Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 3, 2017

ကျောင်းသားကျောင်းသူတွေကိုချစ်ရင် အလိုမလိုက်ပါနဲ့


ခလေးငယ် တစ်ယောက်ဟာ အပြင်မှာ ဆော့ကစားနေရင်း အရောင်အသွေးစုံတဲ့ ခူကောင် တစ်ကောင်ကိုတွေ့တယ်။ အဲဒါနဲ့ အိမ်ကို သယ်လာပြီး သူ့အမေကိုပြတယ်။ သူ့အမေကလဲ သူ့သားက စိတ်ဝင်စားနေတော့ မင်းဒီခူကောင်ကို ဂရုတစိုက်မွေးလို့ ပြောလိုက်တယ်။

အဲဒါနဲ့ အဲဒီခူကောင် အိုးအဟောင်း တစ်ခုထဲ ထည့်ပြီး သေသေချာချာမွေးတယ်။ သစ်ရွက်နုလေးတွေ သယ်လာပြီးကျွေးတယ်။ တစ်နေ့မှာ ခူကောင်လေးက အိုးနူတ်ခမ်းတစ်နေရာတက်ပြီး ထူးဆန်းတဲ့ အပြုအမူတစ်ခုကို လုပ်နေတယ်။

အဲဒါနဲ့ သူ့အမေကို ခေါ်ပြတယ်။ အမေရေလာကြည့်ပါအုံး ခူကောင်လေးက ဘာလုပ်နေလဲ မသိဘူးဆိုပြီး ပြတယ်။ သူ့ အမေက ရှင်းပြတယ် သားရေ ခူကောင်လေးက ပိုးအိမ်လုပ်နေတာ။ ပြီးရင် အဲဒီပိုးအိမ်ထဲမှာ နေရင်း သူ့အချိန်စေ့ရင် လိပ်ပြာဖြစ်လာမှာလို့ ရှင်းပြတယ်။

ခလေးငယ်ဟာ ပိုစိတ်ဝင်စားလာပြီး ပိုးအိမ်ထဲက ခူကောင်လေးကို နေ့တိုင်းစောင့်ကြည့်တယ်။ တစ်နေ့မှာ ပိုးအိမ်လေးက လှုပ်လာပြီး အပေါက်ကလေး တစ်ခုပေါက်လာတယ်။ ပြီးတော့ လိပ်ပြာဖြစ်မဲ့ အကောင်လေးဟာ အဲဒီအပေါက်ထဲက အတင်းထိုးထွက်နေတယ်။ ခလေးငယ်ကလဲ ဘာဖြစ်မလဲဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေတာပေါ့။

လိပ်ပြာဖြစ်မဲ့ အကောင်လေးဟာ ခက်ခက်ခဲခဲ အပေါက် ကျဉ်းကျဉ်းလေးထဲက ထိုးထွက်နေတယ်။ ခလေးငယ်ဟာ နဲနဲကြာတော့ စိုးရိမ်လာပြီး ကပ်ကြေးတစ်လက်သွားယူတယ်။ ပြီးတော့ အထဲက အကောင်လေး ထွက်ရတာလွယ်အောင် အပေါက်ကျယ်ကျယ်လေး ဖောက်ပေးလိုက်တယ်။ ခဏနေရင်ပဲ အကောင်လေးက ပိုးအိမ်ထဲက ထွက်လာနိုင်ခဲ့တယ်။
ခလေးငယ်က ဘယ်တော့ လိပ်ပြာအဖြစ် ထပျံမလဲ စောင့်ကြည့်နေတာပေါ့။ ဒါပေမဲ့ လိပ်ပြာလေးက ထမပျံဘူး။

လိပ်ပြာလေးရဲ့  ခန္ဒာကိုယ်ဟာ ရောင်ရမ်းနေတယ်။ အတောင်တွေဟာလဲ တွန့်ကျေနေတယ်။ ခလေးငယ်ကလည်း ဘယ်တော့များ လိပ်ပြာအဖြစ် ထပျံမလဲ စောင့်ကြည့်နေတာပေါ့။ ဒါပေမယ့် လိပ်ပြာလေးကတော့ ရောင်ရမ်းတဲ့ ခန္ဒာကိုယ်နဲ့ တွန့်ကြေတဲ့ အတောင်ပံတွေနဲ့ မြေပေါ်မှာ တွားသွားနေရတယ်။ အဲဒီလိပ်ပြာလေးတစ်သက် ဘယ်တော့မှ မပျံသန်းနိုင်မှာ မဟုတ်တော့ဘူး။

ဘာလို့လဲဆိုတော့ တကယ်တော့ လိပ်ပြာလေးဟာ သူ့ဟာသူ အပင်ပန်း ဆင်းရဲခံပြီး ပိုးအိမ် အပေါက်သေးသေးလေးထဲက ထိုးထွက်ရမှာပါ။ အဲလိုထိုးထွက်မှ ခန္ဓာကိုယ်က ကြီးထွားစေမဲ့ အရည်တစ်မျိုးဟာ ပျံနှံသွားပြီး တောင်ပံအထိပါရောက်သွားမှာပါ။ ဒါမှသာ ခန္ဓာကိုယ်ဟာ ကြီးထွားဖွံဖြိုးလာပြီး အတောင်ပံဟာလည်း သန်မာလာမှာပါ။ ဒါမှသာ လိပ်ပြာလေးဟာ ပျံသန်းနိုင်မှာပါ။

အခုတော့ ခလေးငယ်ရဲ့ စေတနာအမှားကြောင့် လိပ်ပြာဘဝ ပီပီပြင်ပြင် မဖြစ်ပဲ မပျံသန်းနိုင်ပဲ မြေပြင်ပေါ်မှာ တွားသွားရတဲ့ အဖြစ်ရောက်ခဲ့ရတာပေါ့။

ဒီသင်ခန်းစာလေးက ဘာတွေသင်ယူနိုင်လဲဆိုတော့။ ကျနော်တို့တွေ အခက်အခဲတွေ့တဲ့အချိန်မှာ နည်းနည်းကြိုးစားကြည့်တယ် မရရင် တစုံတစ်ယောက်ကများငါ့ကို ကူညီရင်ကောင်းမှာပဲလို့ မျှော်လင့်ကြတယ်။ အားကိုးရှာကြတယ်။ အကယ်၍ အကူအညီရခဲ့ရင် သိပ်ပျော်ကြတာပေါ့။ ကိုယ့်ရဲ့ အစွမ်းအစတွေ ရုတ်လျော့သွားတာ။ အားကိုးရှာတဲ့ အကျင့်ကြီး အမှု့မဲ့ အမှတ်မဲ့ကျင့်သုံးနေမိမှန်း လိပ်ပြာလေးလို မြေပေါ်မှာ တွားသွားနေမိမှန်း မသိကြဘူး။

ဒါကြောင့် အခက်အခဲ တွေ့ရင် မကြောက်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ အဲဒီအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ရင် ကိုယ်ရဲ့ ယုံကြည်ချက်တွေ တိုးပွားလာပြီး ကိုယ်ရဲ့တန်ဖိုးလဲ တက်လာမှာပေါ့။

အခက်အခဲကြုံခဲရင် ဒီလိပ်ပြာလေးရဲ့ အဖြစ်အပျက်ကို သတိရပြီး ကိုယ်ကိုယ်တိုင်ရုန်းထွက်ပါ။ အားကိုးမရှာပါနဲ့။ တခြားလိပ်ပြာတွေလို ကိုယ့်ကို ကြီးထွားစေမဲ့ အမြင့်ပျံနိုင်မဲ့ ဗီဇဓာတ်တွေ ကိုယ့်ခန္ဓာထဲပျံနံှံ့ပါစေ။ ဒါဆိုရင် ကြုံတွေတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ယုံသာမက လိပ်ပြာလေးလို လှပတဲ့ ပန်းခင်းနဲ့တူတဲ့ လှပတဲ့ ကိုယ့်အနာဂတ်ဆီကို ပျော်ရွှင်စွာ ပျံသန်းသွားနိုင်တော့မှာပေါ့။

Struggle is Good! I Want to Fly ဆိုတဲ့ story လေးကို ဆီလျှော်အောင်ပြန်ဆိုပါသည်။

ပုံက လိပ်ပြာပေါက်ဖွားလာပုံ အဆင့်ဆင့်ကိုပြထားတာပါ။

ရဲမင်း

3/1/2017

No comments:

Post a Comment