Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

မဲပေးတဲ့ ပါတီချင်း မတူပေမဲ့ ရန်သူဖြစ်စရာ မလိုဘူးလို့ ဖွင့်ဟလိုက်တဲ့ လူမင်း




လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ရေဘေးအကြောင်းအပြင် မကြာခင်မှာ ကျင်းပတော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌလဲဖြစ်သလို လက်ရှိမှာ ဒါရိုက်တာသရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေတဲ့ အန်ကယ်လေးနဲ့တွေ့ဆုံခိုက် မြန်မာနိုင်ငံအခြေအနေများနဲ့လက်ရှိရိုက်ကူးနေတဲ့ ဗီဒီယိုကားလေးအကြောင်းမေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ဒီနေ့ရိုက်နေတဲ့ ကားလေးက ဂျီယာတဲ့။ ဂျီယာဆိုတဲ့ ပုံပြင်ထဲကနတ်သမီးလေးရဲ့အကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းတာပေါ့။ ပန်းချီကားထဲမှာ ကျိန်စာအသင့်ခံထားရတဲ့ အဲ့ဒီနတ်သမီးလေးက ဒီဖက်ခေတ်မှာသူ့ကိုဝိုင်းထားတဲ့ စည်းနီလေးကို ကိုယ်ကဖြတ်ပေးရင်းနဲ့ကနေ သူကအသက်ဝင်လာပြီးကိုယ့်နောက်ကိုလိုက်ကပ်တဲ့ ဇာတ်လမ်းလေးပေါ့။ ထူးထူးဆန်းဆန်းလေးပေါ့။ ဒါရိုက်တာကဂျိုး ၊ မင်းသမီးက ပက်ထရစ်ရှာပေါ့။ သူနဲ့က ပထမဆုံး စရိုက်တာပေါ့။ ဇာတ်လမ်းထဲက ဂျီယာဆိုတဲ့ နတ်သမီးလေးကဖြူဖြူသွယ်သွယ်လေး သူနဲ့လိုက်မယ်ထင်တာနဲ့သူနဲ့ရိုက်ဖြစ်တာပေါ့။ သူကလဲ အသစ်ဆိုပေမဲ့ အရှေ့မှာတော်တော်များများလဲ ရိုက်ထားဖူးတယ်။ သိပ်အများကြီးတော့ အခက်အခဲမရှိဘူး။ ဒါပေမဲ့ သဘောပေါက်ဖို့တော့ အများကြီးလိုသေးတာပေါ့။ အဲ့ဒါလေးတွေပြောပြဖြစ်တယ်။
-ဒီကားပြီးရင်ရော ဘာကားတွေလက်ခံထားတာရှိဦးမလဲ။
အမှန်က ဒီရက်က ဦးမီးပွားနဲ့ပန်းဒေါင်းဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ရက်ပေးထားတာ၊ ဒါပေမဲ့အဲ့ဒီကားကြီးက အကြောင်းအမျိုးမျိုးကြောင့် မရိုက်ဖြစ်သေးဘူး။ ရက်ရွှေ့မယ်ဆိုတာနဲ့ ဒီကားလေးကို အားချင်း စီစဉ်ဖြစ်သွားတာပါ။
-အခုလက်ရှိထွက်ထားတဲ့ ပိုင်ဖြိုးသုနဲ့ကားလေး ဓားတစ်စင်းနဲ့ချစ်မိခြင်း ဒီကားလေးရဲ့ Feedback အနေနဲ့ ပရိသတ်ဆီကဘယ်လိုပြန်ကြားရလဲ။
ဒါက အမှန်အတိုင်း ၀န်ခံရရင်တော့ ကိုရီးယားကားကို ကော်ပီလုပ်ထားတာပါ။ ကိုယ်တို့ကကော်ပီနဲ့အခုလောလောဆယ်မှာ ကင်းနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဇာတ်လေးကလဲ တကယ်ဆိုရင်တော့ ဟိုမှာက အကုန်အကျခံ ရိုက်တဲ့ကားလေးကို အစ်ကိုတို့ကဗီဒီယိုဆိုတဲ့ဈေးကွက်ဘောင်လေးထဲမှာ ဒါလေးကိုကျောရိုးယူပြီး ရိုက်ထားတဲ့ ကားလေးပါ။ ဇာတ်လေးက ဆန်းတယ်ပေါ့။ ဒီလိုဇာတ်မျိုးတွေက ရိုက်တော့ရိုက်ဖူးပါတယ်။ ဒါပေမဲ့ပျောက်နေတာကြာပြီဆိုတော့ ပိုင်ဖြိုးသုလဲဖြစ်နေတဲ့အတွက် သူတို့ကိုတင်ပေးချင်လို့ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားလေးက ကိုယ်တို့ယဉ်ကျေးမှုနဲ့တော့ဘောင်ကျော်နေတယ်။ နိုင်ငံခြားယဉ်ကျေးမှုတော့ သွားဆန်နေတယ်။ အဲ့ဒီလိုမျိုးလေးတော့ရှိတယ်။
-ရေဘေးကြောင့် ဗီဒီယိုရိုက်ကူးရေးတွေကျဲသွားတယ်လို့ရောပြောလို့ရမလား။
ဗီဒီယိုပိုင်းမှာက အခက်အခဲဖြစ်တယ်။ ဗီဒီယိုဈေးကွက်က နဂိုကတည်းက ခိုးကူးတွေနှိပ်စက်တာနဲ့ဖြန့်ချိရေးစနစ်က နည်းပညာထိုးနှက်မှုတွေကိုမကျော်လွှားနိုင်တာနဲ့နဂိုကတည်းကိုကဈေးကွက်က ကျဆင်းနေတာ။ ဒီကြားထဲ ဒီဈေးကွက်ကိုပြောင်းလဲဖို့ဆောင်ရွက်ချက်တွေမှာ သဘောထားမတူ၊ အမြင်မတူငြင်းခုံရင်းနဲ့ပဲဈေးကွက်က တည်ဆောက်လို့ မရတဲ့ အခြေအနေဖြစ်နေတဲ့ကြားထဲ အခုလိုမြန်မာပြည်ရဲ့ တစ်ဝက်နီးပါး က ရေဘေးသင့် ဒဏ်ခံလိုက်ရတဲ့ အတွက် တော်တော်လေးထိခိုက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါကိုလဲ တဖြည်းဖြည်းချင်းတော့ပြန်ပြီး အဖတ်ဆယ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ရုံတွေ တိုးလာတယ်ဆိုပေမဲ့ ဗီဒီယိုကို ပစ်ပယ်လို့ရတဲ့ အနေအထား ကိုယ်တို့တိုင်းပြည်မှာ မရောက်သေးဘူး။ ဆက်ပြီး အားကိုးနေရဦးမှာပဲ။ လတ်တလောအခြေအနေမှာတော့ ဗီဒီယိုရိုက်ကူးရေးတွေကျဲပါးသွားတာတော့ အမှန်ပဲ။
-ရေဘေးနဲ့ပတ်သက်ပြီးပြန်လည် ထူထောင်ရေးအပိုင်းမှာရော ဘယ်လိုမျိုးပါဝင်ကူညီပေးဖို့ရှိမလဲ။
ကိုယ်တို့အခုက ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းတွေပို့ပေးရေးကို တစ်ဖြတ်နားလိုက်ပါပြီ။ နားပြီးတော့ပြန်လည်ထူထောင်ရေးဖက်ကို အာရုံပြောင်းလိုက်ပါပြီ။ ရတဲ့ငွေတွေထဲကလဲပြန်လည်ထူထောင်ရေးဖက်ကို တစ်ဝက်လောက် လှူဒါန်းပြီးသွားပါပြီ။ ကျန်တဲ့တစ်ဝက်ကို ပြန်လည်ထူထောင်ရေးအတွက် ဆက်လှူမယ်။ လိုအပ်ရင်ပြန်လည်ထူထောင်ရေးအတွက်ရန်ပုံငွေလိုအပ်လို့ထပ်ရှာရင်လဲထပ်ရှာမယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာသာ လှူတဲ့သူတွေကများတာပြန်လည်ထူထောင်ရေး ကာလရောက်ရင်သွေးအေးသွားပြီးမှာစိုးလို့လေ။ လိုအပ်ချက်တွေကပြန်လည်ထူထောင်ရေးမှာအရမ်းလိုအပ်တယ်။ အစစအရာရာပေါ့။ တကယ်လဲခက်ခဲမယ်။ လိုအပ်ချက်လဲများမယ်။ ပိုပြီးတော့အချိန်ယူရမဲ့အပိုင်းမှာရှိမယ်။ ကိုယ်တို့အနုပညာရှင်တွေအနေနဲ့ကတော့ အခုလှူဒါန်းခဲ့တဲ့ထောက်ပံ့ရေးတွေပေးပြီးတာနဲ့ပြီးသွားတာမျိုးမဟုတ်ပဲ ဆက်လုပ်သွားဖို့ရှိပါတယ်။ အစိုးရပိုင်းဆိုင်ရာဝန်ကြီးဌာနပေါင်းစုံနဲ့လဲပြန်လည်ထူထောင်ရေး၊ မူလအခြေအနေပြန်လည်ရောက်ရှိရေး အဖွဲ့အစည်းတွေ နဲ့လဲပေါင်းစပ်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ နေပြည်တော်မှာ မူလအခြေအနေပြန်လည်ရောက်ရှိရေးပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ကိုယ်တက်ရောက်ပြီးဆွေးနွေးခဲ့ပါတယ်။ မူလအခြေအနေရောက်ရှိအောင်ပြန်လည် ထူထောင်ရေးတွေနဲ့ အတူမိုးလေ၀သအခြေအနေကလဲ မိုးနှောင်းပိုင်းမှာ တစ်ကြိမ်ရှိသေးတယ်ဆိုလို့ကြိုတင်ကာကွယ်ရေးစီမံချက်တွေပါဆွေးနွေးပေးဖို့လဲ ကိုယ်အကြံပြုခဲ့ပါတယ်။
-အခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို အန်ကယ်လေးအနေနဲ့သုံးသပ်ပေးပါဦး။
ဒီ၂၀၁၅ရွေးကောက်ပွဲကမှ ကိုယ်တို့တိုင်းပြည်ကို အမှန်တကယ်ပြောင်းလဲပေးနိုင်မဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးလာလေလေ၊ အထက်အကြီးပိုင်းမှာ အပြောင်းအလဲတွေက တစ်ကွက်ပြီး တစ်ကွက်တွေ့လာရလေဖြစ်တဲ့အတွက် ကိုယ်တို့ဦးနှောက်နဲ့ဥာဏ်မမှီတဲ့နိုင်ငံရေး ကစားကွက်တွေကို ကိုယ်တို့ဦးနှောက်နဲ့ဥာဏ်မမှီပါဘူး။ အဲ့ဒီအတွက် စိုးရိမ်တယ်။ နောက်တစ်ခုပြည်သူတွေ အပိုင်းကိုကြည့်ရင်လဲ စိတ်ပါဝင်စားမှုက အားနည်းနေတယ်။ အခုတလောဆို ကြုံရင်ပေါ့။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းကိုမေးကြည့်ပါ။ မင်းဘယ်သူ့ကို မဲထည့်မလဲပေါ့။ စဉ်းစားပြီးသား၊ ဆုံးဖြတ်ပြီးသားသူ နည်းနေလိမ့်မယ်။ ဘယ်ပါတီကို မဲထည့်မှာလဲလို့မေးကြည့်နည်းနေလိမ့်မယ်။ ပြည်သူလူထုအနေနဲ့ကလဲ ဒီအချိန်မှာ ဘယ်ပါတီပဲဖြစ်ဖြစ်ပါ။ ကိုယ်မဲပေးမဲ့ပါတီကိုဆုံးဖြတ်ပြီးသားဖြစ်ရမယ်။ မဖြစ်မနေ မဲပေးရမယ်။ ဒါမှလဲဒီမိုကရေစီကို ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ပြည်သူဆိုတာ ဒီမဲလေးတစ်ပြားထည့်တဲ့ တာဝန်လောက်တော့ကျေရမယ်။ အဲ့ဒီတာဝန်မှ မကျေနိုင်ပဲနဲ့ကိုယ့်အပေါ်ကို တာဝန်ကျေတဲ့အစိုးရမျှော်လင့်နေရင် အလကားပဲ။ ပြည်သူလူထုတွေအတွက် စိတ်ပူတယ်ဆိုတာဒါကိုပြောတာပါ။ ကြားနေမဲ့သူတွေကလဲ များတယ်။ မဲထည့်မဲ့ကိစ္စကို စိတ်မ၀င်စားတဲ့သူတွေကလဲ များတယ်။ အဲ့ဒါလေးကပြည်သူလူထုဖက်ကကြည့်ရင်စိတ်ပူစရာပါပဲ။ ဘာလို့လဲဆိုတော့ဟိုနေ့ကကိုယ်က NLD နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတိုလေးရိုက်ဖြစ်တယ်။ အဲ့ဒီမှာကိုယ့်ကို လာမေးကြတယ်။ ကိုယ့်ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာမှာ မစိုးရိမ်ဘူးလားတဲ့။ ကိုယ်တော်တော်အံ့သြသွားတယ်။ ဘာလို့စိုးရိမ်ရမှာလဲ။ ဒီမိုကရေစီ တိုင်းပြည်မှာ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးခွင့်ရှိတာပဲ။ အစိုးရနဲ့အတိုက်အခံပါတီကိုမဲပေးလို့အဲ့ဒီပြည်သူကို အစိုးရက အန္တရယ်ပြုမယ်ဆိုရင် ဒါကမ္ဘာမှာ ဘယ်ဒီမိုကရေစီတိုင်းပြည်မှာမှ မရှိတာပဲ။ ဒီမိုကရေစီယဉ်ကျေးမှုက သဘောထားမတူလို့ကိုယ်မဲပေးတဲ့ ပါတီချင်းမတူလို့အဲ့ဒီလူ၂နှစ်ယောက်က ရန်သူတွေမဖြစ်ရဘူး။ သူယုံကြည်ရာသူပေးတာ၊ ငါယုံကြည်ရာငါပေးတာအဖြေကအဲ့ဒါပဲ။ ကိုယ်တို့ဆီမှာမြင်နေတာက အတိုက်အခံပါတီချင်းဆို တချို့က ရန်သူတွေလို သဘောထားနေကြတယ်။ အဲ့ဒီတော့ဒီပါတီကိုမဲပေးရင် ဟိုပါတီကလူက ကိုယ့်ကိုရန်သူလို့များ သတ်မှတ်သွားမလားဆိုပြီး စိုးရိမ်နေကြတဲ့သူတွေလဲများတယ်။ တကယ်တော့ဘာမှမဆိုင်ဘူး။ ကိုယ့်တာဝန်ကိုယ်ကျေရမယ်။ မဲပေးကိုမဲပေးရမယ်။ ခုနကလိုသဘောထားချင်းမတူလို့မဲပေးတဲ့ပါတီချင်းမတူလို့လဲရန်သူမဖြစ်ရဘူး။
-၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့အန်ကယ်လေးဖြစ်စေချင်တဲ့ဆန္ဒလေးရှိရင်ပြောပြပေးပါဦး။
တိုင်းပြည်အတွက်က ဘယ်ရှုထောင့်ကပဲ တွက်တွက် ကိုယ်တို့ဦးနှောက်တွေ ဥာဏ်မမှီဘူးပဲပြောပြောသေချာတာကတစ်ခုက အပြောင်းအလဲတစ်ခုကဖြစ်ချိန်တန်ပါပြီ။ လိုကို လိုအပ်တယ်။ ဖြစ်လဲဖြစ်သင့်တယ်။ လို့ကိုယ့်အနေနဲ့ကတော့ခံယူတယ်။
http://www.trend.com.mm/

No comments:

Post a Comment