Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 11, 2016

"အက်ဖ်ဆောင်"



ယခင်က R.I.T၊ နောက် Y.I.T ထိုမှတစ်ဆင့် Y.T.U အဖြစ် အမည်တွေရွေ့လျားပြောင်းလဲခဲ့သော မြန်မာပြည်၏ အထင်ကရ တက္ကသိုလ်ထဲက F ဆောင်တွင် ကျနော် ၃ နှစ်ကျော်ကျော် နေထိုင်ခဲ့ဖူး၏။

(ယခုစာတွင် လက်ရှိသုံးစွဲခေါ်လျှက်ရှိသည့် Y.T.U ဟုသာ ရေးသားသွားပါမည်။ ဤကားစကားချပ်။)

တက္ကသိုလ်၏ အမည်များပြောင်းလဲခဲ့ပုံကို နှောင်းလူများသိရှိရအောင် အကျဉ်းမျှဖော်ပြပေးပါမည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ရန်ကုန်ကို Rangoon ဟု အင်္ဂလိပ်လို စာလုံးပေါင်းခဲ့၏။ R.I.T ၏ အရှည်မှာ Rangoon Institute of Technology ဖြစ်ပြီး မြန်မာလို ရန်ကုန်စက်မှုတက္ကသိုလ်ဖြစ်၏။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်္ဂလိပ်လို၊ မြန်မာလို အခေါ်အဝေါ်စာလုံးပေါင်းများ၊ လမ်းနာမည်၊ မြို့နာမည်များကို များစွာပြောင်းလဲပစ်ခဲ့သည်။

ယခင်က နိုင်ငံအမည်ကို ဗမာနိုင်ငံ Burma မှ မြန်မာနိုင်ငံ Myanmar၊ ရန်ကုန် Rangoon ကို ရန်ကုန် Yangon၊ ပြည် Pyi ကို ပြည် Pyay စသည်ဖြင့် အများအပြားပြောင်းလဲပစ်ခဲ့သည်။

ကျနော့်မွေးစာရင်းတွင် လူမျိုး-မြန်မာ၊ နိုင်ငံသား-ဗမာဟု ဖော်ပြထားခြင်းမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် လူမျိုး-ဗမာ၊ နိုင်ငံသား- မြန်မာဟူ၍ ပြောင်းပြန်ဖြစ်သွားတော့သည်။

Rangoon မှ Yangon ဟု စာလုံးပေါင်းပြောင်းခဲ့ခြင်းကြောင့် R.I.T သည် Y.I.T ဖြစ်သွားတော့၏။

၁၉၉၅ ခုနှစ် ကျနော်တက္ကသိုလ်တက်စဉ်က Y.I.T ဆိုသောအမည်မှာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာတွင် Y.I.T က အစပြုပြီး ကျောင်းသားသပိတ်တွေဖြစ်ကာ ကျောင်းတွေပိတ်ပြီး ၁၉၉၈ ခုနှစ် စာမေးပွဲဖြေရန် တစ်လကျောင်းဖွင့်ပေးချိန်တွင် Y.T.U (Yangon Technological University) ရန်ကုန်နည်းပညာတက္ကသိုလ်ဟု ပြောင်းလဲနေတော့၏။

ဆိုကြတော့၊ အဆိုပါ ဝိုင်တီယူမှ လေကြောင်းအင်ဂျင်နီယာဖြင့် ၂၀၀၂ ခုနှစ်တွင် ကျနော်ဘွဲ့ရခဲ့၏။ ထိုစဉ်က မြန်မာပြည်တွင် လေကြောင်းကဏ္ဍယခုလောက်ထိ မဖွံ့ဖြိုးသေးတော့ အလုပ်အကိုင်ရရှိရန် ခဲယဉ်းလှ၏။ ကျနော် ဘွဲ့ရချိန်တွင်ပဲ တိုက်တိုက်ဆိုင်ဆိုင် မိတ္ထီလာတွင် လေကြောင်းနှင့်အာကာသတက္ကသိုလ်ဖွင့်၍ ဆရာများခေါ်သည်ကို သတင်းစာမှ ဖတ်ရသည်။

ကျနော့်ဘဝတွင် ဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခါမှ မတွေးခဲ့သော်ငြား ကျနော်ရသည့်ဘွဲ့ဖြင့် ဘာလုပ်ရမှန်းမသိ၍ ဆရာအဖြစ်ဝင်လျှောက်ရာ အလုပ်ရတော့သည်။

ပြန်တမ်းဝင်အရာရှိရာထူးအနေဖြင့် Instructor ဖြစ်ပြီး လစာ ၇၅၀၀ ကျပ် စတင်ရရှိခဲ့သည်။

တက္ကသိုလ်က စဖွင့်ခါစဆိုတော့ ကျနော်တို့်မှာ တက္ကသိုလ်သွားရောက်ရန်မလိုသေးဆိုကာ ဝိုင်တီယူထဲတွင် မာစတာဆက်တက်ခိုင်းသည်။

မာစတာတက်ရင်းနေရန် ဝိုင်တီယူထဲက အက်ဖ်ဆောင် တွင် ကျနော် အခန်းတစ်ခန်းရရှိခဲ့၏။ ဝိုင်တီယူထဲတွင် ယခင်က ကျောင်းသားတွေနေရန် အဆောင် ၆ ခုရှိသည်။ ပဉ္စမနှစ်နှင့် နောက်ဆုံးနှစ်ကျောင်းသားများနေကြသည်။ အဆောင်နာမည်များကို အင်္ဂလိပ်လို A ဆောင်၊ Bဆောင်၊ C ဆောင်၊ D ဆောင်၊ E ဆောင်၊ F ဆောင်ဟူ၍ အမည်ပေးထားသည်။

ဝိုင်တီယူတက်ခွင့်ကို အမျိုးသားအများစုခေါ်ပြီး အမျိုးသမီး အချိုးရေ နည်းခေါ်သောကြောင့် ဝိုင်တီယူတွင် မိန်းကလေးဦးရေ နည်းပါး၏။ ထို့ကြောင့် ပဉ္စမနှစ်၊ နောက်ဆုံးနှစ်အမျိုးသမီးများနေထိုင်ရန် ဝိုင်တီယူဝင်းထဲတွင် အဆောင်တစ်ခုသာရှိ၏။ အမျိုးသမီးတွေနေသည့်အဆောင်နာမည်ကို G ဆောင် သို့မဟုတ် G Hall ဟု အမည်ပေးထားသည်။ ဆရာမ မစန္ဒာရေးသားသည့် ဂျီဟောသူကို အများသိကြပါလိမ့်မည်။

ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ ကျောင်းသူများမှာ ယခု MICT ရှိသော သမိုင်းဝင်းထဲရှိ အဆောင်များတွင် နေထိုင်ကြသည်။ ယောက်ျားလေးတွေက စဥ့်ကူ၊ ဇီဝက၊ အင်းလေး၊ ပုပ္ပါး၊ ဒူးယားအဆောင်များတွင် နေထိုင်ကြကာ မိန်းကလေးများက သဇင်ဆောင်တွင် နေထိုင်ကြ၏။

မူရင်းတက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများကို မတက်စေတော့ဘဲ အနယ်နယ်ခွဲ တောထဲပို့ပြီးနောက်ပိုင်း ဝိုင်တီယူထဲက F ဆောင်သည် ဆရာများဆောင်ဖြစ်လာပြီး G Hall ဆောင်သည် ဆရာမများဆောင် ဖြစ်လာတော့သည်။
xxxx xxxx xxxx xxxx

အက်ဖ်ဆောင်ရှေ့တွင် အုံ့ဆိုင်းနေသော ကံကော်ပင်တန်းကြီးမှာ လှပလွန်းလှသည်။ ဂိတ်မှဝင်လာလျှင် မြင်ရသည့်မြင်ကွင်းမှာ ကံ့ကော်လိုဏ်ဂူကြီးအလား ထင်မှတ်မှားရလောက်၏။

အဆောင်မှာ အထပ်သုံးထပ်ရှိ၏။ ရုရှတွေက ဆောက်ပေးထားသည်ဟုဆိုသည်။ နံရံတွေက ထူထူထဲထဲ၊ မျက်နှာကြက်မြင့်မြင့်နှင့် ခန့်ခန့်ငြားငြားရှိလှ၏။အခန်းအကျယ်က ခန့်မှန်းခြေ အပွင့် ၁၂ ပေ၊ အရှည် ၂၄ ပေ လောက်ရှိ၏။ အခန်းရှေ့တွင် လမ်းလျှောက်ရန် ၆ ပေအကျယ် ကော်ရက်တာရှိပြီး အစွန်နှစ်ဖက်တွင် အတက်အဆင်းလှေကားနှင့် အိမ်သာများရှိသည်။ ကျနော်နေသည့်အခန်းက အခန်းနံပါတ် ၂၄။

ထိုအခန်းနံပါတ် ၂၄ ထဲတွင် အစပထမက ကျနော်တစ်ယောက်တည်း နေထိုင်ခဲ့သည်။

တဖြည်းဖြည်းနှင့် ကျနော့်အခန်းထဲတွင် ယာယီစတည်းလာချသူ၊ အလည်အပတ်လာရောက်ကြသူများနှင့် စည်ကားလာတော့သည်။

ညတိုင်းလိုလိုက ပွဲတော်ကြီးအလား စည်ကားခဲ့၏။

အလုပ်လာရှာကြပြီး ခေတ္တကွန်းခိုကြသော ကျောင်းမှ၊ မြို့မှ သူငယ်ချင်းများ၊ တစ်ညအိပ် နှစ်ညအိပ် လာရောက်သောက်စားကြသော ပန်းချီဆရာ၊ ကဗျာဆရာများနှင့် တရုံးရုံးပျော်ပွဲဖွဲ့ခဲ့ကြ၏။

ကျနော့်အခန်းတွင် လူပြတ်သည်ဟူ၍မရှိ။ ကုတင်သုံးလုံးစီထည့်ထားပြီး အမြဲလိုပင် အခန်းမှာ လူ လေးယောက်မှ ငါးယောက်ထိရှိ၏။
xxx xxx xxx

'ကြည်ဇော်အေး'

ကြည်ဇော်အေးနှင့် ကျနော် ဘယ်လိုခင်သွားကြသည်ကိုတော့ မမှတ်မိ။ သူရန်ကုန်ရောက်လာတော့ ဆုံရင်း ခင်မိကြပုံဖြစ်၏။ ကျနော့်အထင် ၁၉၉၉ ခုနှစ်ဟု ဝေဝေဝါးဝါး မှတ်မိ၏။ သူနှင့် ကျနော် အနော်ရထာလမ်းကနေ ဆူးလေလမ်းမကြီးကို အတူဖြတ်ကူးရင်း စကားပြောခဲ့ဖူးတဲ့ ပုံရိပ်တချို့ စိတ်မြင်ကွင်းမှာ အကြွင်းအကျန်ရှိ၏။

ထိုသို့ ဤသို့ ဖြတ်သန်းရင်း ကျနော်နှင့်သူက ရင်းနှီးခဲ့ကြသည်။

ကျနော် အက်ဖ်ဆောင်မှာ နေတော့ တစ်ရက်သား ကြည်ဇော်အေး၊ ကိုအောင်မိုး၊ ကိုလွှမ်းရုံတို့နှင့် ဝိုင်းဖွဲ့ဖြစ်၏။

ကျနော်ဝိုင်းဖွဲ့လျှင် ဘေးခန်းက ဆရာတွေကပါ ပါဝင်ပူးပေါင်းကြတော့ တဖြည်းဖြည်း လူအရေအတွက်များလာတော့သည်။

အခန်းထဲမှာ အရက်သောက်ကြ၊ ဂစ်တာတီးကြ၊ ဟိုဟိုဒီဒီပြောကြနှင့် ကြာလာတော့ အာကာသဓာတ်ခမ်းခြောက်လာသလို ကျနော်ခံစားရမိတော့ အဆောင်ခေါင်မိုးပေါ်တက် ဂစ်တာတီးဖို့ လောဆော်ကာ ခေါ်သွားမိတော့သည်။

သုံးထပ်ဆောင်၏ အမိုးပေါ်တွင် အင်္ဂတေများကြား၌ မြက်ပင်ရိုင်းများ ပေါက်နေ၏။ ဆောင်းဦးပေါက်အချိန်ဖြစ်၍ မြက်ပင်များ ခြောက်သွေ့နေသည်။ မြက်ပင်များမပေါက်သည့် အပြန့်နေရာတွင် ကျနော်တို့ စုဝိုင်းထိုင်ကာ အရက်ခွက်လှည့်သောက်ကြ၏။

ကောင်းကင်တွင် လဝန်းကြီး ပြည့်လျှမ်းနေ၏။ အရက်သောက် ဂစ်တာတီးနေကြရင်း ကျနော်လည်း စိတ်ကူးပေါက်တာနှင့် မီးပုံပွဲလုပ်ကြရအောင်ကွာဆိုကာ အမိုးပေါ်က မြက်ရိုင်းပင်များကို မီးထရှို့လိုက်တော့သည်။

တဖြတ်ဖြတ် တဖြတ်ဖြတ်အသံမြည်ကာ မီးလောင်ကျွမ်းနေသော မြက်မီးပုံပွဲမှာ ကျနော်တို့ ဂစ်တာသံများ၊ သီချင်းဆိုသံများနှင့် တလွင့်လွင့်။ ။

ဟိန်းထိုက်ဈာန်
(အလျဉ်းသင့်လျှင် ဆက်ရေးပါဦးမည်။)

No comments:

Post a Comment