Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 29, 2015

မြန်မာနိုင်ငံမှာ Global Growth ကုမ္ပဏီ ဒေါ်လာသန်းချီ ဘယ်လိုလိမ်လည်ခဲ့လဲ

 ရန်ကုန်မြို့လယ်ခေါင်ရှိ ရုံးခန်းငှားရမ်းခနှုန်း အမြင့်ဆုံးဖြစ်သော ဆာကူရာတာဝါ ၃ လွာတွင် ရုံးခန်းဖွင့်လှစ်ပြီး ဒေါ်လာ သန်းချီ လိမ်လည်သွားသော ငွေလိမ်လည်မှုကြီးတခု ယခုရက်ပိုင်းအတွင်းဖြစ်ပွားသွားပြီး လိမ်လည်သော ကုမ္ပဏီမှာ Global Growth ဆိုသော ကုမ္ပဏီဖြစ်သည်။

အဆိုပါကုမ္ပဏီသည် နိုင်ငံတကာ ရွှေပေါက်ဈေးအတက်အကျ၊ ငွေလဲလှယ်နှုန်း အတက်အကျ ပေါ်တွင် ၀င်ရောက် ကစား ခြင်းဖြင့် ကျိုး အမြတ်ရရှိစေရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ မြန်မာနိုင်ငံမှ ယင်းဈေးကွက်ကို စိတ်ဝင်စားသူ အများ အပြားထံမှ ငွေသိန်းပေါင်းများစွာ လိမ်လည်သွားခြင်းဖြစ်သည်။ Global Growth ကုမ္ပဏီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ခွင့် လိုင်စင် ရယူထား သော် လည်း ငွေလဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်နှင့် မသက်ဆိုင်သော လုပ်ငန်းများ လုပ်ကိုင်ပြီး ငွေလိမ်လည်ခဲ့ခြင်းဖြစ်သည်။

Global Growth ကုမ္ပဏီကို မည်သူပိုင်ပြီး မည်သို့မည်ပုံ လိမ်လည်ခဲ့သနည်းဆိုသော မေးခွန်းက လိမ်လည် လှည့်ဖြား ခံရလိုက်သောသူတိုင်းက မေးမြန်းစုံစမ်းကြသည့် မေးခွန်းဖြစ်သည်။ ယင်းကုမ္ပဏီကို တည်ထောင်သူသည် တရုတ်နိုင်ငံ၊ ဟောင်ကောင်သား NG Kwok Fai (ခေါ်) Mr.ED ဆိုသူဖြစ်ပြီး ၎င်းသည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အလိုရှိနေသူ တဦးဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံတွင်လည်း အလားတူ ငွေကြေးလိမ်လည်ခဲ့ခြင်းကြောင့် ဗီယက်နမ်အာဏာပိုင်များက အလိုရှိနေသူတဦးဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် NG Kwok Fai သည် ဗီယက်နမ်တွင်လည်း ကနေဒါအခြေစိုက် Richmark International Group ကုမ္ပဏီ ၏ လက်အောက်ခံ ဟန်ပြ အဖြစ်Tactics Investment Consulting Service Co.ltd ဆိုသော ကုမ္ပဏီကို ထူ ထောင် ကာ နိုင်ငံတကာ ရွှေဈေးနှင့် ငွေလဲလှယ်နှုန်း အတက်အကျပေါ်တွင် အကျိုးအမြတ်ရစေရန် ၀င်ရောက် ကစား ပေးမည်ဟုဆိုပြီး ငွေများလိမ်လည် ထွက်ပြေးခဲ့သည့်အတွက် ဗီယက်နမ်အာဏာပိုင်များက ဖမ်းဝရမ်းထုတ် အလို ရှိခံ နေရသူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဗီယက်နမ်တွင် လိမ်လည်ခဲ့သူ၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိနေသူ Kowk Fai မှာ မြန်မာနိုင်ငံသို့ အမည် ပြောင်းလဲခြင်းမရှိ၊ ဓာတ်ပုံ ပြောင်းလဲခြင်းမရှိ၊ မွေးသက္ကရာဇ်ပြောင်းလဲမရှိသော သူ၏ မူရင်း နိုင်ငံကူးလက်မှတ်ဖြင့် ၀င်ရောက် လာပြီး ကုမ္ပဏီထူထောင်ကာ ငွေများထပ်မံ လိမ်လည်နိုင်ခဲ့ခြင်းမှာလည်း အံ့သြစရာပင်ဖြစ်သည်။ အပြည်ပြည် ဆိုင် ရာ ရဲတပ်ဖွဲ့က အလိုရှိသူနေသူတဦးက မြန်မာနိုင်ငံသို့ အလွယ်တကူဝင်လာပြီး ကုမ္ပဏီထောင် လိမ်နိုင်သည့် အခွင့် အရေး ပင် ရနေသည့် သဘောဖြစ်သည်။

တရုတ်နိုင်ငံသား NG Kwok Fai (ခေါ်) Mr.ED သည် Global Growth ကုမ္ပဏီကို တည်ထောင်ကာ ၎င်းခန့်အပ် ထား သော ဟောင်ကောင်မှ မန်နေဂျာ ၂ဦးဖြစ်သော Mr.Seri ၊ Mr.Jame တို့နှင့်အတူ ပြည်တွင်း အကျိုးတူ ပူးပေါင်း ဆောင် ရွက်လာသော ဒေါ်ခင်အေးလွင်နှင့် အလုပ်များ ပူးပေါင်းလုပ်ဆောင်ရွက်နေရင်းမှ ငွေကြေးများ လိမ်လည်သွား ခြင်း ဖြစ် သည်။

Global Growth ကုမ္ပဏီသည် ပုံမှန် အရောင်းအ၀ယ်ကစားနေသော ရွှေဈေးကွက်၊ ငွေကြေးဈေးကွက် လမ်းကြောင်း နှင့်အတူ Global Group Investment Program-GGIP ဟုအမည်ပေးထားသည့် အစီအစဉ်တခုဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ ကို ခေါ်ယူခဲ့ကြောင်း၊ ယင်းအစီအစဉ်မှာ စတော့ရှယ်ယာများနှင့် ရွှေဈေးအတက်အကျများအပေါ်တွင် ကစားမှု ကျွမ်းကျင် သူများထံသို့ ငွေကြေးထည့်ဝင်၍ ကစားခိုင်းသည့် အစီအစဉ်ဖြစ်ကြောင်း၊ ရရှိလာသည့် အမြတ်တွင် အဆိုပါ ကျွမ်းကျင် သူများက ၄၀ရာခိုင်နှုန်းနှင့် Global Growth က၆၀ရာခိုင်နှုန်း ရရှိသည်ဟု ရှယ်ယာရှင်များသို့ ပြောခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ထည့်ဝင်ရင်းနှီးမြှုပ်နှံသူများသို့ ကျပ်သိန်း ၁၀၀ ထည့်လျှင် အတိုး ၅သိန်းနှင့် ၉သိန်းကြား ပုံမှန် ပေးခဲ့ပြီး ကျပ်သိန်း ၅၀ ဆိုပါက အတိုး ၂သိန်းကို အသားတင်အမြတ်အနေဖြင့် စတင်ပေးခဲ့ကြောင်း သိရှိရသည်။

Global Growth ကုမ္ပဏီ၏ ဆွဲဆောင်မှုကြောင့် စိတ်ဝင်စားသူများသည် အနည်းဆုံး ကျပ်သိန်း၅၀ မှ သိန်း၅၀၀၀ ကျော် အထိ ထည့်ဝင်လာကြကာ ငွေကြေးအလိမ်ခံရမှု ပမာဏသည် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းချီအထိ ရှိနိုင်ကြောင်း ယင်းကုမ္ပဏီတွင် ၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်၊ ရှယ်ယာရှင်တဦးလည်းဖြစ်သူ တဦးက ဆိုသည်။

ငွေကြေးလိမ်လည်သူ Mr.ED (ခေါ်) Kwok Fai သည် ဇွန်လ ၃ရက်နေ့တွင် ကုမ္ပဏီသို့ လာရောက်၍ မန်နေဂျာ Mr.Jame က ၎င်း၏ပိုက်ဆံအချို့ကိုယူ၍ ထွက်ပြေးသွားကြောင်း ပြောဆိုခဲ့ပြီး ၎င်းကိုယ်တိုင်လည်း နိုင်ငံခြားသို့ ထိုနေ့တွင်ပင် ထွက် ခွာ သွားကြောင်း၊ အခြားမန်နေဂျာ တဦးဖြစ်သည့် Mr.Seri သည် မေလကတည်းကပင် ကုမ္ပဏီမှ တရားဝင်နုတ်ထွက်သွား ပြီး နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာထည့်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံမှလုပ်ဖော်ကိုင်ဖက်အဖြစ် တွဲဖက်လုပ်ကိုင်နေသော ဒေါ်ခင်အေးလွင်မှာလည်း အဆက်အသွယ်မရတော့ကြောင်း ရှယ်ယာရှင်များက ပြောသည်။

Global Growth ကုမ္ပဏီကို မြန်မာကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော်လည်း အချက်အလက်များအရ ဒါရိုက်တာ အဖွဲ့ဝင် စာရင်း တွင် အဓိကလုပ်ဆောင်နေသူများဖြစ်သည့် Mr.ED၊ Mr.Jame၊ Mr.Seri နှင့် ဦးဇော်အေးလွင် ဆိုသည့် အမည်သာ ပါရှိကြောင်း သိရှိရသည်။ ဦးဇော်အေးလွင်ဆိုသူမှာ Mr.ED နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ဒေါ်ခင်အေးလွင်၏ မောင်ဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ဦးဇော်အေးလွင်၊ဒေါ်ခင်အေးလွင် အပါအ၀င် ကုမ္ပဏီနှင့်ပတ်သက်နေသူ အားလုံးသည် အဆက်အသွယ် မရတော့ဘဲ ငွေလိမ်ခံရသူများက ကျောက်တံတားရဲစခန်းတွင်လည်ကောင်း၊ စသုံးလုံးတွင် လည်ကောင်း အမှု ဖွင့်တိုင်ကြား ထားကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အလိုရှိနေသူတဦးက ရန်ကုန်မြို့လယ်တွင် ရုံးခန်းဖွင့် ငွေလိမ်ခဲ့ခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ အားနည်းချက်များကြောင့် ဖြစ်သည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒုရဲမှုးကြီးဝင်းဗိုလ်က “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်တာပိုလ်လို အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေရှိပါတယ်။ အခုဟာ ကျနော်က မသိသေးပါဘူး။ဒီဖြစ်စဉ်တကယ်မှန်တယ်ဆိုရင် ကျနော်တို့ လုပ်စရာရှိတာတွေကို ချိတ်ဆက်ဆောင်ရွက်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

Global Growth ကုမ္ပဏီကဲ့သို့သော ရွှေပေါက်ဈေးကစားခြင်းနှင့် နိုင်ငံခြားငွေကြေးနှင့် ရှယ်ယာများ အရောင်းအ၀ယ် ကစားနေသည့် အခြားသော ကုမ္ပဏီများလည်း ရန်ကုန်တွင် ရှိသေးကြောင်း စုံစမ်းသိရှိရသည်။

လိမ်လည်ခံလိုက်ရသူတဦးက “ရန်ကုန်မှာ ဒီလို အွန်လိုင်းကနေ ဈေးကွက်ကို ချိတ်ဆက် ကစားနေတဲ့ ကုမ္ပဏီတွေ ၇ ခုလောက် ရှိပါတယ်။ သူတို့ ပုံမှန် လုပ်ကိုင်နေတာ ဆိုပေမယ့် ရှယ်ယာ ရင်းနှီးထည့်ဝင်သူတွေ အနေနဲ့ ကျမတို့လို နောက်ထပ် အလိမ်မခံရဖို့ သတိတော့ ထားဖို့လိုပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့သော စတော့ရှယ်ယာများ ကစားခြင်း၊ ရွှေဈေးအပေါ်တွင် ကစားခြင်းနှင့် ငွေကြေးဈေးကွက်တွင် ကစားခြင်းမျိုးဖြင့် စည်းရုံးသိမ်းသွင်းကာ လိမ်လည်သည့် ဖြစ်စဉ်မျိုးမှာ မြန်မာနိုင်ငံကဲ့သို့သော စတော့ ဈေးကွက်အတွေ့အကြုံ လုံးဝမရှိသေးသော နိုင်ငံမျိုးတွင် ပိုဂရုစိုက်ဖို့ လိုကြောင်း ပြည်ပစတော့ဈေးကွက် အတွေ့အကြုံရှိ THURA SWISS ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောသည်။

“နိုင်ငံတကာမှာလည်း ဖြစ်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် နည်းနည်းကွာတာက ကျန်တဲ့နိုင်ငံတွေမှာ Market တွေ ရှိပြီးသား။ အဲ့ဒီ Market တွေကို Support လုပ်တဲ့ Institutions တွေက ရှိပြီးသား။ မြန်မာပြည်မှာက (Security) ၀န်ဆောင်မှု ကုမ္ပဏီတွေက လိုင်စင်တွေ ဘာတွေ မရသေးဘူး။ မချပေးသေးဘူး။ ကျန်တဲ့ နိုင်ငံမှာ Security ကုမ္ပဏီတွေ ရှိပြီးသား။ အကုန်လုံး အစိုးရက အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတွေ ရှိပြီးနေတော့ တယောက်စီ တယောက်စီက ဘယ်မှာ ၀န်ဆောင်မှုကို ယူရမလဲ။ ဘယ်သူ့ဆီက ယူရမလဲဆိုတာသိတယ်။ ဒီကုမ္ပဏီကတော့ အစိုးရအသိအမှတ်ပြုထားတဲ့ ကုမ္ပဏီ ဆိုတာမျိုး မြန်မာနိုင်ငံမှာက မရှိသေးဘူး” ဟုပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ဂျပန် Diawa ကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်စတော့အိတ်ချိန်းကို လာမည့် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ရန်ရှိကြောင်း၊ သို့ရာတွင် စတော့အိတ်ချိန်းသို့ ၀င်ခွင့်ရပြီး ရှယ်ယာများရောင်းချနိုင်မည်ဖြစ်သော Listed ကုမ္ပဏီ များ ကို မကြေညာနိုင်သေးသကဲ့သို့ ရှယ်ယာအရောင်းအ၀ယ်များအတွက် ၀န်ဆောင်မှုပေးမည့် Security ကုမ္ပဏီ အမျိုးအစား ၄မျိုးကိုလည်း လိုင်စင်များ ချမပေးရသေးကြောင်း၊ ယင်းရှယ်ယာဈေးကွက်တွင် အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများကို အဓိက ရောင်းချမည်ဖြစ်ပြီး နိုင်ငံတကာကဲ့သို့ ရွှေဈေး၊ ငွေလဲလှယ်နှုန်း အပါအ၀င် ကုန်စည်ဈေးနှုန်းများ၏ အတက်အကျကို ၀င်ရောက်ကစားနိုင်သည့် ဈေးကွက်ပုံစံမျိုး ပါဝင်မည်၊ မပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေါက်တာ အောင်သူရက “Security ကုမ္ပဏီတွေပေါ်လာပြီဆိုရင်တော့ စိတ်ချရမှာပေါ့။ဒါကလည်း ကုမ္ပဏီကကိုယ့်ကို မလိမ်ဘူးဆိုတာပဲ စိတ်ချရတဲ့ အခြေအနေပဲရှိတယ်။ တကယ် ကိုယ်ရင်းနှီးတဲ့ နေရာမှာတော့ နားမလည်ပဲ ရှယ်ယာတွေ သွားဝယ်လို့ အဲဒီရှယ်ယာတွေက ဈေးတွေဘာတွေ ထိုးကျသွားပြီဆိုရင်တော့ ရှုံးနိုင်တုန်းပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ စတော့နှင့် သက်ဆိုင်သော အတွေ့အကြုံနှင့် ဗဟုသုတ နည်းပါးနေသေးသည့် နိုင်ငံတနိုင်ငံတွင် လိမ်လည်သူများအနေဖြင့် ထိုအားနည်းချက်ကို အဓိကထား၍ ယခုဖြစ်စဉ်ကဲ့သို့ လုပ်ဆောင်နိုင်မှုများ ထပ်ရှိလာနိုင်သည် ဖြစ်ရာ အဓိကအရေးပါသည့် စတော့ဆိုင်ရာ သိသင့်သိထိုက်သည်များကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားရန် လိုပြီဖြစ်သည်။

irrawaddy



No comments:

Post a Comment