Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်ရန် ကြံစည်အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါ ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံသူများကို အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၄ ရက် ညပိုင်းက ပုဒ်မ ၃၃၆ (အခြားသူ၏ အသက်ကို(သို့)လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု)၊ ပုဒ်မ ၄၂၇ (အဘိုးငွေ ငါးဆယ်ကျပ်အောက်မနည်း ပျက်စီးနစ်နာစေသော အကျိုးဖျက်စီးမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုဒ်မ ၃၃၆ နေရာတွင် ပုဒ်မ ၃၀၇ သို့ ပြောင်းလဲအမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

လုပ်ကြံသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် 5D/3938 Caldina ခဲရောင်ယာဉ်မောင်း သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ တီကောင်(ခ)ရန်နိုင် (၂၈)နှစ်အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ မြို့မ (၈) လမ်း၌ ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင်သည် ရန်နိုင်(၂၈)နှစ်၏ ကားကို ငှားရမ်းသဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်းလမ်းရှိ အခင်းဖြစ်နေရာ အနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ် နေရာသို့ အရောက်တွင် ယာဉ်အား စပိုက်ဒါမှ စက်အသင့်နှိုးထားရန် ညွှန်ကြားခဲ့ပြီး ၎င်းက ဖုန်းဖြင့်ဆက်ကာ လူငယ် နှစ်ဦးအား ထပ်မံခေါ်ဆောင်ပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းနှင့် သာကေတမြို့နယ်၊ ၃ ရပ်ကွက်နေ စပိုက်ဒါ (၂၇)နှစ်ကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူအချို့ကို ညတွင်းချင်း ဖမ်းဆီးရမိအောင် လုပ်ဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Yangon Police မှာ ဖော်ပြထားတဲ့ ယာဉ်ရှေ့ တံခါးမှန် လေးချက်ထိမှန် အက်ကွဲပြီး ငွေကျပ်သိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့လို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့တယ် ဆိုတာနဲ့ လေးခွနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့အမှု ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်တယ်။ အခုကိစ္စက လေးခွနဲ့ချောင်းပစ်လို့ အမှုဖွင့်တာမျိုး မဟုတ်ဘူး။ လူမြင်ကွင်းမှာ ကြိုတင်ကြံစည်မှုနဲ့ လူသတ်ဖို့အထိ လုပ်ဆောင်တာပါ။ ရန်ကုန်မြို့ရဲ့ ညနေပိုင်းအချိန် လူမြင်ကွင်း လင်းလင်းထင်းထင်းမှာ ဥပဒေမဲ့ အကြမ်းဖက်တာပါ။ တကယ်တော့ ကျွန်တော့ကို အခုလို လုပ်ကြံဖို့ လူ ၁၀ ဦးထက်မနည်း ပါဝင်ပတ်သက်နိုင်တယ်။ ကျွန်တော့ကားကို သိဖို့ ပြန်လေ့ရှိတဲ့လမ်းတွေကို သိဖို့ အချိန်တော်တော်ယူမှ ရလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက လူမိုက်ဂိုဏ်းတွေနဲ့ အုပ်စုဖွဲ့ လုပ်ကြံနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြိုတင်ရရှိထားလို့ ကျွန်တော်တို့ သတိထားပြီး နေခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ကားတစ်စီးတည်းကို ပုံသေစီးလေ့ မရှိပါဘူး။ အခုဟာက လူသတ်ဖို့ ကြံစည်တာပါ။ ကားမှန်မကွဲခဲ့လို့ပါ။ ကားမှန်သာ ကွဲခဲ့မယ်ဆိုရင် ကျွန်တော်သေပြီ။ မနေ့က ကျွန်တော့်ကို လုပ်ကြံတဲ့ဖြစ်စဉ်မှာ ကားစထွက်လာတာကို သတင်းပေးတဲ့သူ၊ ကြိုစောင့်နေတဲ့သူတွေအပြင် ကျွန်တော့်ကားအနောက် ဒါမှမဟုတ် အရှေ့နားမှာ လိုက်ပါပြီးမှ ချိန်သားကိုက် အကွက်ချ လုပ်တဲ့သဘောပါ။ ကျွန်တော့်ကို ပစ်ခတ်တဲ့အချိန်မှာ အသေသတ် ဆိုပြီး လက်ညှိုးထိုး အော်ဟစ်ပြီး အနီးကပ် ပစ်ကြတာ။ ကားမှန် ခံနေတာကြောင့်ရယ်၊ အပစ်ခံရတဲ့ အချိန်မှာ ကားကို ညာဘက်ဆွဲလှည့်လိုက်ပြီး လူကလည်း ညာဘက်အခြမ်းကို ထွက်လိုက်နိုင်လို့ အန္တရာယ် မဖြစ်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဆီကို စာပို့အသိပေးသွားပါမယ်။ ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေဟာ ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲ ဆိုတာ ဒီဖြစ်စဉ်က သက်သေပါ။ ရန်ကုန်မြို့မှာ နေရာတိုင်း ကားကြပ်နေတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဘယ်သူ့ကိုမဆို စထွက်လာတဲ့နေရာက စောင့်ပြီး သတင်းပေးမယ်၊ ကားပိတ်မယ့်နေရာမှာ အုပ်စုလိုက် ရန်ရှာပြီး အလွယ်တကူ သတ်ဖြတ် လုပ်ကြံခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုကိစ္စက သာမာန်ဖြစ်စဉ်လို့ မယူဆဘူး။ နောက်ကွယ်က အဓိက ပါဝင်နိုင်တဲ့ ငွေကြေးနဲ့ သြဇာတိက္ကမ ရှိတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းဆိုတာ ဖော်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။ နောက်ကွယ်က အဓိက လူတွေကို မဖော်ထုတ်နိုင်ဘဲ ကျူးလွန်တဲ့ လူမိုက်တွေကို အရေးယူလိုက်ရုံနဲ့ မပြီးဘူး။ နောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ သူတို့ရဲ့ သားသမီး မြေးတွေ မိသားစုဝင်တွေ၊ နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့သားသမီးတွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အခြားသော ထင်ရှားကျော်ကြားသူတွေနဲ့ ရန်ကုန်မြို့မှာနေတဲ့ ဘယ်ပြည်သူမဆို အသက်အန္တရာယ်အတွက် အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတာကို အဓိက သတိပြုစေချင်တာပါ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးက စိုးရိမ်စရာဖြစ်နေပြီ။ ကျွန်တော့်ဖြစ်စဉ်မှာ မိနစ် ၂၀ ကျော်တဲ့အထိ ရဲတပ်ဖွဲ့ဝင်တွေ မရောက်လာနိုင်ဘူး။ အားလုံးဟာ လမ်းမပေါ်မှာ လုံးဝစိတ်မချရတော့ဘူးဆိုတာကို သိစေချင်တယ်။ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းမှာ နေ့ခင်းကြောင်တောင် လက်ရဲ ဇက်ရဲ ကျူးလွန်မှုတွေ ဖြစ်လာတာကို ထိထိရောက်ရောက် အရေးယူ မဟန့်တားနိုင်ဘူးဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ ထပ်ဖြစ်လာနိုင်တယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော်ပြောချင်တာ ဒါပါပဲ။” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောသည်။

ဖြစ်စဉ်မှာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် နှစ်ပေခန့်အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှားယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်အရှေ့ရှိ အခြားယာဉ်တစ်စီးအား တိုက်မိမှုဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။ ကားမှန်ခံနေသောကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့အား ပြောင်းလဲ အမှုဖွင့်ထားသည့် ပြစ်မှုပုဒ်မ ၃၀၇ မှာ ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့်)ပတ်ဝန်းကျင် အကြောင်းအခြင်းရာဖြင့် လည်းကောင်း၊ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ထောင်ဒဏ် ၁၀ နှစ်အထိ တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်အနေနဲ့လည်း ချမှတ်နိုင်သည်။ ထို့အပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သော နာကျင်စေလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment