CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 22, 2016
ဝန်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများကြားက လမ်းပျောက်နေသော ဆက်ဆံရေး - လက်စောင်းထက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်၏ မော်ဒယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရဟောင်းနှင့် ကွဲပြားခြားနားမှုများရှိသည်။ ယခင်အစိုးရဟောင်း၏ ဖွဲ့စည်းပုံ အဆင့်ဆင့်မှာ တပ်မတော်မှ ယူနီဖောင်းချွတ်ပြီး အုပ်ချုပ်ရေး ကဏ္ဍသို့ ၀င်ရောက်လာရာတွင် စီနီယာ၊ ဂျူနီယာများအတိုင်း တာဝန်ယူခဲ့သည့် ပုံစံများဖြစ်သည့်အတွက် အထက်အောက် ဆက်ဆံရေးမှာ မည်သည့်ပြဿနာမှ မဖြစ်ပေါ်ခဲ့ပေ။
ထိုသို့ အထက်အမိန့် အဆင့်ဆင့်ဖြင့် အုပ်ချုပ်ရာတွင် ပြန်လည်ဝေဖန် ဆွေးနွေးထောက်ပြမှုများ မရှိသည့်အတွက်လည်း တချို့ လုပ်ငန်းများသည် အနုတ်လက္ခဏာ ဆောင်ခဲ့သည်။ ယခင်အစိုးရဟောင်း၏ အဓိကအား နည်းချက်မှာ Civil Administration ဟု ခေါ်သော မြို့ပြအုပ်ချုပ်ရေးကို မနိုင်နင်းခြင်း ဖြစ်သည်။ လုပ်ငန်းသဘော သဘာဝမျိုးစုံကို ချဉ်းကပ်ရာတွင် စစ်ရေးအမြင်ကဲသော ချဉ်းကပ်မှုမျိုးဖြင့် ဆောင်ရွက်ခဲ့သည့် အတွက် ပြည်သူလူထု၏ ငြိုငြင်မှုကို ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့အပေါ် လိုအပ်သည်ထက်ပို၍ သြဇာညောင်းနေခြင်းသည် ဒေသဖွံ့ဖြိုးရေး တိုးတက်မှုနှုန်းကို နှောင့်နှေးစေခဲ့သည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ဗဟိုအစိုးရ အနေဖြင့် အုပ်ချုပ်ရေး အာဏာကို အလွန်အမင်း ချုပ်ကိုင်ထားခွင့် ရှိနေဆဲဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို လွတ်လပ်စွာ လုပ်ကိုင်ရန် အခက်အခဲ၊ အတားအဆီး မြောက်မြားစွာ ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သော စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး ပြဿနာမှာမူ ယခင်အစိုးရဟောင်း လက်ထက်တွင် အဖုအထစ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်အစိုးရဟောင်း၏ ဖွဲ့စည်းပုံ (Structure)မှာ တပ်မတော်တွင် ရှိသည့်အတိုင်း ရာထူးခန့်ထားမှုကို စဉ်းစားခဲ့သောကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံကို ဦးဆောင်သော နိုင်ငံတော် သမ္မတ ဖြစ်ခဲ့သည့် ဦးသိန်းစိန်မှာ တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူဖြစ်သည်။ ဦးသိန်းစိန်နည်းတူ ပြည်ထောင်စု လွှတ်တော်ကို ဦးဆောင်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် အစိုးရဟောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုအဆင့် ၀န်ကြီးအများစုမှာလည်း တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့သူများသာ ဖြစ်သည့်အလျောက် ၀န်ကြီးဌာန အကြီးအကဲများ၊ အရာရှိကြီးများ၊ ညွှန်ချုပ်ညွှန်မှူး အများစုကအစ တပ်မတော်မှ ဖြစ်သည့်အလျောက် သြဇာညောင်းခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၀န်ကြီးချုပ်တာဝန် ယူခဲ့သူများမှာလည်း တပ်မတော်မှ အရာရှိကြီးများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အစိုးရဌာန အကြီးအကဲများကို ညွှန်ကြားရာတွင် တပ်မတော် ပုံစံအတိုင်း ဖြစ်နေသဖြင့် မည့်သည့်စောဒကမျှ တက်ခြင်းမခံရဘဲ ခိုင်းသည့်အတိုင်း ဆောင်ရွက်ခဲ့သည်က များသည်။ အထူးသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍများကို ထိန်းညှိရာတွင် ၀န်ကြီးချုပ်များနှင့် သက်ဆိုင်ရာ စစ်တိုင်းမှူးများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းခဲ့သည်ကများသည်။ ၀န်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများ၏ ဆက်ဆံရေးမှာလည်း တပ်မတော်မှာ ရှိစဉ်ကအတိုင်း အထက်အောက် ဆက်ဆံရေး ဖြစ်သဖြင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ အစည်းအဝေးများသို့ ဖိတ်ကြားရာတွင် အလွန်လွယ်ကူခဲ့သည်။ ၀န်ကြီးချုပ်၏ ဖိတ်ကြားချက်ကိုလည်း ဂျူနီယာ တိုင်းမှူး အနေဖြင့် ငြင်းဆန်လေ့မရှိပေ။ တချို့ စစ်တိုင်းမှူးများက ဆိုလျှင် ၀န်ကြီးချုပ်ကို “အဘ” ဟု ခေါ်ဝေါ်ပြီး ၀န်ကြီးချုပ်ကလည်း စစ်တိုင်းမှူးကို တပ်ထဲကအတိုင်း “ကောင်လေး” ဟု ခေါ်သည်ကိုပင် ကြားခဲ့ဖူးသည်။
ဥပမာအားဖြင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်း ဆောင်ခဲ့သည့်အတွက် ထိုစဉ်က ရန်ကုန်တိုင်း စစ်တိုင်းမှူးများ အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်စန်းဦးနှင့် ဗိုလ်ချုပ် ထွန်းထွန်းနောင်ကို အစည်းအဝေး ဖိတ်ရာတွင် Protocol မလိုအပ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၅မှ ဖြစ်ပြီး ဗိုလ်ချုပ်စန်းဦးနှင့် ဗိုလ်ချုပ်ထွန်းထွန်းနောင်မှာ ဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် စာလျှင် အလွန်ငယ်ရွယ်သော တိုင်းမှူးများ ဖြစ်ကြသည်။
ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဉဏ်ဝင်းမှာလည်း တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၅မှ ဆင်းသက်ခဲ့သူဖြစ်သည်။ ထိုစဉ်က ပဲခူးတိုင်း တိုင်းမှူးမှာ ဗိုလ်ချုပ်အောင်ကျော်ဇော ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၄ မှ ဖြစ်သည်။ စစ်ကိုင်းတိုင်းတွင်လည်း ၀န်ကြီးချုပ် ဦးသာအေးမှာ တပ်မတော်တွင် ဒုတိယဗိုလ် ချုပ်ကြီးအဆင့်ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၃မှ ဖြစ်သည်။ စစ်ကိုင်းတိုင်း တိုင်းမှူးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅မှ ဆင်းသော ဗိုလ်ချုပ် အောင်လင်းဒွေး ဖြစ်သည်။ ယခင် အစိုးဟောင်း၏ ၀န်ကြီးချုပ်များထဲတွင် အရပ်သားဟူ၍ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် ၀န်ကြီးချုပ်များသာ ရခဲ့သည်။ သက်ဆိုင်ရာ ဒေသများတွင် အုပ်ချုပ်ရေးနှင့် တပ်ဘက်ရေးရာ ကိစ္စရပ်များအတွက် ပေါင်းကူးဆက်သွယ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီးဌာန (နယ်/လုံ) ၀န်ကြီးအဖြစ် တပ်မတော်မှ ဗိုလ်မှူးကြီးများကို တာဝန်ပေးခဲ့သည်။
ယခုအစိုးရသစ် လက်ထက်တွင် ပြည်သူလူထု ရွေးချယ်တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ်များမှာ အရပ်သားများ ဖြစ်သည့်အလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များမှာလည်း အရပ်သားများ ဖြစ်လာခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို အတိုက်အခံပြုခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူများဖြစ်သဖြင့် သက်ဆိုင်ရာ ဒေသများတွင် ၀န်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများကြားတွင် ပုံမှန်ထိတွေ့မှု မရှိခဲ့ပေ။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်များမှာ စီနီယာ၊ ဂျူနီယာအရ စစ်တိုင်းမှူးများအပေါ် သြဇာညောင်းခဲ့သော်လည်း လက်ရှိ အရပ်သား ၀န်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများကြားတွင် ဒေသတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် ပုံမှန်ဆက်ဆံရေး လမ်းကြောင်းတစ်ခု ပျောက်ဆုံးလျက်ရှိသည်။ ထိုအခြေအနေကို သတိပြုမိပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်ထောင်စု အစိုးရကဲ့သို့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး မရှိသော်လည်း နယ်/လုံ ၀န်ကြီးများမှ တစ်ဆင့် လစဉ်ဖြစ်စေ၊ သတ်မှတ်ထားသော အချိန် အပိုင်းအခြားလိုက်ဖြစ်စေ၊ ပျောက်ဆုံးနေသော ပုံမှန်ဆက်ဆံရေး တစ်ရပ်ကို အမှန်ထူထောင်ရန် လိုအပ်နေကြောင်း ဝေဖန်အကြံပြုအပ်ပါသည်။
လက်စောင်းထက်
ဝန်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများကြားက လမ်းပျောက်နေသော ဆက်ဆံရေး - လက်စောင်းထက်
Reviewed by MP4 YoU
on
September 22, 2016
Rating: 5
Reviewed by MP4 YoU
on
September 22, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment