CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 27, 2015
ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ
ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။
“ဒီလောက် စိတ်ကြွဆေးပြား အများကြီးကို ရန်ကုန်မြို့ထဲ သိုဝှက်သယ်ဆောင်လာသူတွေဟာ ဘယ်သူတွေဆိုတာ သိရဖို့ အပူတပြင်း စုံစမ်းနေပါတယ်၊ တရုတ်နိုင်ငံမှာ ဆေးပြား သန်း ၃၀ ကျော် ဖမ်းမိခဲ့တယ်၊ အခု ဒီမှာဖမ်းမိတဲ့ ဆေးပြားပမာဏက ကမ္ဘာနဲ့ချီရင် ဒုတိယအများဆုံး ဖမ်းမိခဲ့တာ” ဟု မူးယစ်တပ်ဖွဲ့စု ၄၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့သည့် KIA BONGO အမျိုးအစား ကွန်တိန်နာ အဖြူရောင်ယာဉ်မှာ ဇေကမ္ဘာဝင်းရှိ အိုးအိမ် (၆) လမ်းတွင် ရပ်တန့်ထားစဉ် လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာသောကြောင့် စစ်ဆေးခဲ့ရာမှ ကွန်တိန်နာအတွင်း ဆာလာအိတ် ၈၈ လုံးဖြင့် ထုပ်ပိုးထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၆၇ သိန်းကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောကြားသည်။
“ကွန်တိန်နာကားက ပျက်လို့ လမ်းဘေးရပ်ထားချိန် လှည့်ကင်းအဖွဲ့ကို မြင်ပြီး ကားပေါ်ပါသူတွေက ကားထားပြီး ဆင်းပြေးတာ၊ ဒါနဲ့ ကားကို မသင်္ကာလို့ ကွန်တိန်နာဘောက်ကို ဖွင့်စစ်ဆေးတော့ ပီနံအိတ်ထဲမှာ ထည့်ထားတဲ့ မှိုင်းခံစက္ကူနဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတာ၊ ဒီဆေးပြားတွေကို ပင်လယ်ဘက်ကနေ သိုဝှက်သယ်ဆောင်မယ်ဖို့ စီစဉ်ထားတာလို့ ကနဦး စုံစမ်းချက်အရ သိထားရပေမယ့် တရားခံတွေတော့ မမိသေးဘူး” မူးယစ်တပ်ဖွဲ့စု ၄၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
စိတ်ကြွဆေးပြားများ တွေ့ရှိသော ကွန်တိန်နာယာဉ်ပေါ်မှ အခြားသော ယာဉ်မှတ်ပုံတင် သက်သေခံ တစ်ခုကို ထပ်မံတွေ့ရှိသဖြင့် ဆက်လက်စုံစမ်းရာ အဆိုပါယာဉ် မှတ်ပုံတင်ထားသော ကားနံပါတ်ဖြင့် KIA BONGO အပြာရောင် ကွန်တိန်နာ မော်တော်ယာဉ်တစ်စီးကို ဇေကမ္ဘာဝင်းအတွင်းရှိ အမှတ် (၃) လမ်းဆုံ မီးပွိုင့်အကျော် ဇေကမ္ဘာဝင်း လုံခြုံရေးဂိတ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းတွေ့ရှိမှုကြောင့် ရဲတပ်ဖွဲ့က ဇေကမ္ဘာဝင်းရှိ ဝင်ထွက်ဂိတ်ပေါက်များကို ပိတ်ဆို့ကာ သိုလှောင်ရုံများကို ထပ်မံရှာဖွေ စစ်ဆေးနေပြီး ရန်ကုန်မြို့ အဝင်အထွက် ဂိတ်ပေါက်များနှင့် အမြန်လမ်းတိုးဂိတ်တို့တွင် ယာဉ်ဝင်/ထွက်မှု မှတ်တမ်းများ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာနိုင်မယ့် လမ်းကြောင်းမှာရှိတဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်နဲ့ တောင်ကြီးမြို့က တပ်ဖွဲ့တွေထံ ဆေးပြာတွေ တွေ့တဲ့ ယာဉ်နံပါတ်ကို ပေးပို့ထားပြီး စုံစမ်းခိုင်းထားတယ်၊ စိတ်ကြွဆေးပြားဆိုတာ ဘိန်းပင်မလိုဘဲ စက်ပစ္စည်းတွေရှိရင် နေရာကျဉ်းကျဉ်းလေးမှာ ဓာတုဗေဒပစ္စည်းတွေ ရှိရုံနဲ့ လုပ်လို့ရနိုင်တာကြောင့် ရန်ကုန်မြို့ထဲက သိုလှောင်ရုံနဲ့ စက်ရုံတွေကို လျှို့ဝှက်စုံစမ်းရှာဖွေမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ရှိ အလေးချိန် ၂ ဒဿမ ၆၇ တန် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၆၇ သိန်း သိမ်းဆည်းရမိမှုကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှ မူးယစ် (ပ) ၇/ ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
သတင်း - The Voice Weekly
Photo from MOI
ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment