Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 27, 2015

သတင်းသမား ၂ ဦးကို ပစ်သတ်သူ သေနတ်သမားသေဆုံး

အမေရိကန် ဗာဂျီးနီးယားပြည်နယ်မှာ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက် ၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သူ သေနတ်သမား Vester Lee Flanagan ဟာ သူ့ကိုယ်သူ ပစ်ခဲ့တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ ရဲတွေက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်အမျိုးသမီး Vicki Gardner ကို အင်တာဗျူးလုပ်နေတုန်း သေနတ်သမား Flanagan ရဲ့ပစ်ခတ်မှုကြောင့် သတင်းထောက် Alison Parker နဲ့ ကင်မရာမင်း Adam Ward တို့ သေဆုံးခဲ့ပါတယ်။ Vicki Gardner လည်း ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

ပစ်ခတ်မှုဖြစ်အပြီး ကားနဲ့ထွက်ပြေးသွားတဲ့ သေနတ်သမားဟာ နာရီပေါင်းအတော်ကြာချိန်မှာ ရဲတွေလိုက်လံဖမ်းဆီးနေစဉ် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားနဲ့ထွက်ပြေးသွားတဲ့ သေနတ်သမားဟာ ကားကို အရှိန်မလျှော့သလို ရဲ့ကားတွေက တားဆီးတာကိုလည်း မရပ်ခဲ့ကြောင်း နောက်ဆုံးမှာ ကားလမ်းမဘေး ထိုးကျသွားခဲ့ရာမှာ သူ့ကိုယ်သူ ပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေနတ်သမားကို တွေ့ခဲ့ရကြောင်း ရဲပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

Flanagan ဟာ အဲဒီ ABC ရုပ်မြင်သံကြားဌာနမှာ တချိန်က အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး အလုပ်ကနေ အထုတ်ခံထားရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ABC ရုပ်မြင်သံကြားဌာနဆီ ပို့ခဲ့တဲ့ သူ့ရဲ့ ဖက်စ်ထဲမှာတော့ သူဟာ လူမည်းတစ်ဦးဖြစ်တာရယ်၊ လိင်တူချစ်သူတစ်ဦး ဖြစ်တာရယ်ကြောင့် သူ့ကို ပစ်မှတ်ထားပြီး အလုပ်ခွင်မှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက လူမည်းတွေ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ချားလ်စတန် ဘုရားကျောင်းပစ်ခတ်မှုပေါ် တုန့်ပြန်တဲ့အနေနဲ့ လုပ်တာလို့လည်း ဖော်ပြထားပါတယ်။

သူ့အလုပ်က မန်နေဂျာကတော့ Flanagan ဟာ အလုပ်အတူ လုပ်ဖို့ခက်တဲ့သူ အမြဲဒေါသထွက်နေတတ်သူလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment