Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 9, 2016

နာရီဂယက်နဲ့ သတင်းပညာ

ကျနော်တို့ဟာ သတင်းပဲရေးရေး၊ အတွေးအမြင်ဆောင်းပါးပဲရေးရေး အချက်အလက်မှန်ကန်ခြင်းဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။

လူတစ်ဦးဦး၊ အဖွဲ.အစည်းတစ်ခုခုကို မသမာမှုတစ်ခုကျူးလွန်နေပြီဖြစ်ကြောင်း စွပ်စွဲမယ်ဆိုရင်တော့ အသလွတ်စွပ်စွဲလို့မရပါဘူး။ စွပ်စွဲတယ်ဆိုတာနဲ့ ဒွန်တွဲပြီး လေ့လာတွေ.ရှိချက်တွေ၊ အသေးစိတ်အချက်အလက်တွေကို တစ်ပါတည်း စာဖတ်ပရိတ်သတ်ကိုချပြရပါတယ်။ ငါ့သတင်းရင်းမြစ်ကို မီဒီယာကျင့်ဝတ်အရ ငါမပြောနိုင်ဘူးဆိုတာနဲ့ ကာလို့မရပါဘူး။ သတင်းရင်းမြစ်ကိုမဖော်ပြချင်နေပါစေ ကိုယ့်ရဲ.စွပ်စွဲချက် ဘာ့ကြောင့်မှန်ကန်ရတယ်၊ ဒီစွပ်စွဲချက်ကို အတည်ပြုဖို့ကို ဘယ်လိုစုံစမ်းခဲ့တယ်၊ စုံစမ်းတော့ ဘာတွေတွေ.ရှိရတယ်...ဒါ့ကြောင့် ဒီလိုတော့ မှန်ကန်ကြောင်းတွေ.ရတယ်ဆိုတဲ့ စိစစ်မှု၊ စုံစမ်းမှု၊ တွေ.ရှိမှု ဒီအသေးစိတ်တွေကို စာဖတ်သူတွေကို ချပြရပါမယ်။

ဒါမှမဟုတ်ရင်တော့ ဘာမှအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါပဲ။

စုံစမ်းလို့ အထောက်အထားခိုင်လုံစွာနဲ့ တွေ.ရှိရတယ်ဆိုရင်တောင်မှ အစွပ်စွဲခံရတော့မယ့်သူကို ခုခံချေပခွင့်ပေးရပါမယ်။ ဒီခုခံချက်ကိုလည်း ကိုရေးမယ့် သတင်းမှာ တစ်ပါတည်းထည့်ပေးရပါမယ်။ ဒီခုခံခွင့်ပေးခြင်းဆိုတာ သတင်းသမားအတွက်လည်း အင်မတန်ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လောကကြီးမှာ ကိုယ်ကဘယ်လောက်ပဲ မှန်ကန်တယ်လို့ ဆုပ်ကိုင်ထားတာတစ်ခုဟာ ကာယကံရှင်တွေနဲ.တွေ.ပြီးမှ ငါသိထားတာမှားလေပါလားဆိုတဲ့ အဖြစ်အပျက်ဟာ တစ်ပုံ ကြီးပါ။ ဒါ့ကြောင့် ကာယကံရှင်ကိုခုခံခွင့်ပေးတာဟာ သတင်းသမားအတွက်လည်းကောင်းသလို၊ ကိုယ်ချင်းစားတရားပေါ်အခြေခံပြီး စွပ်စွဲခံရသူကိုလည်း တုံ.ပြန်ခွင့်ပေးပြီးသားဖြစ်၊ နောက်ပြီး သတင်းကျင့်ဝတ်အရ နှစ်ဖက်အသံစုံလင်စွာပါလေတော့ မျှတရမယ်ဆိုတဲ့ သတင်းစည်းကမ်းလည်း လိုက်နာပြီးသားဖြစ်သွားပါတယ်။

အချုပ်ဆိုရရင်တော့

၁။ စွပ်စွဲမယ်ဆို၇င် ဘယ်တုန်းကဒီပစ္စည်းကိုပေးတယ်၊ ဘယ်သူကပေးတယ်၊ ဘယ်လိုအခြေအနေမှာပေးတယ်၊ ဘာအတွက်ပေးတယ် စတဲ့စတဲ့ အသေးစိတ်အချက်အလက်တွေထည့်ကို ထည့်နိုင်သမျှထည့်ပေး၇ပါမယ်။ ဒါဟာ သတင်းရင်းမြစ်နာမည်ဖော်နိုင်၊ မဖော်နိုင်နဲ. လားလားမှမဆိုင်ပါဘူး။

၂။ နောက်ပြီး ဒီအသေးစိတ်အချက်အလက်တွေရရှိဖို့ မည်သို့မည်ပုံစုံစမ်းခဲ့ရတယ်၊ မှန်ကန်ကြောင်း ဘယ်လိုစီစစ်ခဲ့တယ် ဆိုတာကိုလည်း ထည့်ပေးရပါမယ်။

၃။ ဒီစွပ်စွဲချက်ကို သတင်းထဲမထည့်မီ ခုခံခွင့်ကို စွပ်စွဲခံရမယ့်သူကို ပေးရပါမယ်။ ဒါဟာသတင်းစည်းကမ်းပဲခေါ်ခေါ် တရားခွင်မှာချေပခွင့်ပဲခေါ်ခေါ်...ဘယ်အမှုပဲဖြစ်ပါစေ တ၇ားမျှတမှုကို ရှာဖွေရာမှာ ဒီလိုခုခံခွင့်ဆိုတာ လောကပါလ ကျင့်ထုံးတစ်ခုဖြစ်ပါတယ်။

စွပ်စွဲခံရသူကလည်း မတရားဘူးလို့မြင်ရင် ကိုယ့်ရာထူးဂုဏ်ပုဒ် တွေသုံးပြီး စာတွေထုတ်နေမယ့်အစား ရဲဌာနကို အမှုဖွင့်တိုင်တန်းသင့်ပါတယ်။ နိုင်ငံတော်သမ္မတကလည်း ဒီကိစ္စမှန်မမှန် စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ရဲဌာနကို တာဝန်ပေးသင့်ပါတယ်။

တရားမျှတမှုအလင်းတန်းများ ကမ္ဘာအနှံ့ကျရောက်ပါစေ။
Ba Ba Kaung

No comments:

Post a Comment