Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 5, 2016

ဒေါ်လာစား၍ ကိုယ်ကျိုးစွန့်ခဲ့သည်

၂၀၀၈ ခုနှစ် မေလ ၂ ရက် ပြင်းထန်သော နာဂစ်မုန်တိုင်းအပြီး လူပေါင်းများစွာ သေကြေခဲ့ရသည်…
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်…မိသားစုဝင် တွေ သေကွဲကွဲခဲ့ကြရသည်….
ဖြစ်ပြီးတာက ဖြစ်ပြီးသွားခဲ့ပြီ…နောက်ပြန်လှည့်လို့မရတော့….
သားတစ်ကွဲ မယားတစ်ကွဲ အိုးမဲ့ အိမ်မဲ့ ၀မ်းစာမဲ့ ဒုက္ခပင်လယ်ဝေပြီး ကျန်ရစ်ခဲ့သူ လူများစွာအတွက်
ဘယ်ကစပြီး ဘာလုပ်မည်နည်း…
သူတို့ဘ၀တွေ သူတို့ကျေးရွာတွေ သူတို့စိတ်ဒဏ်ရာတွေ ပြန်လည်နလံထူဖို့အရေးသည် လွယ်ကူလွန်းသော ကိစ္စရပ်တစ်ခုမဟုတ်….
အချိန်ကကုစားနိုင်သည်ဆိုသော်လည်း ကျန်ခဲ့ရသူ ခံစားခဲ့ရသူအဖို့ လေပြင်းတိုက်လာတိုင်း မိုးသံပြင်းပြင်းကြားတိုင်း တုန်လှုပ်နေတုန်း ချောက်ခြားနေတုန်း…..
တစ်နိုင်ငံလုံး နာကျင်ခံခက်ဖြစ်ကြရသည်….
ကူညီချင်ကြသည်…လက်ထိလက်ရောက် လှူ ချင်တန်းချင်ကြသည်… အားပေးစကားလေးတစ်လုံးဖြစ်ဖြစ် စာနာအကြည့်အပြုံးလေးတစ်ခု ဖြစ်ဖြစ်ပေးချင်ကြသည်….
တစ်ဦးအပေါ်တစ်ဦး ဖေးမကူညီချင်တတ်သည့် မြန်မာ့စိတ်ရင်းသည် ဖန်သားပြင်က ငိုကြွေးနေသော အသံရှင်များ နှင့် တစ်သွေးတစ်သားတည်း ရှိကြောင်း....
တစ်နိုင်ငံလုံးခင်ဗျားတို့နှင့်အတူရှိနေကြောင်း ပြသနိုင်ခဲ့ကြသည်…
ဝိုင်းခဲ့ဝန်းခဲ့ကြသည်…..
ဘာသာရေးအဖွဲအစည်းများ နှင့် ပြည်တွင်း တစ်နိုင်တစ်ပိုင် လူမှု ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ အရေးပေါ်အခြေအနေတွင် အရောက်သွားနိုင် ထောက်ပံ့နိုင်ခဲ့သည့်အတွက် နောက်ဆက်တွဲအသေအပျောက် ယခုထက်နည်းခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းကပင် ချီးကျူး ရေးသားခဲ့ရသည်….
တစ်လ…နှစ်လ….သုံးလ…လေးလ နှင့် တဖြည်းဖြည်းကြာလာတော့ ပြည်တွင်း၏အင်အားသည် စိတ်ရှိသော်လည်း ကို့မှာလည်း ကို့အပူနှင့်ကိုယ်မို့ အပြစ်မပြောသာတော့…..
………………………………………..
ကျွန်တော်တို့လူမျိုးသည် ခံစားချက်နှင့်သာကူညီတတ်ပြီး စနစ်ဇယားနှင့် မကူညီတတ်သေးကြောင်း သင်ယူဖို့လိုနေသေးကြောင်းကို နိုင်ငံတကာ အဖွဲ့အစည်းများဝင်ရောက်လာသောအခါမှာသိခွင့်ရလိုက်သည်..
အဓိက တွေ့ရသည်က သနားလို့ဆိုပြီး ပါလာသည့်ပစ္စည်းတစ်ရွာတည်း ပုံအောပေးပစ်တာမျိုး….
နောက်တစ်ရွာဆက်တော့ ပေးစရာပစ္စည်းက လက်ထဲနဲနေတာ မရှိတော့တာမျိုး…
ဘယ်ရွာဘယ်လောက်ပေးလဲ ဘယ်မှာလဲစာရင်းဆိုတော့……
“ကျနော်မယူထားပါဘူးဗျာ… သူတို့တွေကိုပဲပေးပစ်တာ ခင်ဗျားမျက်စိရှေ့တင်ပဲဆိုတာမျိုး….”
လာသမျှလူပေးလို့မဖြစ်ဘူး အတန်းအစားခွဲပြီး ဆင်းရဲ ချမ်းသာ ခွဲဆိုတော့…..
“အကုန်ဒုက္ခရောက်နေတာ ခင်ဗျားမို့လို့ခွဲခိုင်းရက်တယ်ဆိုတာမျိုး….”
တစ်အိမ်ထောင်တစ်ယောက်ပဲပေး လာသမျှမပေးနဲ့ အိမ်ထောင်စုစာရင်းခွဲဆိုတော့…..
“ဘယ်သူရရပေါ့ဗျာ တစ်ရွာတည်းသားချင်းပြန်မျှကြလိမ့်မယ်ဆိုတာမျိုး….”
တကယ်တမ်းကျတော့ စိတ်စေတနာ ခံစားချက်အပြင် စနစ်ဇယား အစီအစဉ်ကျနမှုရှိဖို့သည်လည်း ကူညီကယ်ဆယ်ရေးတွင် အရေးပါသည်ဆိုသည့်အကြောင်း သူတို့ကပြန်သင်ပြသွားခဲ့သည်….
………………………………………………..
နာဂစ် မုန်တိုင်း အလွန်တွင် အဓိကပေါ်ထွန်းလာသည်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနှင့် လက်တွဲလုပ်ဆောင်နိုင်မည့် လူသားအရင်းအမြစ် ၀န်ထမ်းလူတန်းစားတစ်ရပ်ပဲဖြစ်သည်….
ယခင်က မြန်မာပြည်တွင် NGO အဖွဲ့အစည်းတွေရှိခဲ့သော်လည်း အများစုက မဖွံ့ဖြိုးသေးသည့် တောင်ပေါ် ချင်းပြည်နယ်လိုဒေသတွေ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်းတောတို့လို့ ဒေသတွေမှာသာအများစုရှိခဲ့ခြင်းဖြစ်သည်….
ထိုအချိန်က NGO အဖွဲ့အစည်းများဆိုသည် ကလည်းလက်ချိုးရေလို့ရသေးသည်... နယ်စွန်နယ်ဖျားတွေမှာ တာဝန်ထမ်းဆောင်ရသည်ဆိုတော့ NGO အလုပ် ခေတ်မစားခဲ့ဘူးခေါ်ရမည်ပေါ့….
ဟော…အခုကျတော့ အရေးပေါ်အခြေအနေတွေလုပ်ဆောင်ဖို့ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ NGO အဖွဲအစည်းတွေ အများအပြားဝင်ရောက်လာမှုနဲ့ အတူ လူတိုင်းပါးစပ်ဖျား NGO NGO NGO ဖြစ်လာကြသည်..…
ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ်တွေ….အရည်အချင်းရှိပြီး ဖေါ်ထုတ်ခွင့်မရသည့်လူငယ်တွေ…
English စာတတ်ထားပြီး ဘယ်သူ့သွားပြောရမှန်းမသိသည့် လူငယ်တွေ အတော်များများအတွက် NGO အဖွဲ့အစည်းတွေသည် ကိုယ်စွမ်းကိုယ်စ မြှင့်တင်ပေးရာ နေရာကောင်းတစ်ခုဖြစ်ခဲ့ပါသည်….
တစ်ချို့လူတွေက အမနာပ ကွယ်ရာမှာပြောကြသည်…..
"အဲ့ဒီ NGO ၀န်ထမ်းတွေပေါ့…. သူတို့လစာကောင်းကောင်းရတာနဲ့ နောက်ထပ် နာဂစ်တစ်လုံးထပ်တိုက်ပါစေ ဆုတောင်းနေတဲ့ကောင်တွေ..." ဆိုပြီး NGO ၀န်ထမ်းတွေလစာကောင်းတာကို မနာလိုတိုရှည်ဖြစ်ခဲ့ကြသည်….
အမှန်ဆို သူတို့ပေးရတာလည်းမဟုတ်… အဖွဲ့အစည်းက နိုင်ငံတကာစံနှုန်းနဲ့ ဒီရာထူးအဆင့်ဆို ဒီလောက်ပေးရမည်ဆိုပြီး သတ်မှတ်ထားသည့်အတွက် သူတို့ပေးနိုင်လို့ပေးခြင်းအပေါ် ဘေးကနေ လစာများသူတွေအပေါ် မရှုစိမ့်နိုင်ကြခြင်းဖြစ်မည်…
အငတ်ခံပြီးကူညီတာကိုမှ ထိရောက်မှုရှိသည် ကူညီမှု ဟုခေါ်သည်လို့ မြင်နေကြတုန်း မြင်နေကြဆဲဖြစ်သည်…
“မင်းတို့တစ်တွေက အကျိုးလိုလို့ညောင်ရေလောင်းတာပါကွာ…” ဆိုသည့်အမြင်နေရာတွင်
“အော်…ကျွဲကူးရေပါ ဘုရားလည်းဖူး လိပ်ဥလည်းတူး လူငယ်လေးတွေလည်းအလုပ်ရ ဒေသခံတွေလည်း အကူအညီအထိုက်အလျောက်ဖြစ် “ လို့ပြောင်းမြင်နိုင်ဖို့ ဆိုသည်ကတော့ NGO နဲ့လစာစကေးအတူ အပြင်အလုပ်မျိုးတွေအများကြီးရှိနေပါလျှက်မှ NGO မှာပဲတွယ်ကပ်နေသည်ဆိုသည့်အချိန်ရောက်မှ ပဲ ဖြစ်နိုင်တော့မည်ထင်သည်......
ဇာနည်မောင်မောင်ကျော်
ဓါတ်ပုံ။ ။ အင်တာနက်

No comments:

Post a Comment