Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသည့် ဗိုလ်မှူးဟောင်း ကျော်စွာဝင်း NLD မှ ယှဉ်ပြိုင်ရန်အဆိုပြုသွားမည်

မန္တလေး၊ ဇူလိုင်လ (၃၀) ရက်။
ထက်မြက် (မြစ်မခ)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆) ပြင်ဆင်ရန် အတွက် ပြည်သူလူထုထောက်ခံ လက်မှတ် ကောက်ယူ စဉ်က လက်မှတ်ရေးထိုးခဲ့သဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခဲ့သည့် ဗိုလ်မှူးဟောင်း ကျော်စွာဝင်းက NLD ပါတီမှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ (၃၀) ရက် မန္တလေးမြို့ 88 Café တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ဗိုလ်မှူးဟောင်း ကျော်စွာဝင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

“NLD ပါတီကနေ ယှဉ်ပြိုင်ဖို့ ကျွန်တော်အဆိုပြုမှာပါ။ လိုအပ်တဲ့နေရာသုံးပေးဖို့၊ ဒီမိုကရေစီတိုက်ပွဲနဲ့ ပတ်သက်လို့ အမတ်လောင်းပဲဖြစ်ဖြစ်၊ အမတ်လောင်းမဟုတ်ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ နေရာမှာသွားပြီး ထမ်းဆောင်သွားမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

၎င်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရာတွင်လည်း နေရာဒေသ၊ တိုင်းရင်းသားအစွဲမရှိဘဲ ပါဝင်သွားလိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်လိုကြောင်း ပြောကြားလိုက်သည်။

“ အမေစုလမ်းညွှန်မှုနဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်မှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်သည့်အထိ လုပ်သွားမှာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းကပြောသည်။

လက်ရှိလွတ်ငြိမ်းချမ်သာခွင့်ပေးအပ်ရာတွင် နောက်ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်းမရှိလျှင် ပေးအပ်လိုက် သည့် အခွင့်အရေးအား ခံစားခွင့်ရှိသော်လည်း ပြစ်မှုတစ်စုံ တရာဖြစ်ပွားခဲ့လျှင် လက်ရှိကျန်ရှိသည့်ပြစ်ဒဏ်ကို ပူးပေါင်းချမှတ်ခြင်းခံရမည်ဖြစ်သော်လည်း နိုင်ငံရေးလုပ်ဆောင်သည့် ပြစ်မှုမဟုတ်ပါက အကျုံးမ၀င်ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများက သတိပေးထားသည်ဟု ၎င်းကဆိုသည်။

“ ယာဉ်တိုက်မှုဖြစ်လို့ ပြစ်မှုကျူးလွန်တယ်ဆိုရင် ပါမှာလားလို့မေးလိုက်တယ် ။ နိုင်ငံရေးသာမလုပ်နဲ့ ။ လုပ်ရင် ဒီပြစ်မှုတွေပြန်ပြီး အကျုံးဝင်နိုင်ပါတယ်လို့ပြန်ဖြေခဲ့တယ်။ ဒါကတော့ တာဝန်ခံလို့မရပါဘူး။ နိုင်ငံရေးဟာ ပြည်သူလူထုအားလုံးအတွက် အရေးဖြစ်ပါတယ်။ ” ဟု ၎င်းကပြောသည်။

၎င်းအနေဖြင့် တပ်မတော်တွင် (၁၉)နှစ်ကျော် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးကျော်စွာဝင်းသည် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၄) ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် (၂) နှစ်ကျခံခဲ့ရပြီး ယခု (၁)နှစ်ကျော် ထောင်ဒဏ်ကျခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။
Friday Times News Journal

No comments:

Post a Comment