Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 18, 2017

မကွေးဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်းများကို ပြည်ထဲရေး စစ်ဆေး



18-Jan-2017 tagged as

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် ဝန်ကြီးဟောင်းများကို ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း သုံးထောင်နီးပါး သုံးစွဲမှုနှင့် ပတ်သက်ပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးလျက်ရှိကြောင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မကွေး တိုင်းဒေသကြီး အတွင်းရှိ ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အသုံးပြုရန် စုပေါင်း ထည့်ဝင်ထားသော ငွေကျပ် ၂ ဒသမ ၈ ဘီလီယံကို ယခင်အစိုးရအဖွဲ့က ယခုအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခြင်း မရှိသည့်အပြင် လုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းများပင် မရှိကြောင်း ၂၀၁၆ခုနှစ် မေလ ၃၀ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြည်သူ့လွှတ်တော်၌ ဖြေကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စသုံးလုံးက ယခင်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် တိုင်းဝန်ကြီးများကို စစ်ဆေးနေခြင်းဖြစ်သည်။

“ဖွံ့ဖြိုးရေး ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံကိစ္စကို စသုံးလုံးက စစ်ဆေးနေတယ်။ အခုဆိုရင် စသုံးလုံးက တွေ့ရှိချက်ကို ပြည်ထဲရေး ဝန်ကြီးဌာကို တင်ပြထားတယ်လို့ သိထားရတယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Voice သတင်းစာသို့ ပြောသည်။

ယခင် အစိုးရလက်ထက်၌ မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော မကွေးတိုင်း  ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ (ယခင် မကွေးတိုင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ) အပါအဝင် တိုင်းအစိုးရအဖွဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့သော အစိုးရအဖွဲ့ ဝန်ကြီးဟောင်းများကို စသုံးလုံးမှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မကွေးတိုင်း ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တချို့က ဆိုသည်။

“၂ ဒသမ ၈ ဘီလီယံက ပြည်သူတွေက ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ ထည့်ဝင်ခဲ့တာ။ စာရင်းမရှိဘဲ သုံးစွဲခဲ့တဲ့အတွက် ဘယ်လို အရေးယူမှာလဲ။ ဘာတွေဆက်ပြီး ဆောင်ရွက်မှာလဲဆိုတာ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေ သိချင်နေကြတယ်”ဟု ပွင့်ဖြူမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။

အဆိုပါဖွံ့ဖြိုးရေးရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံကို မကွေးတိုင်းအတွင်းရှိ လက်ယက်တွင်း လုပ်ငန်းရှင်းများမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တိုင်းအစိုးရထံ ၂၀၁၁ -၂၀၁၅ ခုနှစ်အထိ ရန်ပုံငွေ ထည့်ဝင်ခဲ့ကြောင်း၊ ယင်းရန်ပုံငွေကိစ္စနှင့် ပတ်သက် ၍ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်တွင် ဒုတိယအကြိမ် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပွင့်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းခြင်းနှင့် ပတ်သက်ပြီး “ယခင်အစိုးရ လက်ထက်မှာ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များ ထည့်ဝင်ထားသော ငွေကြေးကို ဖွံ့ဖြိုးရေးအတွက် သုံးစွဲထားသော စာရင်းမရှိ”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက လွှတ်တော်သို့ လာရောက်ဖြေကြားခဲ့သည်။
The Voice

No comments:

Post a Comment