Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 13, 2016

ထရွမ့်ကို သိပ်ကြောက်နေကြတယ်ဟုတ်လား

ထရွမ့်ကို သိပ်ကြောက်နေကြတယ်ဟုတ်လား

အခွန်

လက်ရှိအိုဘာမားအစိုးရလက်ထက်မှာ ဝင်ငွေ 10,300 နဲ့ 19,525 ကြားမှာ ရှိတဲ့ လူတွေက အခွန် (၁၀)ရာခိုင်နှုန်းကို ပေးဆောင်ရတယ်။ ထရွမ့်လက်ထက်မှာ ဘာအခွန်မှ ဆောင်စရာမလိုတော့ဘူး။ ဒီတော့ တစ်နာရီ (၁၀)ဒေါ်လာ ဝင်ငွေရှိတဲ့ လူတွေ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့။ ဒါဆိုရင် တစ်နှစ်မှာ ဒေါ်လာ ၁၉၂၀ သက်သာသွားတယ်။ သမ္မတထရွမ့်လက်ထက်မှာ တစ်နှစ်ဝင်ငွေ 20,600 နဲ့ 39,050 ကြား ရှိတဲ့လူကျမှပဲ အခွန် (၁၀)ရာခိုင်နှုန်းကို ပေးဆောင်ရမှာပါ။ ဒါဟာ အမေရိကန်မြန်မာတွေအတွက် အင်မတန်မှ အရေးကြီးပါတယ်။

သမ္မတအိုဘာမားလက်ထက်မှာ တစ်နှစ်ဝင်ငွေ 19,525 နဲ့ 29,000 ကြားရှိသူဟာ အခွန်(၁၅)ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်တယ်။ သမ္မတထရွမ့်လက်ထက်မှာ ဝင်ငွေ 39,050 နဲ့ 58,000 ကြားရှိတဲ့ ပုဂ္ဂိုလ်တွေမှပဲ အခွန် (၁၅)ရာခိုင်နှုန်းကို ပေးဆောင်ရမှာပါ။ ဒါဟာလည်းပဲ အနည်းဆုံး အခွန် (၅)ရာခိုင်နှုန်း သက်သာပါ့မယ်။ ဒီလိုပဲ တစ်နှစ်ဝင်ငွေ တစ်သိန်း ရှိရင် အခွန်ဘယ်လောက်ဆိုပြီး လျှော့ပေးထားတာပါ။ ဒါဟာ အမေရိကန်ပြည်သူတွေဆီမှာ ပိုက်ဆံပေါ်အောင်နဲ့ ဈေးကွက်တွေ လှုပ်ရှားလာအောင် ကြိုးပမ်းမှုတစ်ခုပါပဲ။ ပြည်သူတို့အတွက် အခွန်သက်သာပီး လူနေမှုဘဝချောင်ချိရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ သမ္မတထရွမ့်လက်ထက်မှာ အလုပ်ကလေး နည်းနည်းလုပ်တာနဲ့ food stamp လျှောက်စရာမလိုတော့ပါ။ ကျန်တဲ့ အခွန်ပေါ်လစီတွေကို နောက်မှ ဆွေးနွေးပါ့မယ်။

စီးပွားရေး

သူက ပြည်သူတွေကို အလုပ်အကိုင်ရှာဖွေရေးမှာ ကူညီပေးဖို့ ရှိတယ်။ ထရွမ့်ရဲ့ စီပွားရေးစီမံကိန်းမှာ တရုတ်နဲ့ ယှဉ်ပြိုင်ရေး ဖြစ်တယ်။ ဒါကြောင့် တရုတ်ပြည်ကို ပြေးသွားတဲ့ ကုမ္ပဏီတွေကို ပြန်ခေါ်ရေးဟာ သူ့အာသီသ ဖြစ်တယ်။ ဒါပေမဲ့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။ သူက စီးပွားရေးလုပ်ငန်းတွေဆီက လက်ရှိအိုဘာမားအခွန်ထက် တဝက် လျှော့ချင်ပါတယ်။ အရင်က (၃၀)ရာခိုင်နှုန်းဆိုရင် အခု (၁၅)ရာခိုင်နှုန်းပေါ့လေ။ သူက သမ္မတကလင်တန်လက်ထက်က ချုပ်ဆိုခဲ့တဲ့ NAFTA စာချုပ်ကို ဖျက်သိမ်းချင်တယ်။ ဒီစာချုပ်ဟာ အမေရိကန်ပြည်ထောင်စုကို အများကြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ အလုပ်အကိုင်တွေလည်း ပြည်ပတွေ ရောက်ကုန်ကြတယ်။ နောက်စာချုပ်တစ်ခုမှာ TPP စာချုပ် ဖြစ်တယ်။ ဒီစာချုပ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဖစိဖိတ်နိုင်ငံတွေကို ချိတ်ဆက်ပေးမှာ ဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချေးငွေတွေနဲ့ ပြဿနာ တက်နေအုံးမှာပါ။ မြန်မာနိုင်ငံစီးပွားရေးကဏ္ဍမှာ အားပေးဖွယ် ရှိပေမဲ့ လော်ဘီကောင်းကောင်း ရပါက Black lists ကိစ္စကို ပြန်သုံးသပ်ဖွယ် ရှိပါတယ်။ ခရိုနီတွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန်အရေးယူတာမျိုး မရှိနိုင်ပေမဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သူတို့လုပ်ငန်းတွေကို ပြန်ညှိရဖို့ ရှိနိုင်ပါတယ်။ အချို့ကတော့ ဒွန်နယ်ထရွမ့် တက်လာရင် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မယ်လို့ ဆိုပါတယ်။ ကုန်သွယ်ရေးစစ်ပွဲဆိုတာ အခုကတည်းက ဖြစ်နေပါပြီ။ မကျေညာရုံတမယ်ပဲ ရှိတာပါ။

ဆေးကုသခွင့်

လက်ရှိအိုဘာမားပေးထားတဲ့ Affoardable care ဟာ ရောဂါမျိုးစုံကို ကုသလို့ မရသလို ပြည်နယ်တိုင်းမှာလည်း မရပါဘူး။ ကော်လိုရာဒိုပြည်နယ်ကဒ်ကို ရထားရင် အင်ဒီယားနားမှာ ဒီကဒ်ကို သွားသုံးလို့ မရပါ။ ဖျားရင် ကော်လိုရာဒိုကို ပြန်ပြေးရမဲ့သဘောပါ။ သမ္မတထရွမ့် အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ ဘယ်ပြည်နယ်မှာမဆို ဆေးကုသခွင့်ကို ရရှိမှာ ဖြစ်တယ်။ ဆေးကုသခွင့်ကို ပြည်ထောင်စုတဝန်းလုံးရှိ ဆေးခန်းတိုင်း၊ ဆေးရုံတိုင်းမှာ သုံးလို့ ရအောင် လုပ်ပေးမဲ့ အစီအစဉ်ပါ။

လူဝင်မှု

လူဝင်မှုနဲ့ ပတ်သက်ပြီးတော့လည်း မဲဆွယ်တုန်းကလို တင်းတင်းမာမာ ကိုင်တွယ်နိုင်မှာမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ အောက်ခြေအလုပ်တွေကို ဒီတရားမဝင်ဝင်ရောက်ခဲ့သူများကသာ လုပ်ကိုင်နေကြတာ ဖြစ်တယ်။ အကြမ်းဖက်သမားတွေကို မွေးထုတ်ရာနိုင်ငံတွေဆီကဆိုရင် အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ခက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အခြားလူဝင်မှုကိစ္စတွေမှာတော့ ပုံမှန်အတိုင်း သွားနေမှာပါ။ လောလောဆယ် ထရွမ့်လုပ်နိုင်တာက မက္ကစီကိုနဲ့ တံတိုင်းခတ်ဖို့ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်ဝင်ရောက်နေထိုင်သူလူဦးရေ ဘယ်ရာခိုင်နှုန်းလောက် ရှိနေပြီလဲ စစ်တမ်းကောက်ဖို့ပါ။ တရားမဝင်နေထိုင်သူလို့ ပြောတာနဲ့ မက္ကစီကန်တွေ၊ လာတီနိုတွေပဲ ရှိတာ မဟုတ်ပါ။ ထိုင်းတွေ၊ ဖိလစ်ပိုင်တွေ၊ မြန်မာတွေလည်း ပါပါတယ်။ သမ္မတထရွမ့်အနေနဲ့ သမ္မတဖြစ်ပြီးတာနဲ့ စကားကို ထိန်းပြောရမှာ ဖြစ်သလို အချို့ကိစ္စတွေမှာ အပွန်းအပဲ့ ခံလို့ မရပါ။ လောလောဆယ် မိမိတို့နေထိုင်ရာကော်လိုရာဒိုမှာလည်း မက္ကစီကန်တွေနဲ့ လာတီနိုတွေက ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အရင်က ဒီပြည်နယ်ဟာ ရီပတ်ဘလီကင်ပါ။ ဆေးခြောက်ကို တရားဝင်လုပ်ခဲ့လို့ရယ်၊ စီးပွးရေးတိုးတက်မှုနှုန်း မြင့်မားခဲ့လို့ရယ် ကယ်လီဖိုနီးယားက လူတွေ မနည်းမနော ပြောင်းလာလို့ အခုဆို အနီရောင်ပြည်နယ်ဘဝကနေ အပြာရောင်ပြည်နယ်ဘဝအဖြစ်ကို ပြောင်းလဲသွားခဲ့ရပါတယ်။ ဒါတွေဟာ တရားမဝင်လာရောက်နေထိုင်သူရဲ့ ပွတ်တိုက်မှုကြောင့်လည်း ပါဝင်ပါတယ်။

နေတိုးနဲ့ ရုရှား

အမေရိကန်သမ္မတဆိုတာ ဥရောပမျိုးနွယ်တွေ များပါတယ်။ အခု ထရွမ့်က စကော့လူမျိုးတဝက်ပါပါတယ်။ စကော့တလန်မှာ သူ့စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ သမ္မတအဖြစ် အရွေးခံရကြောင်း သိတာနဲ့ ဗြိတိန်ကို ချက်ချင်းဖုန်းဆက်ပါတယ်။ ဒါပေမဲ့ ဗြိတိန်က ဥရောပသမဂ္ဂကနေ နုတ်ထွက်ခဲ့ပါပြီ။ နုတ်ထွက်ရခြင်းရဲ့ အကြောင်းမှာလည်း ထရွမ့်လိုပဲ လူဝင်မှုကိစ္စကို စိုးရိမ်လို့ ဖြစ်တယ်။ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့တာရယ်၊ ဆင်းရဲတဲ့ နိုင်ငံတွေက ဗြိတိန်ကို ဒလဟော ဝင်ရောက်နေတာရယ် အစရှိတဲ့ အကြောင်းတွေကြောင့် နုတ်ထွက်ခဲ့ရခြင်းပါ။ ဗြိတိန်က ဥရောပသမဂ္ဂကနေ နုတ်ထွက်ခဲ့လို့၊ အမေရိကမှာ ထရွမ့်နိုင်ခဲ့လို့ ဥရောပသမဂ္ဂအနေနဲ့ အကြပ်အတည်း နည်းနည်း ရှိပါတယ်။ ထရွမ့်က ရုရှားနဲ့ အဆင်ပြေအောင် ပြန်ညှိမယ်ဆိုနေလို့လည်း နေတိုးအဖွဲ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေကြရတာပါ။ ထရွမ့်ကတော့ အနည်းဆုံး ISIS ကို တိုက်ဖျက်တဲ့နေရာမှာ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားပါလိမ့်မယ်။ တရုတ်နဲ့ ပေါ်လစီကစားတဲ့အခါ သုံးပါလိမ့်မယ်။ အမှန်မှာ သမ္မတရစ်ချတ်နစ်ဆင်လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ဆိုဗီယက်ယူနီယံကို တန်ပြန်တိုက်ဖို့ တရုတ်ကွန်မြူနစ်တွေကို အားပေးခဲ့ပါတယ်။ အခုအခါမှာ တရုတ်ကွန်မြူနစ်တွေကို ကိုင်ဖို့ ရုရှားဖက်ဒရေးရှင်းနဲ့ ပြန်ပေါင်းဖို့ ကြိုးပမ်းပါလိမ့်မယ်။ ဥရောပသမဂ္ဂအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီအသစ်ကြောင့် ရုန်းကန်ရဖွယ် ရှိပါတယ်။

တရုတ်နဲ့ အာဆီယံ

ထရွမ့်ရဲ့ ပစ်မှတ်က တရုတ်လို့ အများက ယူဆကြပါတယ်။ အမှန်မှာ တရုတ်ဟာ ကလင်တန်၊ ဘုရှ်နဲ့ အိုဘာမားတို့လက်ချက်ကြောင့် အမေရိကန်တို့ရဲ့ အကြွေးရှင်ပါ။ အကြွေးရှင်ကို ဘယ်သူကမှ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှာမဟုတ်ပါ။ ဒါပေမဲ့ ထရွမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ အာရှဖစိဖိတ်ကနေ ဥရောပကို ပြန်သွားမှာမို့လို့ တရုတ်အတွက် အသက်ရှုချောင်မဲ့ သဘောကို တွေ့ရပါတယ်။ မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံကို သုံးပြီး တရုတ်+အိန္ဒိယ+သြစတြေးလျကို ကိုင်မဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာဟာ မြန်မာနိုင်ငံအတွက် မုန်တိုင်းကြီးတစ်ခုသဖွယ်ပါ။ တရုတ်အတွက်လည်း အင်မတန်မှ စိုးရိမ်ဖွယ်ရာအခြေအနေပါ။ အခုအခြေအနေအရ ထရွမ့်ကို တရုတ်က ချဉ်းကပ်နိုင်ခဲ့ရင် အာရှဖစိဖိတ်ကုန်သွယ်ရေးနဲ့ အာဆီယံဒေသတည်ငြိမ်ရေးအတွက် အလုပ်လုပ်နိုင်ပါသေးတယ်။ ထရွမ့်ဟာ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါ။ စီးပွားရေးတစ်ယောက်သာ ဖြစ်ပါတယ်။ အပေးအယူ တည့်ရင် ဘာမဆို လုပ်မဲ့သူ ဖြစ်တယ်။ နောက်တစ်ခုကတော့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုပါ။ အိုဘာမားဟာ ပျော့ပျောင်းတဲ့ သဘောထားရှိလို့ ရှရှုားတို့၊ ISIS တို့၊ တရုတ်တို့၊ ဖိလစ်ပိုင်တို့တောင် အမေရိကန်ကို အနိုင်ကျင့်ချင်ကြပါတယ်။ အိုဘာမားအစိုးရဟာ ၁၉၇၆ ပြည့်နှစ်များက သမ္မတကာတာအစိုးရနဲ့ ဆင်ဆင်တူပါတယ်။ ထရွမ့်အစိုးရဟာ ၁၉၈၀ ပြည့်နှစ်များက သမ္မတရွန်နေးရီဂင်နဲ့ ဆင်ဆင်တူပါတယ်။ ခပ်ကြမ်းကြမ်းကိုင်မဲ့ အမေရိကန်သမ္မတ အုပ်ချုပ်နေတဲ့အချိန်မှာ ဘယ်နိုင်ငံကမှ၊ ဘယ်အကြမ်းဖက်အဖွဲ့ကမှ လက်တည့်စမ်းဝံ့မှာမဟုတ်ပါ။ စမ်းခဲ့ရင်လည်း စစ်တိုက်ဖို့ အဆင်သင့် ပြင်ထားရမှာမို့ပါပဲ။ ဒါကြောင့် တောင်တရုတ်ပင်လယ်အရေးမှာလည်းပဲ တရုတ်တွေက နည်းနည်း ဘရိတ်အုပ်ပါလိမ့်မယ်။ ဒူတာတေးကလည်း တရုတ်နဲ့ ပူးပေါင်းမှာ ဖြစ်ကြောင်း ကျေညာဝံ့တော့မှာမဟုတ်ဘူး။

အရှေ့အလယ်ပိုင်းဒေသ

အစ္စရေးတွေကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါလိမ့်မယ်။ ပါလက်စတိုင်းတွေကတော့ စိတ်ညစ်နေကြပါလိမ့်မယ်။ ဆီးရီးယားအစိုးရကလည်း မျှော်လင့်ချက်နည်းနည်းကလေး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ISIS တွေကတော့ လမ်းဆုံးရဖို့ ရှိပါတယ်။ ISIS အဖွဲ့ ပေါ်ပေါက်လာရခြင်းမှာ အိုဘာမားရဲ့ နိုင်ငံရေးပေါ်လစီ ဟာကွက်ကြောင့် ဖြစ်တယ်။ (၁) အာရှဖစိဖိတ်ကို ပြောင်းရွှေ့သွားခြင်း၊ (၂) အီရတ်ကနေ အမေရိကန်တပ်ကို ရုပ်သိမ်းခဲ့ခြင်း၊ (၃) ISIL တွေကို အားပေးခဲ့မိခြင်းတို့ကြောင့် ဖြစ်တယ်။ ဒီအချက်တွေနဲ့ပဲ ကလင်တန်က ပေးဆပ်ခဲ့ရခြင်း ဖြစ်တယ်။ ကလင်တန်ဟာ သြဇာရှိတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပေမဲ့ အိုဘာမားအစိုးရအတွက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရာ အမှားတွေ များခဲ့ပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းဟာ လုံးဝမတည်ငြိမ်နိုင်တော့ပါ။ သမ္မတထရွမ့်လက်ထက်မှာ အရှေ့အလယ်ပိုင်းပြဿနာကို သေသေချာချာ ပြန်ကိုင်တွယ်ပါလိမ့်မယ်။ သူ့နိုင်ငံခြားရေးဝန်ကြီးက ဘယ်သူလဲလို့ ခန့်မှန်းနိုင်ရင် ထရွမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီသစ်ကိုလည်း ပိုပြီးတော့ ခန့်မှန်းနိုင်ပါလိမ့်မယ်။

ထရွမ့်ဟာ ကြောက်စရာသတ္တဝါ မဟုတ်

ထရွမ့်ဟာ ကြောက်စရာ မဟုတ်ပါ။ သူဟာ IRS နဲ့ ပတ်သက်ပြီး အားနည်းတွေ ရှိနေတာကို သိတယ်။ ဝါရှင်တန်အသိုင်းအဝိုင်းကိုလည်း သဘောပေါက်တယ်။ ဝေါလ်စထရိတ်လမ်းပေါ်က စီးပွားရေးအဆောက်အအုံတွေကို ကျွမ်းကျင်တယ်။ သူ မကျွမ်းကျင်တာ လူမှုရေးသိပ္ပံပါ။ ဒါကြောင့် အချို့အချက်အလက်တွေမှာ သူ မှားမှားယွင်းယွင်း ပြောမိတာ ရှိတယ်။ ဒါပေမဲ့ အမြင်စူးရှမှုကတော့ ရှိပါတယ်။ အခု ရွေးကောက်ပွဲမှာကိုပဲ ကြည့်ပါ။ သူ နိုင်မယ်လို့ ဘယ်သူကမှ မထင်ကြပါ။ သူ့ပါတီ၊ သူ့ပရိသတ်၊ သူ့မိတ်ဆွေတွေတောင် သူ နိုင်မယ်လို့ မခန့်မှန်းခဲ့ပါ။ သူ ဘာကြောင့် နိုင်ခဲ့သလဲ မေးရင် (၁) အမေရိကန်ပြည်သူတွေဟာ နိုင်ငံရေးသမားတွေကို စိတ်ကုန်နေကြတယ်၊ (၂) ကလင်တန်ဟာ လူထုတွေနဲ့ ဘယ်တုန်းကမှ အစေးမကပ်ခဲ့ဖူးမှန်း သူ သိတယ်၊ (၃) မီဒီယာတွေဟာ ထရွမ့်ကို တိုက်ခိုက်လေ လူဖြူတွေက ထရွမ့်ကို ထောက်ခံလေဆိုတာ သိနေတယ်၊ (၄) အကြိတ်အနယ် ယှဉ်ပြိုင်ရမဲ့ ပြည်နယ် (၇)ခုမှာ သူက အချိန်ပေးပြီး သူ့ပေါ်လစီကို နားလည်အောင် ရှင်းပြနိုင်ခဲ့တယ်၊ (၅) သူဟာ ရီပတ်ဘလီကင်သမ္မတလောင်း ဖြစ်ပေမဲ့ ရီပတ်ဘလီကင်ပါတီအကြီးအကဲတွေကတောင် မထောက်ခံတော့ တသီးပုဂ္ဂလလို လောင်းရိပ်ကင်းနေလို့ ပြည်သူတို့ရဲ့ ယုံကြည်မှုကို ပိုမိုရရှိခဲ့တယ်။ ဒီအချက် (၅)ချက်ကြောင့်ပဲလို့ မိမိမြင်ပါတယ်။ ဒါကြောင့် ထရွမ့်တက်လာလို့ ကြောက်စရာမဟုတ်ပါ။ အမေရိကန်အစိုးရဆိုတာ အမေရိကန်ပြည်သူတို့ရဲ့ နေ့စဉ်ဘဝကို သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူး။ သူတို့က သမ္မတပြောင်းသွားတော့မှာတောင် ပုံမှန်နေ့စဉ်ဘဝကတော့ အရင်းအတိုင်းပါပဲ။
U Ravika

No comments:

Post a Comment