Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 13, 2017

မြန်မာနိုင်ငံထဲရောက်နေတဲ့ International Diploma / Degree / MBA အတုအတု ၊ အတုအစစ်၊ အစစ် တွေဘယ်လိုခွဲ ခြားနိုင်မလဲ ??


ရေးသားသူ - ညီညီမောင် (EVER UP HR Institute)
မြန်မာနိုင်ငံထဲရောက်နေတဲ့ International Diploma / Degree / MBA အတုအတု ၊ အတုအစစ်၊ အစစ် တွေဘယ်လိုခွဲ
ခြားနိုင်မလဲ ??

(Master of Business Administration) MBA ဘွဲ့တွေ ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ ခေတ်စားနေတာ ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီ ။

ဆက်လက်ပြီးလည်း ခေတ်စားနေတာတွေ့ရတယ်။ သို့သော်မြန်မာနိုင်ငံထဲ ရောက်လာတဲ့ နိုင်ငံရပ်ခြားမှ MBA တွေထဲမှာ Product အရည်အသွေးအာမခံချက်မရှိသော MBA Product တွေရောက်နေတာ အတော်လေးစိုးရိမ်စရာဖြစ်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသူ/သားများအနေဖြင့် ပညာ ရေး Product တွေဆိုင်ရာအသိဥာဏ်မရင့်ကျက်၊ မပြည့်စုံသောကာလဖြစ်လို့ ထိုကဲ့သို့သော အရည်အသွေး အာမခံချက်မရှိသည့် နိုင်ငံရပ်ခြားမှ MBA, Bachelor Degree, Diploma တွေ မြန်မာနိုင်ငံ ထဲကိုဆွဲသွင်းပြီး လုပ်စားနေတာ နိုင်ငံသူ/သားတွေရဲ့ စစ်မှန်သောကောင်းကျိုးကို ထိခိုက်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက် ဖို့လည်းအလွန်ထိခိုက် နစ်နာစေပါတယ်။ ဒါကြောင့် MBA, Bachelor Degree, Diploma တွေ နဲ့ပတ်သက် လို့ အတုအတု၊ အတုအစစ်၊ အစစ် ခွဲခြားနိုင်အောင်အသိပေး လိုက်ပါတယ်။

ရည်ရွယ်ချက်

- နိုင်ငံခြားမှ MBA, Bachelor Degree, Diploma တို့ကိုစားသုံးမည့် မြန်မာနိုင်ငံသူ/သားတို့ ကြိုတင်သိသင့် သိထိုက်သောအရည်အသွေးအာမခံချက်ဆိုင်ရာအသိပညာတို့ကို သိမြင်နားလည်သဘောပေါက်စေရန်။
- မြန်မာနိုင်ငံ၏ပညာရေး နှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာဖွံ့ဖြိုးတိုးတက်မှုမှန်ကန်စေရန်။
- နိုင်ငံအကျိုးကိုကာကွယ်စောင့်ရှောက်နိုင်ရန်။

စားသုံးသူအမျိုးအစားများ

နိုင်ငံတစ်ကာပညာရေး Product တွေကိုစားသုံးရာမှာ ကျွန်တော့်အမြင်အရ သုံး မျိုးရှိတယ်လို့ထင်ပါတယ်။
(၁) မသိခံ (၂) သိသိခံ (မူကွဲနှစ်မျိုး ရှိပါတယ်) နှင့် (၃) သိမခံ

ရှင်းလင်းချက်

၁။ "မသိခံ" ဆိုသောစားသုံးသူတွေဆိုတာ ပညာရေးဆိုင်ရာအရည်အသွေးဆိုင်ရာအာမခံချက်တွေ အကြောင်းအမှန်တစ်ကယ်မသိလို့ခံစားလိုက်ရတဲ့ စားသုံးသူတွေကိုဆိုလိုပါတယ်။
၂။ "သိသိခံ" ဟုဆိုရာဝယ် စားသုံးသူမှာ သင်တန်းကျောင်း၏ပုံရိပ် (Brand Image) သို့မဟုတ် သင်ကြား ပေးသော ဆရာ/မ တို့ကိုစွဲလန်းလို့ အရည်အသွေးအာမခံချက်မရှိမှန်းသိလျှက်နှင့် ဆက်လက်စားသုံးသူ တွေဖြစ်ပါတယ်။ ကျောင်းစွဲ၊ ပုဂ္ဂိုလ်စွဲကြီးသူတွေဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်မျိုးကတော့ မိမိပညာရေး ဆိုင်ရာအရည်အသွေးပြည့်မှီမှုအားနည်းသည့်အတွက် သိလျှက်နဲ့ပဲရွေးချယ် ဆက်လက်သုံးစွဲနေသူတွေ ဖြစ်ပါတယ်။
၃။ "သိမခံ" စားသုံးသူဟုဆိုရာဝယ် အမှန်ကိုသိပြီး မိမိကိုယ်ကို မိမိအမှန်ဖက်ရောက်အောင်ပြုပြင်၍ သင့်ရာကို မှီဝဲစားသုံးသူလို့ဆိုချင်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ပညာရေးဆိုင်ရာ Product တွေနှင့်ပတ်သက်လို့ခေါင်းစဉ်တွင်ဖော်ပြ ထားသော MBA, Bachelor Degree, Diploma အတုအတု၊ အတုအစစ်၊ အစစ် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်ဘာကြောင့်ဒီလိုအမည်တပ်ရ သလဲ ဆိုတာကိုပြောပါမယ်။ အောက်ဖော်ပြပါမေးခွန်းတွေကိုသေချာစဉ်းစားဖြေကြည့်ပါ။
အစစ်မဟုတ်ရင်ဘာလဲ ?
အတုမဟုတ်ရင်ဘာလဲ ?
စားသုံးသူအာရုံပြုလာအောင်၊ နားလည်သဘောပေါက်အောင်ဘယ်လိုစကားလုံးတပ်ပြောမလဲ ?
အခြေခံအားဖြင့် အစစ်မဟုတ်ရင်အတု၊ အတုမဟုတ်ရင် အစစ်လို့ပဲ အများနားလည်လက်ခံနိုင်မယ် ထင်ပါတယ်။

"အတုအတု"

ပညာရေးတင်ပို့သည့်နိုင်ငံမှ အစိုးရ၏အရည်အသွေးအာမခံချက်စစ်ဆေးခြင်း၊ အသိအမှတ်ပြုခြင်း မခံယူထားသော / ရှောင်သော Program/Course တွေသည် အတုဖြစ်ပါတယ်။ မူရင်း Product ထုတ်လုပ် သည့်နိုင်ငံမှ Institute တွေကသူတို့ရောင်းချတဲ့ ပညာရေး Product တွေကိုပေါ်ပေါ်ထင်ထင်အရည်အသွေး အာမခံစစ်ဆေးချက်မရှိပါ ဘူးဆိုပြီးပြောရောင်းရင် "အတုအတု" လို့ခေါ်ပါတယ်။ အဲလို Product တွေ ဥပမာ ပြောရရင် UK မှာရှိသလို USA မှာလည်းရှိပါတယ်။ Unregulated or Non-accredited Institutes (or) Universities တွေဆိုပြီးပေါ်တင်ဖော်ပြပြီးရောင်းချကြပါတယ်။ တစ်ချို့ဆိုအင်မတန်ပွင့်လင်းပါတယ်။ သူတို့ Product တွေသည် outside of UK ဆိုရင် Enter at your own risk (ကိုယ့်စွန့်စားမှုနဲ့ကိုယ်ဘဲ) စားသုံး ချင်ရင်စားသုံးနိုင်တယ်လို့ပြောပြီးရောင်းတယ်။

"အတုအစစ်"

စိတ်ဝင်စားဖို့ကောင်းတဲ့ပညာရေး Product တစ်မျိုးရှိပါတယ်။ တင်ပို့သည့်နိုင်ငံမှအစိုးရ၏ပညာရေး အရည်အသွေးအာမခံချက် စစ်ဆေးခြင်း၊ အသိအမှတ်ပြုခြင်းမခံယူထားဘူး။ သို့သော်အခြား Third Party နိုင်ငံ၏ ခရိုင်အဆင့်၊ ပြည်နယ် အဆင့် လောက်သာရှိသော အရည်အသွေးစစ်ပေးသည့်အဖွဲ့အစည်း၏ စစ်ဆေးမှုကိုသွားရောက် ရယူပြီးအခြားနိုင်ငံများတွင် သွားရောက်ရောင်း ချဖြန့်ဖြူးသော Educational Product (MBA, Bachelor Degree, Diploma) တွေကို "အတုအစစ်" လို့ခေါ်ပါတယ်။ တစ်ကယ်တော့ အတုပါဘဲ။ စစ်တယ်ဆိုတာ အဲ့ဒီ regional (ခရိုင်အဆင့်) accreditation ယူထားသော နိုင်ငံအတွင်း၊ အဲဒီ ခရိုင်အတွင်း သာစစ်တယ်လို့ပြောနိုင်ပါ တယ်။ အဲဒီ ခရိုင်ထက်ခြေလှမ်း တစ်လှမ်းလောက်ကျော်ရင် အတု စာရင်းထဲထည့်ပစ်လိုက်လို့ရပါတယ်။ ဒါကြောင့် "အတုအစစ်" လို့အမည်ပေးလိုက်တာပါ။ အဲဒီ (MBA, Bachelor Degree, Diploma) product တွေကအင်မတန်စားသုံးသူအထင်ကြီးမှုရ ရှိအောင်ဖမ်းစားနိုင်တဲ့ အတွက် သတိကြီးကြီး၊ အသိကြီးကြီး ရှိဖို့လိုပါတယ်။

"အစစ်"

မူရင်းတင်ပို့သောနိုင်ငံအစိုးရ၏ပညာရေးအရည်အသွေးအာမခံချက်စစ်ဆေးခြင်း၊ အသိအမှတ်ပြုခြင်းကို ခံယူပြီး Pass ဖြစ်မှစားသုံးသူကိုရောင်းချခြင်း ၊ နိုင်ငံတစ်ကာသို့ဖြန့်ဖြူးသော Regulated qualification / Accredited qualification ဖြစ်ပါတယ်။ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

မှန်ကန်ခိုင်မာသောပညာရေးဆိုင်ရာသိစရာများ

ဥပမာ England နိုင်ငံပညာရေး အတွက် ဗြိတိသျှအစိုးရ၏ The Office of Qualifications and Examinations Regulation (Ofqual) မှ အရည်အသွေးမှန်မမှန်၊ ပြည့်မပြည့်ကိုစစ်ဆေးပေးပြီးအာမခံ ချက်ပေးသော အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်စားသုံးသူတို့အနေဖြင့် မိမိစားသုံးသော Education Course, Program တို့ကို Verification Code ဖြင့်တိုက်ရိုက် Ofqual website, www.register.ofqual.gov.uk
မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ သို့မဟုတ် Ofqual ကို Email ပို့၍မေးမြန်းနိုင်ပါတယ်။
USA သည် Non-accredited University တွေအများဆုံးရှိ သည့်နိုင်ငံဟုဆိုနိုင်ပါတယ်။ အစိုးရ၏အရည်အ သွေးသတ်မှတ်ချက်မှာလည်း National အဆင့် Regional အဆင့် အစရှိသဖြင့်အမျိုးအစားအများဆုံးရှိ သည့်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့တူညီသောအချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ National Level Accreditation (ကျယ်ကျယ်ပြန့်ပြန့် USA တစ်နိုင်ငံလုံးအသိအမှတ်ပြုသည်) ပဲဖြစ်ဖြစ် Regional Level Accreditation (ပြည်နယ်၊ ခရိုင်အဆင့် အသိအမှတ်ပြုခြင်း) ပဲဖြစ်ဖြစ် USA နိုင်ငံသားတို့၏ အကျိုးကိုသာ စောင့်ရှောက်ခြင်းဖြစ်ပါသည်။ USA တွင်လာရောက်ရောင်းချမည့် မည်သည့်နိုင်ငံက MBA, Degree မဆို Council for Higher Education Accreditation (CHEA) မှစစ်ဆေးမှုပြုလုပ်ပါသည်။ ထိုစစ်ဆေးမှုတွင် National Level, Regional Only Level ဆိုပြီးရှိပါတယ်။ ဒါကြောင့် "အတုအစစ်" ဆိုသော MBA Program တွေသည်များသောအားဖြင့် USA Regional Accreditation ရယူပြီး တစ်ခြား Third World Country တွေဖြစ်တဲ့ ကျွန်တော်တို့ လိုနိုင်ငံတွေမှာ လာရောက်ရောင်းချခြင်းဖြစ်ပါတယ်။ သတိရှိကြပါစေ။ Verification ကိုလည်း www.chea.org/search/search.asp
မှာသွားရောက်၍မစားသုံးခင်မှာ ဝင်ရောက် စစ်ဆေးသင့်ပါတယ်။
(EU) ဥရောပနိုင်ငံမှ MBA, Bachelor Degree, Diploma တွေဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံအစိုးရ၏ ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြုဖြစ်မှစိတ်ချရ မှာပါ။ ဥပမာ Switzerland နိုင်ငံမှ MBA (or) Diploma တွေဖြစ်ပါက Swiss Agency of Accreditation and Quality Assurance (AAQ) ၏စစ်ဆေးမှုခံယူပြီး Pass ဖြစ်မှသာ အရည်အသွေးအာမခံချက်ရှိပါမည်။ www.enqa.eu
, European Association for Quality Assurance in Higher Education မှာဆက်လက်လေ့လာနိုင်ပါတယ်။ EU အဖွဲ့ဝင်နိုင်ငံ တို့၏ ပညာရေးအရည်အသွေးကိုစစ်ဆေးပေးသည့်အဖွဲ့အစည်းလည်းဖြစ် ပါတယ်။
စကော့တလန်ပညာရေးဆိုရင်တော့ Scottish Qualifications Authority ၏အသိအမှတ်ပြု Course/Progrm/Diploma/Degree/MBA ဖြစ်မှသာလျှင် စိတ်ချရပါမည်။ စားသုံးသူတို့အနေဖြင့် www.sqq.org.uk
မှာဝင်ရောက် ကြည့်ရှု၍မိမိစားသုံးမည့်ပညာရေး Product ကိုမှန်မမှန်စစ်ဆေးနိုင်ပါ တယ်။
Malaysia နိုင်ငံမှ MBA Program, Diploma, Degree တွေအတွက်ဆို ရင်တော့ မလေးရှားအစိုးရ၏ Malaysia Qualification Agency (MQA) website ဖြစ်သော www.mqa.gov.my/mqr/
တွင်မိမိသင်ယူ မည့် University and Program ရှိမရှိ ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
Philippine နိုင်ငံမှ MBA Program, Diploma, Degree တွေအတွက်ဆိုရင် www.ched.gov.ph
၏ list of CHED recognized programs မှာဝင်ရောက်၍ မစားသုံးခင်မိမိတက်ရောက်သင်ယူမည့် Course သည် အမှန်တစ်ကယ် Office of the President Commission on Higher Education (CHED) recognized progam ဖြစ်မှသာ စိတ်ချရမည်ဖြစ် ပါသည်။
Thailand မှ MBA Program တွေ Degree တွေ ဖြစ်ပါက Thai နိုင်ငံအစိုးရ ၏ အသိအမှတ်ပြုရယူပြီး မှ လုပ်ခွင့်ရရပါမယ်။ Thailand Ministry of Education (MOE) www.moe.go.th
တွင် verify လုပ်ကြည့် နိုင်ပါသည်။ အချို့သော International University များသည် Thailand တွင်အခြေစိုက်ပြီး Thai အစိုးရ၏ MOE အောက်မှာ Private University အဖြစ်တည်ရှိသည်။ ဒါကြောင့် Thailand MBA Degree ဟုသတ် မှတ်ရပါမည်။

မှန်ကန်မှုရှိမရှိအတည်ပြုနိုင်ရန်စိစစ်ခြင်း (Verification)

ပညာရေးအရည်အသွေးမှန်မမှန်အတည်ပြုစစ်ဆေးခြင်းကို စားသုံးသူကိုယ်တိုင်မစားသုံးခင်မှာ စစ်ဆေးခြင်း ကိုပြုလုပ်နိုင်ပါတယ်။ သတိထားရမှာက သက်ဆိုင်ရာ Institute, University ၏ website တွင်ဝင်ရောက်၍ လေ့လာခြင်းဖြင့် Verification ကိုမပြုလုပ်ရပါ။ ဘာကြောင့်လဲဆိုရင် အဖြေကရှင်းပါတယ်။ သူ့ကိုယ်ပိုင် website ဖြစ်နေလို့ ပါ။ ဒါကြောင့်သက်ဆိုင်ရာကြီးကြပ်စစ်ဆေးမှုပြုလုပ်သောအဖွဲ့အစည်း၏ website တွင်သာ Verification Code ရိုက်ထည့်စစ်ဆေးရပါမည်။ ဒါမှသာစိတ်ချရပါမည်။ ဥပမာ UK Government ၏ Ofqual မှ အသိအမှတ်ပြုသော အရည်အသွေးမှန် Diploma ဖြစ်ပါက The Qualification and Credit Framework (QCF) course code number ကို Ofqual website ၏ Verification နေရာမှာ ရိုက်ထည့်၍ မှန်မမှန်စစ်ဆေးနိုင် ပါသည်။ ထိုမှသာမိမိရရှိထားသော UK Diploma သည် QCF Level ဘယ်လောက်နှင့် ညီမျှသည်ကိုအတိအကျယုံကြည်မှုပြည့်စွာအာမခံချက် ရှိရှိ ပြောဆိုနိုင်မည်ဖြစ်ပါသည်။

Accredited/Regulated qualification တို့ကိုစားသုံးခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူး

၁။ ။ မိမိကိုင်ဆောင်ထားသော Diploma, Degree, MBA ဘွဲ့အောင်လက်မှတ် ကိုအစိုးရကောလိပ် ကျောင်း၊ တက္ကသိုလ် နှင့် အလုပ်ရှင်တို့မှ သံသယကင်းစွာဖြင့်အပြည့်အဝအသိအမှတ်ပြုခံရခြင်း။
၂။ ။ တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဆက်လက်တက်ရောက်ပညာ သင်ယူမည်ဆိုပါက credit transfer, subject exemption ကိုရရှိခြင်း၊ သင်ယူထားသောဘာသာများအတွက် ဆုံးရှုံးနစ်နာမှု မရှိခြင်း။

ပညာရေး Product အတုများ ဘာကြောင့်အားကောင်းနေရသလဲ ???

၁။ ။ မြန်မာနိုင်ငံအစိုးရမှ နိုင်ငံခြားပညာရေးအရည်အသွေးစစ်မှန်မှုကို ထိထိရောက်ရောက်စိစစ်အတည်ပြု ပေးမှု မရှိသေးခြင်း။
၂။ ။ နိုင်ငံခြားပညာရေးဆိုင်ရာအရည်အသွေးစစ်မှန်မှုကိုစစ်ပေး သည့် ပြည်တွင်းမှ အစိုးရမဟုတ်သောမှန် ကန်မှု ရှိသည့်အခြားအဖွဲ့ အစည်းများမရှိသေးခြင်း။
၃။ ။ ပြည်တွင်းစားသုံးသူများကိုယ်တိုင်ပညာရေးဆိုင်ရာမှန်ကန်သော အသိရင့်ကျက်ပြည့်စုံမှုလိုအပ်နေ ခြင်း။
၎။ ။ စားသုံးသူများကိုယ်တိုင် လူပုဂ္ဂိုလ်အစွဲ၊ ကျောင်းအစွဲ ကြီးလွန်းခြင်း။

အနှစ်ချုပ်

၁။ ။ အတုအတုဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရထံမှပညာရေး အရည်အသွေးကြီးကြပ်စစ်ဆေးမှု လက်မှတ်မရရှိဘဲပညာရေးဥပဒေအား နည်းသောနိုင်ငံများကို ထိုးဖောက်ဝင်ရောက်၍ရောင်းချဖြန့်ဖြူးခြင်း။
၂။ ။ အတုအစစ်ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရထံမှပညာရေး အရည်အသွေးကြီးကြပ်စစ်ဆေးမှု လက်မှတ်မရရှိဘဲ တစ်ခြားနိုင်ငံကြီးများ ၏ ဒေသဆိုင်ရာအသိအမှတ်ပြု (Regional Accreditation) အဆင့်သာရှိပြီး ထိုနိုင်ငံအတွင်းရှိ ဒေသတစ်ခုအတွင်းသာ အသိအမှတ်ပြုထားသော ပညာရေး Product တို့ကို ပညာရေးဥပဒေအားနည်း သောနိုင်ငံများသို့် ထိုးဖောက်ဝင်ရောက်၍ ရောင်းချဖြန့်ဖြူးခြင်း။
၃။ ။ အစစ်ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရထံမှပညာရေး အရည်အသွေးကြီးကြပ်စစ်ဆေးမှုရရှိ ထားပြီးမည်သည့်နိုင်ငံကို မဆို ရောင်းချဖြန့်ဖြူးသော ပညာရေး Product ဖြစ်ခြင်း။
၎။ ။ မှန်ကန်မှုရှိမရှိအတည်ပြုနိုင်ရန်စိစစ်ခြင်း (Verification) ကိုပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ university/institute ၏ Web Page တွင် သွားရောက်ကြည့်ရှု၍ Verify လုပ်ခြင်းဖြင့်အပြည့်အဝ မှန်ကန်မှု ကိုရရှိနိုင်မည်မဟုတ်ပါ။ ဒါကြောင့် သက်ဆိုင်ရာနိုင်ငံရှိ ကြီးကြပ်စစ်ဆေးသော အဖွဲ့အစည်း သို့မဟုတ် အစိုးရ Web Page များတွင်သွားရောက်စစ်ဆေးပါမှ မှန်ကန်မှုရှိမရှိကိုအတိအကျအပြည့်အဝ သိရမည်ဖြစ်သည်။

မှတ်ချက်။ ***

ယခုရေးသားဖော်ပြချက်များသည်စားသုံးသူကိုယ်တိုင်ဆက်လက်လေ့လာ၍ မစားသုံးခင်သိသင့်သိထိုက် သောအချက်အလက်တို့ကိုသိပြီးဆုံးဖြတ်ချက်ချနိုင်အောင်ရည်ရွယ်၍ရေးသားဖော်ပြခြင်းသာဖြစ်သည်။ ရေးသားသူမှအစစ်/အတု စသည်ဖြင့် လုံးဝဆုံးဖြတ်ပေးသွားမည်မဟုတ်ပါ။

Accreditation/Regulation Status တို့မှာလည်းအချိန်ကာလပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ ဒါကြောင့်စားသုံးသူအနေဖြင့်အချိန်နှင့်တစ်ပြေးညီလေ့လာဆန်းစစ်သင်ယူနေဖို့တာဝန်ရှိပါသည်။
ဒါ့အပြင်မိမိစားသုံးမည့် MBA, Degree, Diploma တို့နှင့်ပတ်သက်၍ စားသုံးပြီးသူတို့၏ မှတ်ချက်များ၊ ဆွေး နွေးချက်များ၊ အတုအစစ် ခွဲခြားပြထားသော အချက်အလက်များကို google တွင်ရှာဖွေလေ့လာမှုပြုရန် တိုက်တွန်းပါသည်။ မိမိစားသုံးမည့် MBA Product, Universtity တို့၏ အခြေအနေကိုသိရှိရန် (ဥပမာ- Accredited University in France, Germany, USA စသည်ဖြင့်လည်း google တွင်ရေးထည့်၍လေ့ လာ တွေ့ရှိမှုဆန်းစစ်မှုများကိုပြုလုပ်ခြင်းဖြင့်လည်း အစစ်၊ အတု အခြေအနေ တို့ကိုသိရှိနိုင်မည်ဖြစ်ပါသည်။

*** အစစ်ကိုသာစားသုံးသင့်ပါသည်။ အစစ်ကိုသာစားသုံးစေချင်ပါသည်။ ***
ကျေးဇူးတင်ပါသည်။

ညီညီမောင် (EVER UP HR Institute)

No comments:

Post a Comment