Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 7, 2016

Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ဧရာဝတီတိုင်းအတွင်း ကလေးခိုးဂိုဏ်းများ သောင်းကျန်းနေသည် ဆိုသည်မှာ ကောလာဟလများဖြစ်ပြီး လူထုဆူပူစေရန် ၀ါဒဖြန့်ခြင်းများသာ ဖြစ်ကြောင်း သိရ

 Published on Wed, 01/06/2016 - 22:52

မြောင်းမြမြို့တွင် ကလေးသူခိုးများ ၀င်ရောက်လာသည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် ဇန်န၀ါရီ ၅ ရက် ညပိုင်းတွင် လူစုလူဝေးဖြင့် လိုက်လံ ရှာဖွေနေစဉ်
ပြည်သူများအကြား စိုးရိမ်မှုများ မြင့်မားစေသည့် Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးခိုးဂိုဏ်းများ အုပ်စုဖွဲ့ကာ ကလေးများ ခိုးယူနေသည် ဆိုသည်မှာ ကောလာဟလများသာဖြစ်ပြီး လူထုဆူပူစေရန် ၀ါဒဖြန့်ဖြူးခြင်းများသာဖြစ်ကြောင်း အခင်းဖြစ်ပွားရာ ဒေသများသို့ လက်တွေ့ကွင်းဆင်း မေးမြန်းခြင်းများနှင့် တာဝန်ရှိသူများထံမှ အတည်ပြုချက်များအရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပုသိမ်မြို့၊ မြောင်းမြမြို့၊ လပွတ္တာမြို့၊ မအူပင်၊ အိမ်မဲ၊ ၀ါးခယ်မ၊ ဖျာပုံ စသည့် မြို့နယ်များတွင် ကလေးခိုးဂိုဏ်းများ ရောက်ရှိနေကြပြီး အချို့မှာ အရူးသဖွယ် ဟန်ဆောင်၍ ကလေးများကို ခိုးယူကြကြောင်း၊ အချို့မှာ နေအိမ်များပေါ်ထိ တက်ရောက်၍ ခိုးယူခြင်း၊ ကလေးငယ်များကို လမ်းခုလပ်တွင် မုန့်များကျွေးခြင်းဖြင့် ခိုးယူခြင်း၊ မေ့လျော့စေသည့် ဆေးဝါးများ တိုက်ကျွေး၍ ခိုးယူခြင်းများ ပြုလုပ်ပြီး ကလေးငယ်များကို တရုတ်နိုင်ငံသို့ ကိုယ်အင်္ဂါများ စိတ်ပိုင်းကာ ရောင်းချမှုများ ပြုလုပ်နေသည်ဟု ဆိုသည်မှာ Facebook သုံးစွဲသူများအကြား သတင်းများ ပျံ့နှံ့နေပြီး တချို့မှာ ဗီဒီယိုဖိုင်များပါ ပြသ၍ သတင်းများ ဖြန့်ချိနေကြကြောင်း၊ Facebook စာမျက်နှာများပေါ်တွင် ကလေးသူခိုးများ ဖမ်းမိဟု တင်ပြထားသည့် ဓာတ်ပုံများမှာ အမှုဖြစ်စဉ်များနှင့် သက်ဆိုင်ခြင်း မရှိသည့် ဓာတ်ပုံများသာဖြစ်ကြောင်း အခင်းဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် နေရာဒေသများသို့ သွားရောက်တွေ့ဆုံ မေးမြန်းချက်များအရ သိရသည်။

“ကျွန်တော်တို့ တိုင်းထဲမှာ ဘာကလေးခိုးမှုမှ မဖြစ်ပါဘူး။ အခု ထွက်ပေါ်နေတဲ့ သတင်းများအတွက်ကိုလည်း ဖျာပုံမြို့မှာလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးပါပြီ။ ပုသိမ်မှာလည်း လုပ်ခဲ့ပါတယ်။ လပွတ္တာမှာလည်း သတင်းစာရှင်းလင်းပွဲ လုပ်ဦးမှာပါ။ ထွက်ပေါ်ခဲ့သမျှ သတင်းတွေဟာ မမှန်ပါဘူး” ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက အတည်ပြု ပြောကြားသည်။
 မြောင်းမြမြို့တွင် ကလေးသူခိုးများဝင်ရောက်လာသည်ဟု သတင်းများထွက်ပေါ်မှုကြောင့် ဇန်န၀ါရီ ၅ ရက် ညပိုင်းတွင် လူစုလူဝေးဖြင့် လိုက်လံရှာဖွေနေစဉ်

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကျေးရွာများတွင် သာမန် တရားခံများကို သွားရောက်ဖမ်းဆီးရာတွင်လည်း ရဲတပ်ဖွဲ့မှ ကလေးသူခိုးများကို ဖမ်းဆီးသွားသည်ဟု ကျေးလက်ဒေသများတွင် ၀ါဒဖြန့်ချိ သတင်းထုတ်ပြန်မှုများလည်း ရှိနေသည်။

“ကျွန်တော်တို့က အရက်မူးပြီး သောင်းကျန်းနေတယ်ဆိုတဲ့ သူကို သွားဖမ်းတာ တရားခံကို ဖမ်းလာပြီးတော့ စခန်းတောင် မရောက်သေးဘူး။ အနောက်မှာ ကလေးသူခိုးကို ဖမ်းမိသွားပြီး ရဲက ဖမ်းသွားတယ်လို့ သတင်းတွေ ထွက်လာလို့ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ အနောက်ပြန်လှည့်ပြီး ဘာဖြစ်တာလဲလို့ မေးရတယ်။ ဘယ်သူတွေကနေ အခုလို သတင်းမျိုး ထွက်အောင် လုပ်ဆောင်နေလဲ ဆိုတာကို မသိရဘူး။ နေရာ အစုံကနေ မြို့နယ် အတော်များများမှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာ” ဟု မြောင်းမြမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးက ဆိုသည်။

ကလေးများ အခိုးခံရသည်ဟု အခင်းဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်သည့် နေရာများသို့ သွားရောက်တွေ့ဆုံ သတင်းများ ရယူရာတွင် ဒေသခံများမှာ ကလေးများ ခိုးခံရခြင်း မရှိဘဲ ယင်းကဲ့သို့ သတင်းများသာ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း၊ ကလေးငယ်များ ခိုးခံရသည်ဟု သတင်းများကြောင့် မိမိတို့၏ သားသမီးများကိုပါ ကျောင်းများနှင့် စာဖတ်ဝိုင်းများသို့ စေလွှတ်ရန် မြို့ကျောင်းများသို့ စာသင်ကြားရေးအတွက် စေလွှတ်ရန် စိုးရွံ့မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

“ကျွန်မတို့ လပွတ္တာမှာလည်း ကလေး အခိုးခံရတယ်။ သူခိုးလည်း မိတယ်လို့ သတင်းကြားတော့ သမီးအတွက် စိုးရိမ်လို့ ကျောင်းသွားကျောင်းပြန်ရော ကျူရှင်တွေ သွားတာရောကိုပါ လိုက်ပို့ပေးပြီး အချိန်ပြည့် စောင့်ပေးနေရတယ်။ အလုပ်ရှိလို့ အပြင်သွားရင်တောင်မှ သမီးကို တစ်ယောက်တည်း မထားခဲ့ရဲတော့ဘူး။ အိမ်ပေါ်ထိ တက်ခိုးတယ်ကြားတော့ ညဘက်မှာလည်း စိတ်ပူမိတယ်” ဟု လပွတ္တာမြို့မှ ကလေးမိဘ တစ်ဦးဖြစ်သူ ဒေါ်သန္တာက ပြောကြားသည်။

ကလေး ခိုးခံရသည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် ကျေးလက်ဒေသများတွင် အခြားသော နေရပ်များမှ ဈေးလာရောင်းချသူများကိုပါ ကလေးသူခိုးများ အထင်ဖြင့် တားဆီးမှုများ အန္တရာယ်ပြုမှုများလည်း ကြုံ တွေ့နေရကြောင်း သိရသည်။

“လူတွေ သတင်းတွေ အရမ်းပျံ့နေတော့ စိုးရိမ်ကြီးနေတယ်။ ရွာတွေမှာဆို ဈေးလာရောင်းတဲ့ စောင်သည်တို့ အ၀တ်သည်တို့ သင်္ဘောတွေနဲ့ ဈေးလာရောင်းတဲ့ အသည်တွေဆိုရင် ကလေးသူခိုးတွေလို့ ထင်ပြီးတော့ အန္တရာယ်ပြုကြတာပါ ရှိနေတယ်။ ကျွန်တော်တို့ကို လာပြီးတော့ စောင်သည်တစ်ဦးက လာတိုင်ဖူးတယ်။ သူက ဈေးသွားရောင်းတာ ရွာက ကလေးသူခိုးပါဆိုပြီး ၀ိုင်းရန်ပြုလို့ အမှုလာဖွင့်တာ ရှိတယ်” ဟု မြောင်းမြမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးက ပြောကြားသည်။
ကလေးများ အခိုးခံရကြောင်း၊ ကလေးသူခိုးအား ယခုပင် လိုက်လံ ဖမ်းဆီးနေကြောင်း Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဒေသများကို သာမက EMG မှ သတင်းထောက်များထံသို့ တယ်လီဖုန်းများဖြင့် ဆက်သွယ် သတင်းပေးပို့သည့် နေရာဒေသများအား လက်တွေ့စုံစမ်း မေးမြန်းရာတွင် မည်သည့်ကလေး ခိုးယူခံရခြင်းများမှ မရှိဘဲ ကလေးသူခိုးဟု အမည်မသိသူ တစ်ဦးက စတင်အော်ဟစ်ရာမှာ ကလေးသူခိုးများ ရောက်နေသည်ဟုဆိုကာ လူစုလူဝေးများဖြင့် လိုက်လံဖမ်းဆီးခြင်းများ ဖြစ်ပွားရခြင်း၊ မည်သည့်နေရာများတွင်မှ တရားခံများ မမိခြင်း၊ ကလေး အခိုးခံရသည်ဆိုသည့် နေအိမ်များတွင် မည်သည့်ကလေးများ အခိုးခံရမှုများ မဖြစ်ပွားခြင်းများ ဖြစ်ပေါ်နေပြီး ပြည်သူများ စိုးရိမ်ကြီးမှုများ မြင့်မားစေရန်နှင့် ဆူပူများ ဖြစ်ပွားစေရန် ၀ါဒဖြန့်ချိနေမှုများသာ ဖြစ်ကြောင်း သိရသည်။            
Writer: 
မင်းသူဝင်းထွဋ်

No comments:

Post a Comment