Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 22, 2017

မီဒီယာတွေ မရိုးသားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် စွပ်စွဲပြောကြား



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၎င်းရဲ့ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့တဲ့ လူထုပရိသတ်ပမာဏနဲ့ ပတ်သက်ပြီး သတင်းဖော်ပြရာမှာ မီဒီယာတွေ မရိုးသားခဲ့ကြောင်း စွပ်စွဲပြောကြားလိုက်ပါတယ်။ သတင်းမီဒီယာတွေရဲ့ သတင်းဓာတ်ပုံမှတ်တမ်းတွေ ရှိပေမဲ့လည်း အမေရိကန်လွှတ်တော် အဆောက်အအုံရှေ့မှာ ၎င်းရဲ့ သမ္မတအဖြစ် ကျမ်းကျိန်ဆိုပွဲ မိန့်ခွန်းပြောကြားမှုကို လူထုပရိသတ် ကြိတ်ကြိတ်တိုး လာရောက်ခဲ့ကြကြောင်း ထရန့်က ဆိုပါတယ်။

နောက်ပိုင်းမှာ ထရန့်ရဲ့ အိမ်ဖြူတော် သတင်းထုတ်ပြန်အရာရှိက ကျမ်းကျိန်ပွဲတစ်ခုမှာ အကြီးမားဆုံး ပရိသတ်တွေကို မြင်တွေ့ခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတ ထရန့်က စနေနေ့ (ဇန်နဝါရီ ၂၁ ရက်) မှာ ဗာဂျီးနီးယားပြည်နယ်ရှိ စီအိုင်အေ (CIA) ဌာနချုပ်ကို သွားရောက်လည်ပတ်စဉ်အတွင်း မီဒီယာတွေ မရိုးသားကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ မီဒီယာတွေဟာ ၎င်းနဲ့ထောက်လှမ်းရေး အဖွဲ့အစည်းတွေကြား ရန်တိုက်ပေးကြောင်းနဲ့ သတင်းထောက်တွေဟာ ကမ္ဘာပေါ်မှာ မရိုးသားဆုံး လူသားတွေထဲမှာ ပါဝင်ကြောင်း ထရန့်က စွပ်စွဲပြောကြားခဲ့ပါတယ်။

၎င်းရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ရုပ်မြင်သံကြားပြကွက်နဲ့ သတင်းဓာတ်ပုံတွေကို မီဒီယာတွေက ပြင်ဆင်ဖော်ပြခဲ့ကြကြောင်းလည်း ထရန့်က ဆိုပါတယ်။ ကျမ်းကျိန်ပွဲကို လူတစ်သန်းခွဲခန့် လာရောက်ခဲ့ပေမဲ့ မီဒီယာတွေက လူ ၂၅၀,၀၀၀ မျှသာ လာရောက်ခဲ့တယ်လို့ မဟုတ်မမှန် သတင်းဖော်ပြကြကြောင်း သမ္မထရန့်က စွပ်စွဲခဲ့ပါတယ်။ အမေရိကန်မှ နာမည်ကြီး The New York Times သတင်းဌာနက ၂၀၀၉ ခုနှစ်မှာ အိုဘားမား ကျမ်းကျိန်စဉ်က လူထုပရိသတ်မြင်ကွင်းဓာတ်ပုံနဲ့ ထရန့် ကျမ်းကျိန်စဉ် လူထုပရိသတ်မြင်ကွင်းဓာတ်ပုံတို့ နှိုင်းယှဉ်ပြသထားခဲ့ပါတယ်။

စီအိုင်အေကို အလည်အပတ် သွားရောက်တဲ့နေ့က ၎င်းကို ကမ္ဘာတစ်ဝန်း အမျိုးသမီးများ အဓိကပါဝင်ပြီး ဆန္ဒပြမှုတွေကိုတော့ ထရန့်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ ဇန်နဝါရီ ၂၁ ရက် မှာ သမ္မတဒေါ်နယ်ထရန့်ကို အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်း အမျိုးသမီးများ အဓိကပါဝင်တဲ့ လူ ၂ သန်းကျော်က 'sister marches' လို့ ခေါ်ဝေါ်ကြတဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး ထရန့်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း လူ ၅၀၀,၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝန်း ပြုလုပ်ခဲ့တဲ့ 'sister marches' ဆန္ဒပြပွဲတွေဟာ အမျိုးသမီးအခွင့်အရေးကို အဓိက ရည်ရွယ်ခဲ့ကြောင်း သိရပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ထရန့်ရဲ့ အစိုးရသစ်လက်ထက်မှာ အမျိုးသမီးအခွင့်အရေးတွေ ခြိမ်းခြောက်ခံရမယ်လို့ ယုံကြည်ထားကြပါတယ်။ ထရန့်ဟာ ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျန်ဆိုပြီး အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။

Source & Photo: NYTimes, BBC, Duwun

No comments:

Post a Comment