Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

မြန်မာ့ရေဘေး ကူညီရေးရန်ပုံငွေ ဆန်ဖရန်စစ္စကို ဈေးရောင်းပွဲ

မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူလူထုအတွက် ရန်ပုံငွေ ပေးပို့ကူညီနိုင်ရန် ဆန်ဖရန်စစ္စကို၊ ဗေးဧရိယာတစ်ဝိုက်မှ မြန်မာမိသားစုများသည် ဩဂုတ်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် ဈေးရောင်းပွဲတော်တစ်ခု ကျင်းပကာ အလှူငွေ ရှာဖွေစုဆောင်းမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ နယူအတ်ခ်ပါဗီလျံတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ကျင်းပမည် ဖြစ်၏။ မြန်မာကြိုက် အစားအသောက် ၃၈ မျိုး ဖွယ်ဖွယ်ရာရာ ဝေဝေဆာဆာ ရောင်းချကာ ရရှိသော ငွေအားလုံးကို ရန်ပုံငွေ အလှူထည့်ဝင်ကြမည်ဟု သိရသည်။
ဗေးဧရိယာရှိ မြန်မာကွန်မြူနတီ အသိုင်းအဝိုင်းမှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းပါဝင် လုပ်ဆောင်မည့် ရန်ပုံငွေရှာဖွေပွဲကို “အသက်ဆက်ရောင်ခြည် ဈေးရောင်းပွဲတော်” ဟု အဓိပ္ပာယ်ရှိစွာ အမည်ပေးထားပါသည်။
“မြန်မာပြည်မှာ ရေဘေးဒုက္ခ ရုတ်တရက် ဖြစ်ပေါ်လာလို့ ကျွန်တော်တို့ အချိန်တိုအတွင်းမှာ ကပ်ပြီး စီစဉ်လိုက်ရပေမယ့် လူတွေက တက်တက်ကြွကြွ စိတ်အားထက်သန်ပြီး ဝိုင်းဝန်း လုပ်ဆောင်ပေးကြလို့ တော်တော် အားရစရာ ကောင်းပါတယ်” ဟု ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် ဦးချိုဦးက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။ ရောင်းချမည့် အစားအသောက် အမျိုးပေါင်း စုံလင်များပြားလှသဖြင့် ဆိုင်နေရာ မပေးနိုင်တော့၍ အချို့ကို တောင်းပန်ပြီး ချန်လှပ်ခဲ့ရကြောင်းလည်း ဦးချိုဦးက ပြောပြသည်။
“ပွဲတော်ကို လာမယ့် ပရိသတ်တွေက အစားအသောက် ဝယ်စားဖို့တင် မဟုတ်ပါဘူး၊ အလှူငွေသတ်သတ် ထည့်ဝင်ချင်လို့ လာမယ့်လူတွေလည်း အများကြီး ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ အထက်ပိုင်းမှ စတင်ခဲ့သော ရေလွှမ်းမိုးသည့် ကပ်ဘေးကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရက အရေးပေါ် သဘာဝဘေးဒဏ်အခြေအနေ ကြေညာခဲ့ရသည်။ ယခုအခါ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ရေများသည် အောက်ဖက်သို့ စီးဆင်းလာပြီးနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ရေသည် အန္တရာယ်ကြီးစွာ မြင့်တက်လာနေပါသည်။ ပဲခူးတိုင်းတွင်လည်း ရေလွှမ်းမိုးမှု ကြုံတွေ့ရင်ဆိုင်နေရပြီ ဖြစ်သည်။
ရေဘေးသင့်၍ လတ်တလော လူများစွာ ဒုက္ခအခက်အခဲ များစွာ ကြုံတွေ့နေပြီး၊ ရေပြန်ကျလျှင်လည်း ပြန်လည်ထူထောင်ရေး ပြဿနာများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ဒီတစ်ပွဲမှာ ရန်ပုံငွေ တတ်နိုင်သလောက် ရှာဖွေပြီး၊ အမြန်ဆုံး ပို့ပေးဖို့ ကြိုးပမ်းနေပါတယ်။ ပြီးတော့လည်း ရေရှည်မှာ ပြန်လည်ထူထောင်ရေးအတွက် အခုလို ရန်ပုံငွေပွဲတွေကို ဆက်ပြီး လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ဦးချိုဦးက ပြောကြားသည်။
ရရှိသော ရန်ပုံငွေများကို သဲကုန်း၊ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ ဦးစီးတော်မူသော ပရဟိတအဖွဲ့၊ ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းနှင့် ဝေဠုကျော်ဖောင်ဒေးရှင်းများသို့ သုံးနေရာခွဲ၍ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အသက်ဆက်ရောင်ခြည် ဈေးရောင်းပွဲတော် လက်ကမ်းကြော်ငြာ ရယူရန် ကလစ်ခ်လုပ်ပါ။
မိမိတို့ နေရပ်ဒေသအလိုက် အလှူငွေ ထည့်ဝင်လိုသူများ ဆက်သွယ်ရန် အမည်နှင့် ဖုန်းနံပါတ်များစာရင်း ရယူရန် ကလစ်ခ် လုပ်ပါ။
ပွဲတော်နေ့ရက် ဩဂုတ်လ ၉ ရက်၊ တနင်္ဂနွေနေ့
ပွဲတော်အချိန် နံနက် ၉ မှ ညနေ ၃ နာရီ
ပွဲတော်နေရာ Newark Pavilion
6430 Thornton Ave, Newark, California 94560 http://kabarthit.com/index.php?option=com_content&view=article&id=718:2015-08-07-00-22-11&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment