Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 30, 2016

“ယောကျာ်းမှန်ရင်အဖေတောင် မယုံနဲ့”ဆိုတဲ့ စကားကို လုံးဝမပြောခဲ့ဘူး(ထားထက်ထက် နှင့် တွေ့ဆုံခြင်း)


“ယောကျာ်းမှန်ရင်အဖေတောင် မယုံနဲ့”ဆိုတဲ့ စကားကို လုံးဝမပြောခဲ့ဘူးဆိုတာ မူရင်းအသံဖိုင်တွေကို နားထောင်ကြည့် ရင်သိကြမှာပါ ….
.
ထားထက်ထက် နှင့် တွေ့ဆုံခြင်း
*********************
လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး ဆိုတဲ့ ပြည်သူ့ဆန်္ဒဖော်ထုတ်တဲ့ ပွဲမှာ Speaker တစ်ဦးအဖြစ် မျှဝေ ခဲ့သူ အလှမယ်၊ မော်ဒယ် ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထားထားထက်ရဲ့ ပြောစကားအပေါ်နားလည်မှု လွှဲမှားတာမျိုး တွေဖြစ်နေ တဲ့အတွက် သူမနဲ့တွေ့ဆုံပြီး မေးမြန်း ဖြစ်ခဲ့တဲ့အခါ -
---------------------------------------------------------------------------
Sunday-လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး ဆိုတဲ့ ပွဲမှာ ထားထက်ပြောခဲ့တဲ့ စကားလေးနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာမျိုးတွေဖြစ်နေတဲ့အတွက် ဘယ်လိုဖြေရှင်းချင်ပါသလဲ။
Htar-ထားထက်အနေနဲ့ ဒီပွဲကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ လိင်အကြမ်းဖက်မှု အမှုအခင်းတွေ၊ သတင်းတွေ အများကြီး ကြားလာရလို့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့ရည်ရွယ်ပြီး ပြောကြားခဲ့တာပါ။ ကိုယ်တိုင်လည်း အဖေကို အရမ်းချစ်တဲ့ သမီးတစ်ဦးလည်းဖြစ်တဲ့အတွက် အခုလိုပြောကြား ခဲ့တာဟာ ဖခင်တွေကို လုံးဝထိခိုက် စော်ကားလိုခြင်းမရှိဘဲ တကယ့်ပြစ်မူကျူးလွန်သူများကိုသာ သက်ညှာမှု မရှိဘဲ အပြစ်ပေးစေဖို့ ရည်ရွယ်ပြီးပြောခဲ့တာဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့် ပါတယ်။ သူတို့ တင်ချင်ရာတင်ပြီး Troll ကြတဲ့ လူတွေကြောင့် ကိုယ်ရဲ့ပြောစကားဆိုလိုရင်းကို မရောက်ဘဲ အထင်အမြင် လွှဲသွားတဲ့အတွက်လည်း အရမ်းစိတ်ထိခိုက်ရပါတယ်။
Sunday-အမှန်တကယ်ပွဲမှာ ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးသေချာမသိရှိကြဘဲ အခုလိုဝေဖန်ကြတဲ့အပေါ်ဘယ်လို ခံစားရပါသလဲ။
-Htar-ဟုတ်ကဲ့။ ထားထက်ပြောခဲ့တဲ့ စကားက တကယ့်ကို ပြောမထွက်တဲ့၊ ပြောလည်း မပြောသင့်တဲ့ မကြားဝံ့မနာ သာ စကားတစ်ခွန်းပါ။ အမှန်တရားဖြစ်နေပေမဲ့ နားခါးစရာပါ။ သတိထားမိအောင်တော့ ထည့်ပြောရမှာပါပဲ။ ဒါကြောင့်လည်း အပြင်မှာ သေချာလေ့ကျင့်ရင်းစကားမမှားအောင် ထိန်းခဲ့ရပါတယ်။ ကိုယ့်စကားအတွက် အများစုကြီးဖြစ်တဲ့ တကယ့်ဖခင်ကောင်းတွေအပေါ်မှာ ထိခိုက်မှာလည်း အရမ်းစိုးရိမ်ပါတယ်။
အတိအကျကို အသံဖိုင်တွေလည်း နားထောင် နိုင်ပါတယ်။ ထားထက်ပြောတာက “ခုနောက်ပိုင်းမှာ တခါမှ မကြားဘူးခဲ့တဲ့ ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်တဲ့ကိစ်္စတွေတွေ့လာရတယ်။
ဒီလိုကိစ္စမျိုးဆိုရင်တော့ သေဒဏ် ပေးကိုပေး စေချင်ပါတယ်။ ဒီလိုလူမျိုးရှိနေလို့လည်း ဆန်ကုန်မြေလေးဖြစ်နေမှာပါ။ ဘာမှထူးလာမှာမဟုတ်ဘူး” ဆိုတဲ့ စကားကိုပဲ ထည့်သွင်းပြောဆိုခဲ့ရုံပါ။
ထားထက်ဆိုလိုတာက အဖေအရင်းက ကျူးလွန်တဲ့ အခါ မိခင်အနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မှာ၊ သားသမီး မျက်နှာလည်း မငယ်စေလို၊ ပတ်ဝန်းကျင် လက်ညိုးတွေလည်း ကြောက်ရနဲ့ အမှုဖွင့်လို့ ပိုက်ဆံကုန် တာတွေ၊ အားကိုးရာလည်းမဲ့တာတွေ ရှိမှာစိုးရိမ်ပြီး ကျိတ်သည်းခံ နေရတဲ့ အဖြစ်တွေ မဖြစ်စေလိုတဲ့ အတွက် တကယ့်ကို သဘောရိုးနဲ့ အဲဒီလို လူစိတ်မရှိတဲ့ အဖေမျိုးဆို သေဒဏ်နဲ့သာ ထိုက်တန်ကြောင်းဆိုတာမျိုးကို ပြောခဲ့ပါတယ်။
Sunday-အဲဒီလို ကိစ္စရပ်တွေမှာ ဘယ်လို ကာကွယ်ဖို့လိုမယ်လို့ ထင်ပါသလဲ။
Htar-အခုနောက်ပိုင်း ထားထက်တို့က ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုတွေတားဆီးလိုသူတွေရဲ့ စုရပ်အဖြစ် သတင်းတွေ ဖလှယ်ခွင့်ရအောင် အွန်လိုင်း ဂရု(ပ်)တစ်ခုလုပ်ထားတော့ အမှုပေါင်းများစွာ တက်နေတယ်၊ သိရကြားရတာတွေလည်းအများကြီးရှိပါတယ်။ အဲဒီ ဖြစ်ရပ်တွေထဲမှာ အဖေရင်းကသမီးရင်းကို မုဒိမ်းကျင့်တယ် ခြိမ်းခြောက်တယ်ဆိုတဲ့သတင်းတွေ လည်း ပါဝင်နေတော့ အားလုံး ဆင်ခြင် ဂရုပြုနိုင်အောင် ဒီလိုဖခင်စိတ်ဓါတ်မရှိတဲ့ အရမ်းယုတ်ညံ့တဲ့စိတ်ဓါတ်ရှိတဲ့ လူမျိုးအပေါ် ကိုယ်ဖြစ်စေချင်တဲ့ ပြစ်ဒဏ်ကိုပြောပြ လိုက်တာမျိုးပါ။
တကယ့် စာရင်းဇယားတွေအရလည်း လက်ရှိ မုဒိမ်းမှုတွေမှာ ဆွေမျိုး နီးစပ်တော်သူတွေ၊ အနေနီးစပ်သူတွေ၊ အဓိက အစ်ကိုဝမ်းကွဲ၊ ဆရာ စသူတွေကကျူးလွန်တဲ့ ရာခိုင်နှုန်းများနေတာ တွေ့ရတဲ့အတွက် အားလုံးကို သတိထားပြီးဂရုပြုနိုင်အောင်၊ ကာကွယ်နိုင်အောင် ပြောပြတဲ့သဘောပါပဲ။
Sunday- ထားထက်အနေနဲ့ ဘယ်လိုအသိပညာပေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပါသလဲ။
Htar-ထားထက် ကိုယ်တိုင်ကတော့ Stop Sexual Abuse ဆိုပြီး Page တစ်ခု ထောင်ထားပြီး လိင်အကြမ်းမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ပညာပေးတွေကို အများပြည်သူသိအောင် Knowledge Sharing အနေနဲ့ တင်ပေးနေပါတယ်။ ထားထက်အနေနဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဒီကိစ်္စမျိုးတွေ အပေါ်မှာ ကိုယ်တိုင်လည်း လိုက်ပြီးအကူအညီပေးတယ်။ နောက် အင်တိုက် အားတိုက်ဆန့်ကျင်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ပရဟိတ အလုပ်တွေ အများကြီး လုပ်နေတဲ့အတွက် ထားထက်ကို နားလည်ပေးစေချင်ပါတယ်။
Sunday- ထားထက်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့ Comment တွေအများအပြား တွေ့ရတဲ့အတွက်ဘယ်လိုခံစားရလဲ။
Htar-စိတ်မကောင်းလွန်းလို့ သေချာတောင် မဖတ်တော့ပါဘူး။ အမှန်က ထားထက်ပြောတာ ဘာလဲ ဆိုတာ အဲဒီပွဲကိုတက်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ လူတွေအားလုံး သိကြပါတယ်။ ထားထက်ပြောတာတကယ့်ကို မှားယွင်းတယ်ဆိုရင် အဲဒီပွဲမှာကတည်းက အားလုံးက ထားထက်ကို ဝေဖန်ကြမှာသေချာပါတယ်။ အခု လည်း ထားထက်စင်ပေါ်မှာပြောထားတဲ့ Video File တွေကို ထားထက်ရဲ့ လူမှုကွန်ယက်မှာ တင်ထားပေးပါတယ်။
“ထားထက်ထက်က ယောကျာ်းဆိုရင် ကိုယ့်အဖေတောင်မယုံရဘူး”ဆိုပြီး တကယ်မပြောခဲ့ဘဲ ပုံတွေတက်လာ တော့ တခြားမြင့်မြတ်တဲ့ဖခင်တွေကို စော်ကားသလိုမျိုး ၊ အဖေကိုချစ်တဲ့သားသမီးတွေ၊ သားသမီးတွေကို ချစ်တဲ့အဖေတွေကို စိတ်ရှုပ်ထွေးအောင် လုပ်လိုက်သလို ဖြစ်ကုန်ပါတယ်။ အဲဒီစကားကိုပြောခဲ့တာ မဟုတ်ဘူးဆိုတာလည်းမူရင်း အသံဖိုင်တွေနားထောင်ကြည့်ရင်သိကြမှာပါ။
တကယ် အဲဒီလိုပုံတင်လိုက်တဲ့ လူတွေရဲ့ နားလည်မှု လွှဲမှားတဲ့အတွက် ရိုင်းစိုင်းတဲ့ Comment တွေကြောင့်အရမ်းလည်း စိတ်ထိခိုက် ရပါတယ်။ ကိုယ်ပြောတာက ပြစ်မှုကျုးလွန်သူ မည်သူမဆိုကို ရည်ရွယ်ပြောခဲ့တာပါ။ ထားထက် အနေနဲ့ လည်း ဖခင်ချင်းကိုယ်ချင်းစာစိတ် အပြည့်ရှိပါတယ်။ အခြားဖခင်ကောင်းတွေအပေါ်မှာလည်း ဘယ်လိုစော်ကား ပြစ်တင်လိုစိတ်မှ မရှိခဲ့ဘူးဆိုတာ ကိုတော့ ယုံကြည်ချက်အပြည့်ရှိပါတယ်။
Sunday- အခုလိုဖြစ်သွားတဲ့အတွက် အဓိကအနေနဲ့ ပရိသတ်ကြီးကို ဘာများပြောချင်ပါသလဲ။
Htar-အခုလိုမျိုး ပြောဖြစ်တဲ့အဓိကအချက်ကတော့ ကိုယ့်အနေနဲ့ စေတနာသက်သက်နဲ့ အပင်ပန်းခံပြီး လုပ်ခဲ့တယ်။ ဒါကိုနားလည်မှုလွှဲမှားပြီး သေချာမသိဘဲ ဝေဖန်မှုတွေကြောင့် အခုလိုဖြစ်ခဲ့ရတယ်။ အမှန်တကယ် က ရင်သွေးငယ်လေးတွေရဲ့ဘ၀ လုံခြုံစိတ်ချစေဖို့ အတွက် မိဘတွေရဲ့ ရင်ထဲက ခံစားချက်တွေကို မျှဝေပြီး အနာဂတ်မှာ ခိုင်မာလုံခြုံတဲ့ ဥပေဒေတစ်ခု ထွက်ပေါ်လာဖို့ ရည်ရွယ်ခဲ့တာပါ။ ထားထက်အပေါ်အခုလိုမျိုး နားလည်မှုလွဲသွားလို့ အရမ်းလည်းစိတ်မကောင်းဖြစ်ရပါတယ်။
တစ်ချို့တော့ ထားထက်ကိုနားလည်ပြီး ပြန်တောင်းပြန်ကြတာ ပို့စ်တွေ ဖျက်ပေးကြတာတွေရှိပါတယ်။ အဲဒီ အတွက်လည်း ထားထက်အနေနဲ့ အထင်လွှဲသွားတဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ပါဘူး။ ထားထက် ပြောခဲ့တဲ့ အသံဖိုင်လေးတွေကိုပဲ နားထောင်ပြီး ထားထက်ပြောတာ ဘာအဓိပ္ပါယ်လဲ ဆိုတာမျိုးကို ကိုယ်တိုင် ဆုံးဖြတ်စေချင်ပါတယ်။
Sunday- တခြားထပ်မံဖြည့်စွက်ချင်တာများရှိရင်။
Htar- ထားထက်အနေနဲ့ကတော့ ကိုယ်မပြောတဲ့စကားတစ်ခွန်းမို့ သေချာ ရှင်းပြခဲ့ပါတယ်။ သိသွားတဲ့လူတွေကတော့ ဖျက်ပစ်လိုက်တာ ထားထက်အပေါ် အားနာပြီး ပြန်အကြောင်း ကြားတဲ့လူတွေလည်း အများကြီးပါ။ တစ်ချို့ကျတော့လည်း အကြိမ်ကြိမ်အခါခါ အဖြစ်မှန်ကို ရှင်းပြတယ်။ လက်မခံဘူး။ သူတို့ ပြောတာအမှန်ဆိုပြီး ဇွတ်မှိတ်ပြီး ဖော်ပြနေတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါကတော့ ထားထက်ကို မဟုတ်မမှန်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်တာမျိုးသိက္ခာချတဲ့ အပိုင်းမျိုးဖြစ်သွားပါပြီ။ ဒီအတွက်ကတော့ မလုပ်ချင်ပေမဲ့ ထားထက်ရဲ့ အမှန်တရားနဲ့ ဂုဏ်သိက္ခာအတွက် ဥပဒေအတိုင်းပဲ ဖြေရှင်းသွားရမယ့် သဘောမျိုးလည်းရှိပါတယ်။
(အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်)
Credit : Sunday journal #Sundayjournal

No comments:

Post a Comment