Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ရေဘေးရန်ပုံငွေ ဆန်ဖရန်စစ္စကို ဈေးရောင်းပွဲ ဒေါ်လာ ၈ သောင်းကျော်ရရှိ


ရေဘေးဒုက္ခခံစားနေရသော မြန်မာပြည်သူများအတွက် ရန်ပုံငွေ ပေးပို့ကူညီနိုင်ရန် ဆန်ဖရန်စစ္စကို၊ ဗေးဧရိယာတစ်ဝိုက်မှ မြန်မာမိသားစုများသည် ဩဂုတ်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် “အသက်ဆက်ရောင်ခြည် ဈေးရောင်းပွဲတော်” ကျင်းပခဲ့ရာ ၈၃,၄၇၅ ဒေါ်လာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ၈၃,၅၀၀ တိတိ ဖြစ်အောင် နောက်ထပ် ၂၅ ဒေါ်လာ ထပ်ပေါင်းထည့်ခဲ့သည်။ ၎င်းငွေ စုစုပေါင်းသည် မြန်မာကျပ်ငွေ သိန်း ၁,၀၆၀ ခန့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော ဆန်ဖရန်စစ္စကို ဗေးဧရိယာ မြန်မာမိသားစုဝင်များ ဖြစ်ပါသည်။ (Photo: Milton Yang) (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော ဆန်ဖရန်စစ္စကို ဗေးဧရိယာ မြန်မာမိသားစုဝင်များ ဖြစ်ပါသည်။ (Photo: Milton Yang) (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ နယူအတ်ခ်ပါဗီလျံတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ကျင်းပကာ မြန်မာကြိုက် အစားအသောက် ၃၈ မျိုး ဖွယ်ဖွယ်ရာရာ ဝေဝေဆာဆာ ရောင်းချကာ ရရှိသော ငွေအားလုံးကို ရန်ပုံငွေ အလှူထည့်ဝင်ခဲ့ကြသည်။ ဈေးရောင်းပွဲတော်လာ ပရိသတ်များကလည်း စေတနာ ထက်သန်စွာ အလှူငွေ သီးသန့် ထည့်ဝင်သွားကြောင်းလည်း သိရ၏။
ဗေးဧရိယာရှိ မြန်မာကွန်မြူနတီ အသိုင်းအဝိုင်းမှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းပါဝင် လုပ်ဆောင်သည့် ရန်ပုံငွေရှာဖွေပွဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခကြုံနေသော အချိန်အတောအတွင်း အလျင်စလို ကပ်ပြီး စီစဉ်လိုက်ရသော်လည်း ဆန်ဖရန်စစ္စကိုမြို့နေ မြန်မာများ၏ စိတ်အားစေတနာကြောင့် အားရဖွယ် အောင်မြင်ခဲ့ကြောင်း ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် ဦးချိုဦးက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။
သီချင်းဂီတဖြင့် အမိနိုင်ငံကို ကူညီ
ပွဲတော်တွင် ပရိသတ်များအကြိုက်တွေ့ခဲ့သော တေးဂီတ ဖျော်ဖြေတင်ဆက်မှုကိုလည်း ဆန်ဖရန်စစ္စကို မြို့ခံ ဂီတဝါသနာရှင် ၁၇ ဦးက ပါဝင်သီဆို ကူညီခဲ့ကြသည်။ “ပွဲစီစဉ်ဖို့အတွက် ကျွန်တော်တို့ အချိန် တစ်ပတ်တောင် မရခဲ့ဘူး၊ ၆ ရက်လောက်ပဲ ရပါတယ်။ အချိန်တိုအတွင်းမှာ စီစဉ်ခဲ့ရတာဆိုတော့ တော်တော် ပင်ပန်းပါတယ်၊ ဒါပေမယ့် စရိတ်အကုန်အကျ နည်းမှ အလှူငွေ များများ ရမယ်ဆိုပြီး ကြိုးစားစီစဉ်ခဲ့ရတာပေါ့နော်” ဟု ဖျော်ဖြေရေးတာဝန်ခံ ဦးခင်စိုးက ပြောကြားပါသည်။ ဦးခင်စိုးသည် မြန်မာနိုင်ငံတွင် Aurora (မိုးသောက်ပန်း) တီးဝိုင်းမှာ လိဒ်ဂစ်တာ တီးခဲ့သူ ဖြစ်သည်။
ရရှိသော ရန်ပုံငွေများကို သဲကုန်း၊ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ ဦးစီးတော်မူသော ပရဟိတအဖွဲ့၊ ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းနှင့် ဝေဠုကျော်ဖောင်ဒေးရှင်းများသို့ သုံးနေရာခွဲ၍ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ယခုအချိန်တွင် သီတဂူဆရာတော်ကြီးသည်လည်း လော့စ်အိန်ဂျယ်လိစ်မြို့တွင် ရောက်ရှိနေခိုက်ဖြစ်သောကြောင့် ဈေးရောင်းပွဲအပြီး နောက်နေ့မှာပင် ဦးဆောင်စီစဉ်သူများ ဖြစ်သည့် ဒေါက်တာ မောင်မောင်သော်နှင့် ဇနီး ဒေါ်နီနီသော်၊ ဦးဂျေဆင် ဟူတို့သည် ဆရာတော်ကြီးအား ဒေါ်လာ ၂၀,၀၀၀ ကို ကနဦး သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ စာရင်းအတိအကျ ပြုလုပ်ပြီးနောက် ရရှိသော ရန်ပုံငွေများကို ဆက်လက်၍ အညီအမျှ ဝေခွဲလှူဒါန်းမည်ဟုလည်း သိရ၏။
“ဒီဈေးရောင်းပွဲမှာ ထူးခြားတဲ့ရလဒ်ကတော့ တစ်ရက်တည်း ဈေးရောင်းပွဲလုပ်ပြီး ဒေါ်လာ ၈၃,၀၀၀ ကျော် ရရှိတာထက် မကပါဘူး။ ဈေးရောင်းသူတွေ၊ လုပ်အားပေးသူတွေ၊ အလှူငွေထည့်ဝင်သူတွေ၊ ဝယ်ယူအားပေးသူတွေ အားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပါဝင် လုပ်ဆောင်သွားကြတာဟာ ကျွန်တော်တို့အတွက် ငွေကြေးထက် ပိုပြီး တန်ဖိုးရှိတဲ့ အပိုဘိုးနပ်စ်ဆုပါပဲ ” ဟု ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် ဦးချိုဦးက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=732:2015-08-16-14-07-23&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment