Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 23, 2016

အိပ်ခ်ျအိုင်ဗွီရှိနေခြင်းကို ဖုံးကွယ်ပြီး မုဆိုးမများနှင့် လိင်ဆက်ဆံခဲ့သည့် အမျိုးသား ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ


ဘလန်တိုင်ယာ

မာလာဝီနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားခြင်းကို ဖုံးကွယ်ထားပြီး မုဆိုးမအသစ်စက်စက်များနှင့် လိင်ဆက်ဆံခဲ့သည့် အမျိုးသားတစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မာလာဝီနိုင်ငံတွင် ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက် မုဆိုးမအဖြစ် ကျန်ရစ်ခဲ့သည့် အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ သန့်စင်မှုပြုလုပ်သည့်အနေဖြင့် အခြားအမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံစေသည့် ဓလေ့ကို ပိတ်ပင်ထားပြီးဖြစ်သည်။

အိပ်ခ်ျအိုင်ဗွီရှိနေခြင်းကို ထုတ်ဖော်မပြောဆိုဘဲ အမျိုးသမီးနှင့် မိန်းကလေး ၁၀၀ ကျော်တို့နှင့် လိင်ဆက်ဆံခဲ့ကြောင်း မာလာဝီတွင် ခွေးအ ဟု ခေါ်ဆိုခံထားရသည့် အဲရစ် အာနီဗာက ဘီဘီစီသတင်းဌာနသို့ ပြောဆိုခဲ့သည်။

အာနီဗာကို ဖမ်းဆီးရန် သမ္မတ ပီတာ မူသရီကာက ဇူလိုင်တွင် ညွှန်ကြားခဲ့သည်။ မူသရီကာသည် အာနီာဗာအား အမျိုးသမီးငယ်များကို လိမ်လည်လှည့်ဖြားမှုဖြင့် တရားစွဲဆိုရန် ဆန္ဒရှိခဲ့သော်လည်း မည်သည့်မိန်းကလေးကမျှ ရုံးတော်သို့လာရောက်ပြီး သက်သေအဖြစ် ထွက်ဆိုခြင်းမရှိခဲ့ချေ။ ယင်းကြောင့် အာနီဗာကို ကျားမတန်းတူညီမျှမှုဥပဒေ ပုဒ်မ ၅ အရ အန္တရာယ်ဖြစ်စေသော ယဉ်ကျေးမှုဓလေ့များ လုပ်ဆောင်မှုဖြင့် တရားစွဲဆိုခဲ့ရသည်။

အန္တရာယ်ဖြစ်စေသော ယဉ်ကျေးမှုဓလေ့များ လုပ်ဆောင်မှုဖြင့် တရားစွဲဆိုပြီးနောက်တွင် အမျိုးသမီးနှစ်ဦး ရုံးတော်သို့လာရောက်ပြီး သက်သေထွက်ဆိုခဲ့သည်။ သို့သော် အမျိုးသမီးတစ်ဦးက ယင်းဓလေ့ကို ပိတ်ပင်မှုမပြုမီတွင် အာနီဗာနှင့် လိင်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး အခြားတစ်ဦးကမူ လိင်ဆက်ဆံမှုမပြုမီတွင် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

မုဆိုးမကို သန့်စင်သည့် ဓလေ့သည် မာလာဝီတွင် ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေသော ဓလေ့တစ်ခုဖြစ်ကြောင်း အာနီဗာနေထိုင်သော အနောက်တောင်ပိုင်းခရိုင် ဆန်ဂျဲမှ လူမှုရေးဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။

မုဆိုးဖိုသို့မဟုတ် မုဆိုးမတစ်ဦးဦးကို လိင်ပိုင်းဆိုင်ရာ သန့်စင်ခြင်းမပြုပါက မျိုးနွယ်တစ်စုလုံး ဒုက္ခရောက်တော့မည်ဟု မှတ်ယူမှုများရှိခဲ့ကြောင်း ၄င်းက ပြောသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် ခရိုင်တွင်းရှိ မုဆိုးမများသည် အမျိုးသားတစ်ဦးနှင့် တစ်ညလျှင် သုံးကြိမ်ခန့် သုံးလေးရက်ဆက်ကာ လိင်ဆက်ဆံခဲ့ရသည်။ အမျိုးသားသည် များသောအားဖြင့် သေဆုံးသူခင်ပွန်း၏ ညီသို့မဟုတ် အစ်ကိုဖြစ်လေ့ရှိပြီး ခင်ပွန်းဖြစ်သူတွင် သားချင်းညီအစ်ကိုမရှိသည့်အခါ အာနီဗာကဲ့သို့ သူစိမ်းတစ်ဦးကို မျိုးနွယ်က ခေါ်ယူကာ လိင်ဆက်ဆံရန် တောင်းဆိုလေ့ရှိခဲ့သည်။ ညအချိန်တွင် လာရောက်ခြင်းဖြစ်သောကြောင့် မာလာဝီဘာသာစကားဖြင့် ဖီစီသို့မဟုတ် ခွေးအဟု ခေါ်ဆိုခြင်းဖြစ်သည်။


မုဆိုးဖိုဖြစ်ပါက အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံရလေ့ရှိသည်။ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်း မြင့်တက်လာမှုကြောင့် ဓလေ့ကို အနည်းငယ်ပြုပြင်ပြောင်းလဲခဲ့သည်။ ယနေ့ခေတ်တွင် မုဆိုးမနေရာ၌ ဇနီးမောင်နှံနှစ်ဦး အစားထိုးပြီး လိင်ဆက်ဆံရကြရသည်။ သို့သော် ဇနီးမောင်နှံသည် လိင်ဆန္ဒအထွတ်အထိပ်မရောက်မီတွင် မျိုးနွယ်စုအတွက် ကောင်းကျိုးသာရှိပါစေ ဟု ဆုတောင်းကြရသည်။

အာနီဗာသည် အိပ်ခ်ျအိုင်ဗွီရှိနေလျက် အမျိုးသမီး၊ မိန်းကလေး ၁၀၄ ဦးတို့နှင့် လိင်ဆက်ဆံခဲ့ခြင်းကြောင့် မာလာဝီနိုင်ငံသားများ တုန်လှုပ်ခဲ့ကြခြင်းဖြစ်သည်။

“အိပ်ခ်ျအိုင်ဗွီဆိုတာ လူသတ်သမားပဲ။ အာနီဗာဟာ လူစိတ်မရှိဘူးလို့ ဆိုရမယ်။ ကိုယ်ကျိုးပြဲ ကြည့်ခဲ့တယ်။ သူ့လို လူမျိုးကို လူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက်သာ ချမှတ်သင့်တာ” ဟု ခရစ်ယာန်တရားဟောဆရာ ပေါ ဇီမူက ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news/

No comments:

Post a Comment