ခုတလော ကလေးနှိပ်စက်တဲ့အမှုနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ဖတ်ဖြစ်နေတယ်။ အဓိက ဇာတ်ဆောင်ကတော့ ဗသက အပတ်စဉ်(၉၉)ဆင်း ကြည်း ၂၉၆၅၀၊ ဗိုလ်မှူးကျော်နုမော်ပေါ့လေ။ သူတို့က OTS (၉၉) ဆိုပေမင့် စည်သူတပ်ခွဲမို့ စည်သူ(၉၉) လို့ သုံးနှုန်းကြပါတယ်။ စည်သူ(၉၉) ဆိုတာ ကျနော်နဲ့ သိပ်တော့ မစိမ်းပါဘူး။ ၁၉၉၈ မှာ စည်သူ(၉၉) စဖွင့်တော့ ဘွဲ့ရဗိုလ်လောင်း သုံးမျိုးပါပါတယ်။ ရိုးရိုးဘွဲ့ရယ်၊ တိမွေးကုဘွဲ့ရနဲ့ အင်ယာဘွဲ့ရဆိုပြီး။ စည်သူ(၉၉) ထဲကနေ ရာထူးအမြင့်ဆုံးကိုအစောဆုံး ရောက်သွားတာက တလောက နယ်စပ်ရေးရာမှာ ညွှန်ချုပ်ဖြစ်သွားတဲ့ ဗိုလ်ကြီးခန့်ဇော်ပါ။ လက်ရှိ ပြန်ကြားရေးမှာ ညွှန်မှူးဖြစ်နေတဲ့ ဗိုလ်ကြီးအေးကြွယ်၊ ဖိုတိုလစ်သိုမှာ စက်ရုံမှူးဖြစ်နေတဲ့ ဗကအောင်ဇော်ဦးတို့ဆိုတာလည်း စည်သူ(၉၉)တွေပါပဲ။ တလောက တော်လှန်ရေးနေ့စစ်ရေးပြမှာ လ၀က အရာရှိကို ပါးရိုက်တဲ့ လ၀က ဒုညွှန်မှူး ရဲဇင်လတ်ဆိုတာလည်း စည်သူ(၉၉)က ဆင်းသွားတာပါပဲ။ ကဲ - စည်သူ(၉၉) အကြောင်း ထားပါတော့လေ။ စည်သူ(၉၉) က ကျော်နုမော်အကြောင်းပဲ ပြောကြတာပေါ့။
ကျော်နုမော် သိန်းထောင်ချီတန်တဲ့အိမ်မှာနေတာကို ကျနော်တော့ မအံ့သြပါဘူး။ ဘာလို့ဆိုတော့ ကျနော်နေပြည်တော်မယ်နေစဉ်မယ် ဂျီအီးတပ်က တပ်ကြပ်ကြီးတွေ သိန်း သုံးလေးရာတန်တဲ့ ဖင်ကောက်ကား တ၀ီဝီနဲ့ ကားနောက်ခန်းထဲမယ် ဆာလာအိတ်နဲ့ ပိုက်ဆံအပြည့်ထည့်ပြီး ကေတီဗီ၊ မာဆတ်တွေမှာ သုံးဖြုန်းနေတာ မြင်ဖူးရုံတင်မကပဲ ကိုယ်တိုင်လည်းကြုံဖူးပါတယ်။ ကျော်နုမော်လို ဗိုလ်သင်တန်းဆင်းပြီးထဲက ခြေလျင်တပ်မဆင်းဖူးပဲ စအရ(၉၁၆)မှာစုမှူး၊ နောက် ဆလအ(၉၄၅)မှာ လထစစ်မြို့နယ်အင်ဂျင်နီယာ၊ စအရ(၉၀၃)မှာ တပ်ခွဲမှူး၊ တပ်မှူး အစရှိသဖြင့်ဘ၀တွေမှာ ဂျီအီးတပ်တွေမှာပဲ ကျင်လည်ဖူးသူပါ။ ဒီတော့ ဂျီအီးတပ်ရဲ့အရာရှိတစ်ယောက် သိန်းထောင်ချီတန်တဲ့အိမ်မှာ နေနိုင်တာကို ကျနော်တော့ မအံ့သြဘူး။
ကျနော်အံ့သြတာက ဒီမိုကရေစီခေတ်ပြောင်းဆိုတဲ့ကာလကြီးမှာ ကျော်နုမော်လို ဗိုလ်မှူးအဆင့် တစ်ယောက်ကိုတောင် တရားဥပဒေအရ ပွင့်လင်းမြင်သာဖို့ ခက်ခဲနေတဲ့ကိစ္စကိုပါ။ တပ်မတော်မှာ ဗိုလ်မှူးအဆင့်ဆိုတာဟာ Grade 2 အဆင့်ပဲ ရှိပါတယ်။ သူ့အောက်မှာ ဒုဗိုလ်၊ ဗိုလ်နဲ့ ဗိုလ်ကြီး ဆိုပြီး သုံးဆင့်ပဲရှိပါတယ်။ သူ့အထက်မှာတော့ Grade 1 အဆင့် ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကြီးကစလို့ အထက်အရာရှိအဆင့်အတန်းတွေ အများအပြားရှိပါတယ်။ ကျော်နုမော်ဆိုတာက တပ်မတော်မှာ ထောင်ပေါင်းများစွာသော ဗိုလ်မှူးအဆင့်တွေထဲက တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီလိုဗိုလ်မှူးအဆင့်တွေထဲမှာလည်း လူကောင်းတွေ ရှိနေသလို လူဆိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ တပ်မတော်မှာ ဗိုလ်မှူးအဆင့်သာရှိတဲ့ ကျော်နုမော်လို လူမျိုးကိုတောင် သက်သေအထောက်အထားတွေ ပြည့်စုံနေပေမင့် မြန်မာတရားဥပဒေအရစီရင်ဖို့ခက်ခဲနေတာကို အတော်အံ့သြမိပါတယ်။ ခုချိန်ထိတောင် တပ်မတော်က တရားဥပဒေရဲ့အထက်မှာ နေချင်နေသေးတာလားလို့တောင် စဉ်းစားမိတယ်။ ဒါပါပဲ။
Moe Zay Nyein..
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 23, 2015
ဗဟန်းမြို့ နယ် ကလေးနှိပ်စက်မှုနဲ့ ပတ်သက်တဲ့ ဗိုလ်မှူး ကျော်နုမော်အကြောင်း
Labels:
Army,
city,
crime,
Daily Popular,
Opinion
ဗဟန်းမြို့ နယ် ကလေးနှိပ်စက်မှုနဲ့ ပတ်သက်တဲ့ ဗိုလ်မှူး ကျော်နုမော်အကြောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 23, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment