့အပြင် ဥပဒေစကားအရဆိုရလျှင် တပ်မတော်သားများအနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခ အသွင်ဆောင်သည့် အခြေအနေမျိုး၌ လက်နက်ကိုင်ပဋိပက္ခများတွင် လိုက်နာရသည့် အခြေခံဥပဒေသများဖြစ်သည့် တိုက်ခိုက်သူများနှင့် အရပ်သားများကိုခွဲခြားခြင်း၊ စစ်ရေးလိုအပ်ချက်နှင့် အညီသာ ဆောင်ရွက်ခြင်း၊ အချိုးအစားညီမျှမှု အတိုင်းအတာအတွင်းကသာ ဆောင်ရွက်ခြင်းနှင့် လူသားဆန်စွာ ပြုမူဆက်ဆံခြင်း အခြေခံဥပဒေသများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူများနှင့်စပ်လျဉ်း၍ ကိုင်တွယ် ဆောင်ရွက်ရာတွင် ဖမ်းဆီးခြင်းနှင့်ထိန်းသိမ်းခြင်း၊ ရှာဖွေခြင်းနှင့်သိမ်းဆည်းခြင်း၊ အင်အားသုံးဖြိုခွဲခြင်းနှင့် လက်နက်အသုံးပြုခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ အဆင့်ဆင့်အတိုင်း အချိုးအစားညီမျှမှု၊ ဥပဒေနှင့်ညီညွတ်မှု၊ တာဝန်ခံမှုနှင့် လိုအပ်ချက်ဟူသည့် အခြေခံဥပဒေသများနှင့်အညီ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ စည်းကမ်းစနစ်တကျနှင့် ဖွဲ့စည်းထားသည့် အမိန့်နာခံမှုရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်၍ တာဝန်ရှိသူအဆင့်ဆင့်မှလည်း အနီးကပ်ကြပ်မတ် ကွပ်ကဲကြမည်သာဖြစ်ပါသည်။ သို့ဖြစ်၍ စည်းကမ်း မလိုက်နာမှု အနည်းငယ်ရှိနိုင်သည့်တိုင် OHCHR အစီရင်ခံစာပါ စွပ်စွဲချက်များကဲ့သို့ လက်လွတ်စပယ် မည်သည့်နည်းနှင့်မျှ ကျူးလွန်ခြင်း၊ လုပ်ဆောင်ခြင်းများ မဖြစ်နိုင်ကြောင်း မှန်ကန်စွာ သုံးသပ်နိုင်ပါသည်။

အခြေအမြစ်မရှိသော ကောလာဟလများနှင့် ရည်ရွယ်ချက်ပါသည့် မုသားစကားများ

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများအား အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွာရောက်လေ့လာခွင့်၊ သတင်းရယူခွင့်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီဖွဲ့စည်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများ ဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်ရာဌာနများမှလည်း သတင်းထုတ်ပြန်မှုများ၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ သို့သော်လည်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတချို့နှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတချို့ တို့သည် အခြေအမြစ်မရှိသည့် ကောလာဟလများသာမက နောက်ကွယ်တွင် ရည်ရွယ်ချက်များပါသည့် မုသားစကားများကို ထုတ်လွှင့်ပြောဆိုမှုများ လုပ်ဆောင်လာသည်ကိုလည်း တွေ့မြင်ကြားသိရပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန်လုပ်ကြံဖန်တီးထားသည့် သတင်းများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ အယ်လ်ဂျားဇီးယား ရုပ်သံသတင်းဌာနက လုပ်ကြံဖန်တီးထားသည့် သတင်းမှားများ ပျံ့နှံ့နေသည့်အတွက် သတိရှိရန်လိုအပ်ကြောင်း၊ Twitter in chief # Rohingya Fake News on A J News Grid အစီအစဉ်တွင် သတိပေးထုတ်လွှင့်သွားခဲ့သည်ကို သတိပြုမိပါသည်။ အလားတူပင် ကမ္ဘောဒီယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုအား ဗြိတိန်နိုင်ငံထုတ် Daily Mail သတင်းစာ၏ Online စာမျက်နှာတွင် ရခိုင်ပြည်နယ်မှ ဖြစ်စဉ်အဖြစ် ဖော်ပြခဲ့သည်ကိုလည်း ဖတ်ရှုမိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ဒေသအကြမ်းဖက်မှုဖြစ်စဉ်များအား နိုင်ငံတကာသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သည့် စုံစမ်းရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များမှ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မီဒီယာများအားလည်း ၎င်းဒေသတွင် ကွင်းဆင်းစေ၍ ဒေသခံနှစ်ဖက် အဖွဲ့အစည်းများအား တွေ့ဆုံစေပြီး လွတ်လပ်စွာမေးမြန်းခွင့်များ ပြုခဲ့ပါသည်။ ထိုသို့ တွေ့ဆုံမေးမြန်းစဉ် ဘင်္ဂါလီများက မုဒိမ်းဖြစ်စဉ်မရှိကြောင်းနှင့် အိမ်များကိုမီးရှို့သူများမှာ ဘင်္ဂါလီ အကြမ်းဖက်သမားများသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ ထုတ်ဖော်ပြောကြားသူများထဲမှ ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံတစ်ဦး အသတ်ခံခဲ့ရပါသည်။ တရားဝင်သတင်းထုတ်ပြန်ချက်များအရ အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ အရပ်သားပြည်သူများအား သတ်ဖြတ်ဖမ်းဆီးခဲ့မှုဖြစ်စဉ် ၁၉ ခုမှ သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၂ ဦးနှင့် ဖမ်းဆီး၊ ပျောက်ဆုံးသူ ၉ ဦးရှိခဲ့သည်ကိုမူ OHCHR ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြမထားကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့အထဲမှ အများစုသည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လူမျိုးစွဲ၊ ဘာသာစွဲ မထားဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများကို တရားနည်းလမ်းကျကျ ကူညီပေးနေသူများသာဖြစ်ပါသည်။ ထိုကဲ့သို့သော နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပကတိအမှန်တရားများကို မျက်ကွယ်ပြု၍ ယခုကဲ့သို့ တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းအောင် အစီရင်ခံစာရေးသားခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းအရာများအပေါ် ဒွိဟစိတ်များစွာဖြင့် သံသယစိတ်များ ကြီးထွားစေခဲ့ပါသည်။

အမျိုးသားရေးအန္တရာယ်ကို စုစည်းညီညွတ်မှုအားဖြင့် ကာကွယ်

ရခိုင်ပြည်နယ်အရေးကို ဖတ်ရှုလေ့လာရင်းဖြင့် မဝေးကွာသေးသောကာလ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကဖြစ်ပွားခဲ့သည့် ကိုဆိုဗိုအရေးအခင်းကို မိမိနိုင်ငံအတွက် သင်ခန်းစာယူဖွယ်ရာ နှိုင်းယှဉ်သုံးသပ် မိချိန်တွင် အမျိုးသားရေးအန္တရာယ်အဖြစ် ရှုမြင်မိပါသည်။ ရည်ရွယ်ချက်ပါရှိသည့် မုသာဝါဒများ၏ နောက်ကွယ်တွင် မြန်မာနိုင်ငံကို အာရှ၏ကိုဆိုဗိုအဖြစ် တွန်းပို့နေရော့သလားဟုပင် စိုးရိမ်ပူပန်မိပါသည်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်နေကြသော လုံခြုံရေးအဖွဲ့အစည်းများအပေါ် မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုများသည် ယင်းဒေသအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရေး၊ ကန့်သတ်ရေးတို့အပြင် R2P ဆိုသည့် ၀င်ရောက်စွက်ဖက်ခွင့်တိုင်အောင် ဦးတည်လုပ်ဆောင်နေသည်လားဟု တွေးတောစရာများ ဖြစ်ပေါ်စေပါသည်။ ယင်းဒေသတွင် လူမျိုးရေးပဋိပက္ခ တစ်စုံတစ်ရာဖြစ်ပေါ်တိုင်း ဒေသခံတိုင်းရင်းသားများ ရွာလုံးကျွတ်ထွက်ပြေး ရွှေ့ပြောင်းခဲ့ရသည့် သမိုင်းဖြစ်စဉ်များ ရှိခဲ့ပါသည်။ ယခုအချိန်တွင်လည်း အမှန်တကယ် မြေပြင်၌ လူနည်းစုဖြစ်နေသည့် ဒေသခံတိုင်းရင်းသားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသည့် မြို့၊ ရွာ နေရာများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခသည် နိုင်ငံ့အစိုးရတစ်ခုတည်းနှင့် သက်ဆိုင်သောကိစ္စမဟုတ်၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည့်ကိစ္စမဟုတ်၊ ရခိုင်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့်ကိစ္စမဟုတ်ဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော အမျိုးသားရေးကိစ္စဖြစ်သည်။ ယင်းအမျိုးသားရေးကိစ္စအား အမျိုးသားရေးအန္တရာယ်အဖြစ် ဖန်တီးလုပ်ဆောင် နေခြင်းကိုလည်း အားလုံး၏ စည်းလုံးညီညွတ်မှုအားဖြင့် တားဆီးကာကွယ်ကြရန် လိုအပ်ပါသည်။ မိမိတို့ အမျိုးသားအချင်းချင်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဂိုဏ်းဂဏ၊ ပါတီ စသည်ဖြင့် ကွဲပြားနေကြမည့်အစား စည်းလုံးမှုစွမ်းအား၊ စုစည်းညီညွတ်သောအင်အားတို့ဖြင့် ပူးပေါင်းလုပ်ဆောင်ကြပါစို့လို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဥပဒေဘက်တော်သားမျိုးချစ်တစ်ဦး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment