Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

တရုတ် စတော့ဈေး ဒုတိယနေ့ ဆက်ခုန်တက်

တရုတ်နိုင်ငံ ရှမ်ဟိုင်းမြို့ စတော့ဈေးကွက် (ဇူလိုင် ၈၊ ၂၀၁၅)
တရုတ် စတော့ ဈေးကွက်မှာ ဒီကနေ့ သောကြာနေ့မှာလည်း ဒုတိယနေ့ အဖြစ် ဆက်ပြီး အောင်မြင်မှု ရရှိလာပါတယ်။ ဒါပေမယ့်လည်း မတည်မငြိမ် ဖြစ်နေတဲ့ စတော့ ဈေးကွက်က ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံကို ထိခိုက်စေခဲ့တဲ့ အပေါ်မှာတော့ စိုးရိမ်မှုတွေ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။  တရုတ် စတော့ ဈေးကွက်မှာ စံသတ်မှတ်ထားတဲ့ ရှန်ဟိုင်း စတော့ ဈေးကွက်ကတော့ ဒီကနေ့မှာ ၄ ဒသမ ၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လယ်က စပြီး ဈေးကွက်တန်းဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တဲ့ အခြေအနေကို ချေဖျက်နိုင်ရေး တရုတ် အစိုးရက လုပ်ဆောင်မယ့် အစီအစဉ် အတော်များများ ကြေညာခဲ့တဲ့ မနေ့ ကြာသပတေးနေ့ကလည်း အလားတူဘဲ စတော့ ဈေးကွက်မှာ ဈေးတွေ ပြန်လည် ဦးမော့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သတင်း ၂ ပတ် အတွင်း တရုတ် အစိုးရက အဓိက ကျတဲ့ အတိုးနှုန်းတွေ ဖြတ်တောက်၊ စတော့ ၀ယ်ယူမှု ကန့်သတ်မှုတွေကို ပယ်ဖျက်ပြီး ရှယ်ယာအများစု ပိုင်ဆိုင်ထားသူတွေကိုလည်း နောက်ထပ် ၆ လ ရောင်းချမှုကို တားမြစ်မိန့် ထုတ်ခဲ့ပါတယ်။

စတော့ ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တရုတ် ပြည်မကြီးက ကုမ္ပဏီ ၁၄၀၀ လောက်ကို အရောင်းအ၀ယ် ဆိုင်းငံ့ထားတာပါ။ ဈေးကွက် ပြိုကျလာမှုကို ရပ်တန့်ရေး ဆောင်ရွက်ချက်တွေကိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ကြိုဆိုကြပါတယ်။ ဒါပေမယ့် အစိုးရဘက်က အထောက်အပံ့ပေးနေမှုတွေကို ဖြေလျှော့လိုက်ပြီး အရောင်းအ၀ယ် ဆိုင်းငံ့ခံထားရတဲ့ ရှယ်ယာတွေ ပြန်လည် ရောင်းဝယ် ဖောက်ကား လာတဲ့ အချိန်မှာ အစုရှယ်ယာတွေ အလုံးအရင်းနဲ့ ဆက်ပြီး ရောင်းထုတ်မယ့် အပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။

စတော့ ဈေးကွက် ပြဿနာက တခြား တရုတ်ရဲ့ စီးပွားရေး အပေါ်မှာ ရိုက်ခတ်လာမယ့် အရေးကိုလည်း တချို့တို့က စိုးရိမ်ကြပါတယ်။စတော့ ဈေးကွက် ပြဿနာက စီးပွားရေး အပေါ်မှာ ရိုက်ခတ်မှုရှိမှာ ဖြစ်ပြီး စားသုံးမှု အပေါ်မှာလည်း ထိခိုက်စေမယ့်ပုံ ရတယ်လို့ သောကြာနေ့က သုတေသန မှတ်တမ်း တခုမှာ Bank of America Merrill Lynch က ပြောဆိုထားပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ကတော့ တရုတ်ရဲ့ စတော့ ဈေးကွက် ပြဿနာက တရုတ်ရဲ့ စီးပွားရေး အပေါ်မှာ အနည်းငယ်ဘဲ သက်ရောက်မှု ရှိနိုင်ပြီး စိုးရိမ်စရာ အကြောင်းလည်း မတွေ့ဘူးလို့ IMF ရဲ့ စီးပွားရေး ပညာရှင် Olivier Blanchard က ပြောပါတယ်။

တချိန်တည်းမှာဘဲ တောင်ကိုးရီးယား၊ သြစတေးလျ၊ ဟောင်ကောင်တို့မှာ စတော့ဈေးကွက် အနည်းငယ် ဦးမော့လာခဲ့တာကြောင့် အာရှဒေသ စတော့ဈေးကွက် တက်လာတယ်လို့ ပြောရမှာပါ။ဂျပန်ဈေးကွက်မှာတော့ ဒသမ ၅ ရာခိုင်နှုန်းလောက် ဈေးကျခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment