ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ

Eleven Media Group
April 27, 2014 ·
မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။

“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။

ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။

ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။

“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။

၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။

NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။

စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။

NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။

“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။

စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး

အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။

INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။

ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။

“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။

အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။

“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။

“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။

“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။

သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။

NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။

“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။

အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။

ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။

“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။

“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။

ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။

လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။

လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။

“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။

(စစ်တွေမြို့တွင် INGO များနှင့် ဒေသခံများအကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသည် INGO မှ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခု)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)