CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 19, 2015
ဘောလုံးပွဲလက်မှတ်ဈေးတင်ရောင်းချသည့် “ဒို့မြန်မာ”ဆိုင်မှ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို ဒေါ်လာ ၈၅၀၀ လှူဒါန်း
မြန်မာဘောလုံးပွဲလက်မှတ်များ မှောင်ခိုရောင်းချသဖြင့် စင်ကာပူရဲတပ်ဖွဲ့ကပင် ၀င်ရောက်စစ်ဆေးခြင်းခံခဲ့ရသော “ဒို့မြန်မာ”ဆိုင်မှ မြန်မာ ယူ ၂၃ အသင်းအတွက် စင်ကာပူဒေါ်လာ ၈၅၀၀ လှူဒါန်းခဲ့ကြောင်း
သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် လက်မှတ် ၁ စောင်လျှင် ၅ ဒေါ်လာနူန်းဖြင့် လှူဒါန်းခဲ့သည်ဟု “ဒို့မြန်မာ” ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။
“ကျွန်တော့်ဆီက ဆီးဂိမ်းလက်မှတ်တွေကို ၀ယ်ယူအားပေးကြတဲ့ ရွှေမြန်မာများကို ကျေးဇူးအထူးတင်ပါ
တယ်။ အစောကတည်းက ကတိပေးထားတဲ့အတိုင်း လက်မှတ် တစောင်ကို ၅ ဒေါ်လာနူန်းနဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို လှူဒါန်းခဲ့ပါတယ်။”ဟု ဒို့မြန်မာ ဖေ့စ်ဘွခ်တွင် ရေးသားထားသည်။
အဝေးရောက်မြန်မာများက မိမိတို့အသင်းကို မျိုးချစ်စိတ်ဖြင့် အာပေးလိုကြသည်ကို အခွင့်ကောင်းယူ၍
မှောင်ခိုပြုလုပ်ရောင်းချခြင်းကို ပရိသတ်များက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် အပြင်းအထန် ဝေဖန်ရှုတ်ချလျက်ရှိသည်။
“ကျွန်တော်တို့က ရေခြားမြေခြားမှာ လာကစားတဲ့ ကိုယ့်မြန်မာအသင်းကို အားပေးချင်တာပေါ့။ ဒီအချိန်မှာ ၃၅ ဒေါ်လာမဟုတ်ဘူး ဒေါ်လာ ၅၀ ဆိုလည်း ၀ယ်ကြည့်မှာပဲ။ အခုလို လက်မှတ်တွေအများကြီးဝယ်ပြီး
ဈေးတင်ရောင်းတာတော့ ကိုယ့်နိုင်ငံသားအချင်းချင်း ခါးပတ်နိုက်တာခံလိုက်ရသလိုပဲ။ မြန်မာအသင်းကို လှူချင်တယ်ဆိုလည်း ဒီလိုလုပ်တာဟာ နည်းလမ်းမမှန်ဘူး။”ဟု စင်ကာပူတွင် နေထိုင်လျက်ရှိသော
ပရိသတ်တဦး က ပြောသည်။
စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza အဆောက်အဦတွင် ဖွင့်လှစ်ထားသော
“ဒို့မြန်မာ”အပါအ၀င် မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ မှောင်ခိုလက်မှတ် ရောင်းချမှု ဈေးကွက်တခုဖြစ်ခဲ့သည်။ အကြိုဗိုလ်လုပွဲလက်မှတ်ဈေးနူန်းသည် တစောင်လျှင် ဒေါ်လာ ၁၅၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
Peninsular Plaza မှောင်ခိုဈေးကွက်အပြင် အွန်လိုင်းမှ လက်မှတ်ရောင်းချသည့် စင်ကာပူဝဘ်ဆိုဒ် Ticketbis တွင်လည်း ထိုင်း-မြန်မာ ဗိုလ်လုပွဲလက်မှတ်ကို ၁ စောင်လျှင် ဒေါ်လာ ၂၀၀ ခန့်မှ ပွဲကစားချိန် နီးကပ်လာသည်နှင့်အမျှ ဒေါ်လာ ၆၀၀ နီးပါးအထိ အဆမတန် မြင့်တက်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒို့မြန်မာဆိုင်သို့ ဆက်သွယ်မေးမြန်းရာ“ကျွန်တော်ရဲ့ အင်္ဂလိပ်စာအရေးအသားနဲ့အပြောအဆို ကောင်းမွန်မှုကြောင့် ဆီးဂိမ်းပွဲကျင်းပရေးကော်မတီကနေ လက်မှတ်စောင်ရေ ၂၀၅၀ ကို ၁စောင် ၂၁ ဒေါ်လာနူန်းနဲ့ မှာလို့ရခဲ့တယ်။ကိုယ့်အဖွဲ့အတွက် ကျနော်တို့ ဗမာတွေအတွက် ၀ယ်ဈေးအတိုင်း ပြန်ရောင်းမှာလို့ ပြောခဲ့ပါတယ်။ အမှန်တကယ် စည်းမျဉ်းစည်းကမ်းအရဆိုရင်တော့ သူတို့ ပေးထားတာ
ပြန်ရောင်းခွင့်မရှိဘူးလို့ပြောပါတယ် ခင်ဗျ။ ဒါပေမဲ့လို့ တကယ်လို့ ပြန်ရောင်းခွင့်မရှိဘူးဆိုရင် ဘာလို့
ကျနော်ကို ဒီလောက် အစောင်ရေ ပေးခဲ့ပါသလဲ။ ရဲတွေ ရောက်လာတယ်ဆိုတာကလည်း ကျနော့်ဆိုင်မှာက လူအုပ်များနေတဲ့အတွက် ဒီလူအုပ်စုကို ခွဲချင်တာ တခုပါပဲ။
ကျွန်တော်ပြန်ရောင်းတဲ့အခါ ၂၅ ဒေါ်လာနဲ့ရောင်းတာပါ။ မရောင်းခင်ကတည်းက မြန်မာဘောလုံးအသင်းကို လှူဖို့ဆိုတာ ၀ယ်မယ့်သူတွေကိုကြိုပြောထားပါတယ်။ ဒို့မြန်မာဆိုင်က၀ယ်သွားတဲ့ ကြိုက်တဲ့လူကို
မေးကြည့်လို့ရပါတယ်။ အဲဒီတော့ စုစုပေါင်း လက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ၈၅၀၀ လှူခဲ့တာပါ။ ရဲတွေကတောင် ကျွန်တော်ကို ပြောသေးတယ် မင်းတော်တော် အ တာပဲတဲ့။ ဘယ်စီးပွားရေးလုပ်ငန်းရှင်မှ ကိုယ့်အတွက် မကျန်ရင် မလုပ်ဘူးတဲ့။”ဟု ဒို့မြန်မာမှ ဒါရိုက်တာ ကိုပိုင် က ပြောသည်။
လက်မှတ်စောင်ရေ ထောင်ချီ၍ ၀ယ်ယူရရှိခဲ့သည့်နည်းလမ်းကို မေးမြန်းခဲ့သော်လည်း ဒို့မြန်မာ ဒါရိုက်တာ ကိုပိုင်က မဖြေလိုကြောင်း သို့သော် တရားဝင်နည်းလမ်းဖြင့် ရရှိခဲ့ခြင်းသာ ဖြစ်ကြောင်း News Watch သို့ ပြောကြားခဲ့သည်။
ယင်းအပြင် လက်မှတ် ၁ စောင်လျှင် ဒေါ်လာ ၄၀၊ ၆၀၊ ၁၀၀ စသဖြင့် ဈေးတင်ရောင်းချသည့်ဆိုင်များလည်း ရှိကြောင်း ၎င်းက ပြောသည်။
စင်ကာပူနိုင်ငံတွင် လက်မှတ်မှောင်ခိုရောင်းချခြင်းကို ဥပဒေဖြင့်တားမြစ်ထားပြီး ပွဲလက်မှတ်များကို
ဆတူဈေးဖြင့်သော်လည်းကောင်း၊ ဈေးတင်၍သော်လည်းကောင်း ပြန်လည်ရောင်းချခွင့်မပြုကြောင်း၊ စင်ကာပူနိုင်ငံ၏ဥပဒေနှင့်အညီ လက်မှတ်ရောင်းချခြင်းဖြစ်ပြီး ၀ယ်ယူသူအနေနှင့် စင်ကာပူတရားရုံးများ၏ တရားစီရင်မှုကို လိုက်နာပါမည်ဟု သဘောတူညီပြီးဖြစ်ကြောင်း ဘောလုံးပွဲလက်မှတ်၏ နောက်ကျောဘက်ပါ
လက်မှတ်ရောင်းချခြင်းဆိုင်ရာ စည်မျည်းစည်းကမ်းအမှတ် ၃ နှင့် ၅ တွင် ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားသည်။
၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်းသည်
အများမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သောခြေစွမ်းဖြင့် ကစားနိုင်ခဲ့ပြီး စင်ကာပူဘောလုံးပရိသတ်ကလည်း မြန်မာဘောလုံးအသင်း ကစားသည့်ပွဲစဉ်တိုင်း အင်နှင့်အားနှင့် လာရောက်အားပေးခဲ့ကြသည်။ ယခုတကြိမ် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသာမက မြန်မာဘောလုံးပရိသတ်ပါ အားကစာစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်အားပေးခဲ့ကြခြင်းကြောင့် စင်္ကာပူသတင်းမီဒီယာများနှင့် စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်ကပင်ချီးကျုးရေးသားခဲ့ကြသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဘောလုံးပွဲလက်မှတ်ဈေးတင်ရောင်းချသည့် “ဒို့မြန်မာ”ဆိုင်မှ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို ဒေါ်လာ ၈၅၀၀ လှူဒါန်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 19, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment