CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, September 1, 2015
ပဲခူးရိုးမပျော် ဆင်ငါးကောင် မူရင်းဒေသသို့ ပြန်လည်ရောက်ရှိ
မြို့သစ် သြဂုတ် ၃၁
ဒေသခံပြည်သူများ၏ စိုက်ခင်းများ၊ အိုးအိမ်များကို ဖျက်ဆီးခြင်း မပြု၊ ပြုလျှင် ဖြစ်လာမည့်အန္တရာယ်ကိုလည်း နားလည်ပုံရသော ဆင်အုပ်ကြီးသည် ၄င်းတို့၏မိသားစု ဝင် ဆင်ငယ်တစ်ကောင်ကို ဆုံးရှုံးချန်ထားခဲ့ရပြီး လာရာ လမ်းဆီသို့ မနားမနေ၊ မစားမသောက် ခရီးကြမ်းနှင်လာခဲ့ရာ သြဂုတ် ၃၁ ရက် နံနက် ၃ နာရီခန့်က မူရင်းဒေသဖြစ် သည့် စံပယ်တောင်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ် ကြောင်း သိရသည်။
ပဲခူးရိုးမပျော် ဆင်ခြောက်ကောင်သည် သြဂုတ် ၁၈ ရက် နံနက် ၆ နာရီကစ၍ နတ်မောက်မြို့နယ် ရွှေနတ် ကယ်တောင်သို့ မျက်စိလည်လမ်းပျောက်ကာ ရောက်ရှိ လာပြီး မိတ္ထီလာမြို့နယ်နှင့် တောင်သာမြို့နယ်တို့ရှိ တော တောင်များကို ဖြတ်ကာ သြဂုတ် ၂၄ ရက်က ညောင်ဦး မြို့နယ်အတွင်းသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဆင်အုပ် ကျက်စားနေစဉ် ဒေသခံများက လိုက်လံခြောက်လှန့်ခြင်း၊ ဓာတ်ပုံများ လိုက်ရိုက်ခြင်း၊ စနောက်နေခြင်းတို့ကြောင့် ဆင်ခြောက်ကောင်သည် ဆက်လက်ခရီးနှင်လာရာ မိသားစုဝင် ဆင်ငယ်တစ်ကောင်သည် သြဂုတ် ၂၆ ရက်က ညောင်ဦးမြို့နယ် တူရင်းတောင်ခြေ၌ မျက်ခြည်ပြတ်၍ အုပ်စုကွဲကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆင်အုပ်သည် ကျောက်ပန်းတောင်း မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်တို့ကို ဖြတ်သန်းသွားခဲ့ပြီး သြဂုတ် ၃ဝ ရက်က ဆင်အုပ်သည် မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ် နယ်စပ်ရှိ အိုင်မဲအုပ်စု နှင့် ကွင်းကြီးအုပ်စုကြားရှိ လျှိုအတွင်းသို့ ရောက်ရှိခဲ့ သည်။ သြဂုတ် ၃ဝ ရက် ညက တောဆင်အုပ်ကို ကွန်ဂျီ ဆင် ငါးကောင်နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ဆင်ဖမ်း အဖွဲ့များသည် မူရင်းဒေသဖြစ်သည့် ပဲခူးရိုးမ စတုံကြိုး ဝိုင်းအတွင်းရှိ စံပယ်တောင်သို့ ထိန်းကျောင်းမောင်းနှင် ပေးခဲ့ရာ သြဂုတ် ၃၁ ရက် နံနက် ၃ နာရီခန့်တွင် မူရင်း ဒေသသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
''သြဂုတ် ၃ဝ ရက်က ဆင်အုပ်က အိုင်းမကျေးရွာ အုပ်စုနဲ့ ကွင်းကြီးအုပ်စုကြားက လျှိုမြောင်ထဲမှာ ရောက် နေပါတယ်။ အဲဒီနေ့ညမှာပဲ ကွန်ဂျီဆင်တွေနဲ့ စံပယ် တောင်နားအထိ လမ်းကြောင်းမမှားအောင် ထိန်းကျောင်း မောင်းနှင်ပေးခဲ့ပါတယ်။ လိုက်ပါသွားတဲ့အဖွဲ့တွေက လေသာတောင်အောက်ခြေ စံပယ်တောင်နဲ့နီးတဲ့ နေရာအထိပဲ လိုက်ပါထိန်းကျောင်းပေးခဲ့တာပါ။ တောက နက်တော့ ရှေ့ဆက်လိုက်လို့အဆင်မပြေဘူး။ အဖွဲ့က ဒီနေ့မနက် ၂ နာရီမှာပဲ ဆင်အုပ်ကို စိတ်ချရတဲ့နေရာ ရောက်တာနဲ့ ပြန်လှည့်လာခဲ့ပါတယ်။ ဒီနေ့ မနက် ၃ နာရီလောက်မှာ ဆင်အုပ်က သူတို့ကျက်စားတဲ့နေရာကို ပြန်ရောက်ပြီလို့ ထင်ပါတယ်။ မြို့သစ်နယ်ထဲမှာတော့ ဘာအန္တရာယ်မှမရှိခဲ့ပါဘူး။ ဆင်အုပ်သွားတဲ့နေရာတွေ က ရွာတွေနဲ့လည်း ဝေးတယ်။ နောက်ကလိုက်တဲ့ အဖွဲ့ တွေကိုလည်း ဆင်တွေကို ဓာတ်ပုံမရိုက်ဖို့မှာထားတယ်။ အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ အသံတွေကြောင့် လမ်းကြောင်းလွဲသွားမှာလည်းစိုးတဲ့အတွက်ပါ။ အခုတော့ အေးအေးချမ်းချမ်းပဲ သူတို့နေတဲ့နေရာလေးကို ပြန်လည် ရောက်ရှိသွားပါပြီ'' ဟု မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူးက မြန်မာ့အလင်းသို့ ပြောကြားသည်။
''ကျွန်တော်က သတင်းကိုစိတ်ဝင်စားလို့ အဖွဲ့နဲ့လိုက် ပါသွားတာပါ။ ဆင်အုပ်ထိန်းတဲ့အဖွဲ့ထဲမှာပါတဲ့ ပုဂံ ချစ်သူများအဖွဲ့က ကျွန်တော်တို့သူငယ်ချင်းတွေ ပါပါ တယ်။ သူတို့ကလည်း ကျွန်တော့်ကိုလိုက်စေချင်လို့ လိုက် သွားဖြစ်တာပါ။ သူတို့ မွေးဖွားရာနေရပ်ကို စွန့်ခွာလာရ တာက သူတို့အတွက် အစာရေစာရှားပါးလာတာရယ်၊ သစ်တောတွေပြုန်းတီးလာတာရယ်ကြောင့် ဖြစ်မယ် ထင်တယ်။ ဆင်ငယ်လေးတွေပါလာတာကို ကြည့်ခြင်းအား ဖြင့် သူတို့နေတဲ့ဆီမှာ မုဆိုးတွေရဲ့အန္တရာယ်တွေ့လာလို့ ထွက်ပြေးလာတာလို့လည်း ထင်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာက သွားရောက်ပြီး စစ်ဆေးကြည့်မှ ဘာကြောင့်ဆိုတာကို အနီးစပ်ဆုံးခန့်မှန်းလို့ရမှာပါ'' ဟု ဆင်အုပ်ကို မူရင်းဒေသသို့ လိုက်ပါပို့ဆောင်ပေးခဲ့ရာတွင် လိုက်ပါခဲ့သူတစ်ဦးက ပြောသည်။
ဇူလိုင်မိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပဲခူးရိုးမပျော် ဆင်ငါးကောင် မူရင်းဒေသသို့ ပြန်လည်ရောက်ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 01, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment