Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 30, 2016

အနောက်ရပ်က ငိုရှိုက်သံ



31-Oct-2016

ထိုညက ရဲတပ်ကြပ်အာကာ၏ သေနတ်မှ ကျည်မထွက်ခဲ့ပါ။ ထို့ကြောင့်ပင် လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ဦး မျက်စိရှေ့တွင် ကျဆုံးခဲ့ရသည်။

အမည်ရင်း မဖော်ပြလိုသဖြင့် အာကာဟု အမည်ပေးထားသော ထိုရဲတပ်ကြပ်မှာ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုတွင် ခုခံကာကွယ်ခဲ့သဖြင့် ရာထူးတိုးမြှင့် ခံခဲ့ရသည်။

သို့သော် သူ့စိတ်ထဲတွင် ဝမ်းနည်းခံပြင်းမှုများ ပြည့်နေဆဲ ဖြစ်သည်။

“ကင်းလဲလို့ အချိန်မကြာသေးဘူး။ အုပ်စုလိုက်ကြီး ဝင်လာတော့ ကျွန်တော်တို့လည်း တောက်လျှောက်ပြန်ခုခံတာပဲ” ဟု အကြမ်းဖက် တိုက်ခိုက်ခံရစဉ်က မြင်ကွင်းကို တပ်ကြပ်အာကာက ပြန်ပြောင်းပြောပြသည်။

“ကျွန်တော်တို့ ရဲဘော်ကို ဓားနဲ့ထိုးနေတော့ လဝက မှတ်တမ်းထိန်းက ဝင်ရိုက်လိုက်တာ လဲသွားတဲ့ အကြမ်းဖက်သမားကို သေနတ်နဲ့ ပစ်ပေမယ့် ကျည်ကုန်မထွက်ဘဲ ညပ်သွားတယ်။ ပစ်လို့ မရတော့ဘူးလေ”

ပေါ့လျော့မှု၊ အဘက်ဘက်မှ ချို့တဲ့အားနည်းမှုတို့အပြင် တိုက်ဆိုင်မှုများက အကြမ်းဖက်သမားတို့ အတွက် အခွင့်အလမ်းများ ပိုသာသွားစေခဲ့သည်။

အကြမ်းဖက်မှု မဖြစ်ခင်က နေအိမ်အတွင်း သေနတ်ထုတ်ယူထားခွင့် ရရှိသည်။

သို့သော် အကြမ်းဖက်မှု မဖြစ်ပွားပြီး တစ်ပတ်အတွင်း သေနတ်များကို ပြန်လည်အပ်နှံခိုင်းသဖြင့် ဗဟိုကင်းသို့ ပြန်အပ်နှံလိုက်ရကြောင်း မောင်တောမြို့နယ်  ငါးခူရစခန်းမှ တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့အပြင် ထိုရက်က ငါးခူရစခန်း တိုက်ခိုက်ခံရသည့် အချိန်တွင် တာဝန်ရှိသည့် တပ်ရင်းမှူးမှာလည်း ကင်းစခန်းတွင်မရှိ။

သေနတ်များ ပြန်သိမ်းရန် အစီအစဉ် မရှိသေးသော်လည်း အောက်ခြေမှာ ကြိုပြီးစာရင်းကောက်ရန် သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ထိုအချိန်က သေနတ်အပ်နှံစေခဲ့ခြင်း အကြောင်းကို အမှတ် ၃၁ ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သက်ကိုကိုက နောက်ပိုင်းတွင် ပြန်ရှင်းပြခဲ့သည်။

ငါးခူရဗဟိုကင်းသို့ ဖြစ်ဖြစ်ချင်း ရောက်ရှိခဲ့သည့် ဂါတ်စာရေး တပ်ကြပ်ကြီး ခင်မောင်အေး ဦးစီးပြီး အကြမ်းဖက်သမား ရာပေါင်းများစွာကို ခုခံပစ်ခတ်မှုကြောင့်သာ ဗဟိုကင်းနှင့် စခန်းမှူး နေအိမ်ကို စီးနင်းရန် ကြိုးစားသည့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် စခန်းမှူး နေအိမ်ထဲမှ သေနတ်အလက် ၃၀ ခန့် ပါမသွားခြင်းဖြစ်ကြောင်း ငါးခူရစခန်းတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အနောက်တံခါးဟု တင်စားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာမကြာ အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံ တိုင်းရင်းသားများမှာ တစ်စတစ်စ ဆုတ်ခွာနေထိုင်ခဲ့ရသည်။ ယခုအခါ မောင်တောမြို့နယ်တွင် ဒေသခံတိုင်းရင်းသား ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်။

ယခုနောက်ဆုံး အဖြစ်အပျက်တွင်လည်း ထိုအတိုင်းဖြစ်သည်။

မောင်တောဒေသကို တစ်လက်မမှ အထိမခံ ဆိုသော်လည်း လုံခြုံရေးစိတ်မချမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုများက ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာရေး ပိုမိုတွန်းအားပေးနေသည်။

မောင်တောဒေသနေ ပြည်သူများ၏စိတ်တွင် လုံခြုံမှု မရှိပါက မောင်တောမြေ တစ်လက်မမျှ ကျန်မည်မဟုတ်ကြောင်း ငါးခူရကျေးရွာမှ ဒေသခံများက ပြောဆိုခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာ အနီးရှိ ကြိမ်ချောင်းကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့် ရှိပြီး ရခိုင်တိုင်းရင်းသားအိမ်မှာ ၃၀ ကျော်ခန့်သာ ရှိကြောင်း ဒေသခံ ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။
“ဘယ်လိုနေရဲတော့မှာလဲ၊ လုံခြုံရေးအဖွဲ့တွေကလည်း အင်အားမလောက်လို့ အခုလို ထွက်ပြေးရတာပါ” ဟု ၎င်းက ဆိုသည်။

ငါးခူရကျေးရွာအနီး ရခိုင်ရွာ ၈ ရွာ၏ လုံခြုံရေးမှာ ဒေသခံများ၏ အဓိကလိုအင်။

ရခိုင်တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းနေ ဘင်္ဂါလီတို့အကြား နှစ်ပေါင်းများစွာ ကတည်းက တစ်စတစ်စ ပျက်ယွင်းလာခဲ့သော ယုံကြည်မှု ပြန်တည်ဆောက်ရေးကလည်း အိပ်မက်ပမာ။

ထိုကြောင့် အကြမ်းဖက်မှု မဖြစ်ပွားသော်လည်း မောင်တောမြို့ပေါ်နှင့် မောင်တောတောင်ပိုင်း ကျေးရွာများတွင် အုပ်စုနှစ်ခုအကြား စိုးရိမ်မှုများ၊ မယုံကြည်မှုများ ဆက်လက်စိုးမိုးနေခဲ့သည်။

မောင်တောမြို့ပေါ် ဈေးဆိုင်အများစုမှာ ဘင်္ဂါလီဆိုင်များ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း စိုးရိမ်မှုများကြောင့် ဈေးဆိုင်မဖွင့်ကြတော့။

“ပြဿနာ ဖြစ်ကတည်းက ဆိုင်တွေမဖွင့်ရဲဘူး။ ကြောက်တယ်လေ။ အကြမ်းဖက်တာကို ကျွန်တော်တို့ လက်မခံဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာမွေးပြီး ဒီမှာပဲကြီးတာ။ အေးချမ်းတာကိုပဲ လိုချင်ပါတယ်” ဟု မောင်တောမြို့မဈေးတွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသော အစ္စလာမ် ဘာသာဝင် ဦးအဒူအာမောက်က ပြောကြားသည်။

အစိုးရ အဆက်ဆက်၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှု၊ လာဘ်စားမှု၊ ပေါ့လျော့မှုတို့က ယခုပြဿနာကို ပိုမိုနက်ရှိုင်းလာစေသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လာဘ်စားလျှင် ပြတ်ပြတ်သားသား အရေးယူမည်ဟု မောင်တောခရိုင်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားခဲ့သည်တိုင် အကျင့်ပျက်ဝန်ထမ်း အချို့၏ လာဘ်ပေးလာဘ်ယူမှုများက မောင်တောဒေသခံများ အတွက် တရားဝင် ခွင့်ပြုထားသလို မထူးဆန်းတော့ပေ။

“မောင်တောကနေ အခြားဒေသ ပြောင်းရမှာ ကြောက်လို့ ပိုက်ဆံပေးပြီး နေနေတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။ မောင်တောဒေသက ပြောင်းရမှာ ကြောက်နေကြတာ။ ဌာနဆိုင်ရာတွေထဲ လိုက်ကြည့်လိုက်ရင် သိသာပါတယ်” ဟု မောင်တောမြို့ နယ်စပ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် ငါးခူရကျေးရွာအနီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမ်းရှိ မြစ်နားရွာကို လူတစ်ဦးလျှင် တစ်သောင်းကျော်ဖြင့် အလွယ်တကူ သွားလာနိုင်သည်။ လှေပေါ်ပါလာသည့် လူဦးရေအလိုက် ကင်းစခန်းများကို တစ်ဦးလျှင် တစ်ထောင်ကျပ် ပေးရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်နားကျေးရွာတွင် နေထိုင်သည့် ကူးတို့လှေပိုင်ရှင်တစ်ဦးက ပြောသည်။
“ကုလားကူးကူး၊ နွားကူးကူး တစ်ယောက် တစ်ထောင်ပေးလိုက်ရင် ပြီးရော။ တစ်ပတ်ကို သုံးကြိမ်၊ လေးကြိမ် လူရရင်ရလို့ ကူးဖြစ်တယ်” ဟု ကူးတို့လှေပိုင်ရှင် ၎င်းက ဆိုသည်။

သို့ဆိုလျှင် လုံခြုံရေးစည်းမှာ မည်သို့ ပြန်အသက်ဝင်အံ့တော့မည်နည်း။

ယင်း၏ အကျိုးဆက်ကို သေအံ့မူးမူး ခံစားရသူများအနက် တစ်ဦးမှာ မောင်တော ငါးခူရကျေးရွာတွင် ကင်းစခန်း ဒုတပ်ကြပ် ဇော်နိုင်ထွန်း၏ ဇနီး မအေးချမ်းစိုး ဖြစ်သည်။ ဘူးသီးတောင်သား ထိုဒုတပ်ကြပ်နှင့် မအေးချမ်းစိုး အိမ်ထောင်ကျသည်မှာ ခြောက်လကျော်ခန့်သာ ရှိသေးသည်။

ထိုမနက်ခင်းက မအေးချမ်းစိုးတို့ နေထိုင်သော အဆောင်ကို ကာကွယ်ရင်း ဒုတပ်ကြပ် ဇော်နိုင်ထွန်း အသက်ပေးခဲ့ရသည်။ မအေးချမ်းစိုး ကိုယ်တိုင်လည်း မသေရုံတစ်မည်။

“ကျွန်မခေါင်းကို ခုတ်ခံရတာ သိတာနဲ့ မလှုပ်ရဲတော့ဘူး။ သွေးတွေကလည်း အိုင်နေတာပဲ။ မသေချာမှာစိုးလို့ ဓားနဲ့ နှစ်ချက်ထိုးပြီး ပေါင်ကိုဓားနဲ့ ထပ်လှီးသေးတယ်။ ဗိုက်ကိုထိုးလိုက်တာနဲ့ အသက်ရှူလို့ မရအောင် ခံစားရတယ်။ ကျွန်မယောက်ျား ကျွန်မရှေ့မှာ သေနေပေမယ့် မလှုပ်ရဲဘူး။ ကျွန်မကို ခုတ်တဲ့အချိန် ကျွန်မစိတ်ထဲ မြင်တာ ဘုရားကိုပဲ” ဟု သူက ဆိုသည်။

မောင်တောမှ ထွက်ပြေးလာရသူများ၏ စိတ်အတွင်းဝယ် ၁၉၄၂၊ ၁၉၈၈၊ ၁၉၉၄၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဒဏ်ရာများ မကျက်သေးမီ နောက်ထပ် ၂၀၁၆ ဒဏ်ရာ ထပ်ပိုလာပြန်သည်။

“ဒီဒဏ်ရာတွေ ပျောက်အောင်ကုစားမယ်ဆိုရင် ဒီမောင်တောဒေသရဲ့ လုံခြုံရေး၊ စီးပွားရေးကို  နိုင်ငံတော်က အာမခံနိုင်တဲ့အထိ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။
“နောက်ပြီး မြေယာပိုင်ဆိုင်ခွင့်တွေကအစ ဥပဒေအတိုင်း စီမံဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”

အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက်တွင်  မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ဟောင်းများအစား ရိုင်ဖယ်သေနတ်အသစ်များ ထုတ်ပေးလိုက်ပြီ ဖြစ်သည်။

ကိုင်ဆောင်သော လက်နက်များကို ပစ်ခတ်စမ်းသပ်ရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း လည်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အကြမ်းဖက်သမားများနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် အာကာသည် ယခုဆိုလျှင် အသစ်ထုတ်ပေးထားသည့် လက်နက်ဖြင့် ယုံကြည်မှုရှိပြီ ဖြစ်သည်။ အကြမ်းဖက်သမားများအား ပြန်လည်ပစ်ခတ်ရန် အတွက်လည်း ယုံကြည်မှု အပြည့်ဖြင့် ကျည်အပြည့် ထည့်ထားသည့် BA-63 ကို ကိုင်ဆောင်ပြီး အနောက်ဘက်တံခါးကို တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်သည်။

“ကျွန်တော်တို့ ဖြစ်တဲ့နေ့က ကိုင်ထားတဲ့ သေနတ်သာ အခုလိုမျိုးကောင်းတယ် ဆိုရင် ဒီကောင်တွေ ဝင်လာစရာကို မရှိဘူး” ဟု သူက ဆိုသည်။

ဒေသခံများမှာ လုံခြုံရေးအပေါ် စုံလုံးပစ်မယုံရဲတော့။ အချို့မှာ တပ်မတော်ကို အချိန်ပြည့် လုံခြုံရေး ယူထားစေလိုသည်။

မည်သို့ပင်ဆိုစေ မချမ်းအေးစိုးကဲ့သို့ အကြမ်းဖက်မှုကို ခံစားခဲ့ရသည့်သူတစ်ယောက် အတွက်ကတော့ နေရပ်ရင်း မပြန်တော့။ ဘဝဒဏ်ရာများ ကျန်ခဲ့ရာ အနောက်ဘက်တံခါးဝမှ ငါးခူရကျေးရွာသို့  သူမအတွက် ခြေဦးလှည့်ရန် စိတ်ကူးမရှိတော့ပေ။

“မောင်တောကို မပြန်တော့ဘူး၊ မပြန်ချင်တော့ဘူး၊ စစ်တွေမှာပဲ အခြေကျအောင် ကြိုးစားတော့မယ်” ဟု မအေးချမ်းစိုးက ဆိုလေသည်။            

ဖိုးသီဟ (မြတ်သူထွန်း)
http://thevoicemyanmar.com/article/3174-anb

No comments:

Post a Comment