Philippines to build naval facility opposite contested Spratly Islands |
မနီလာ ၊ ၁၃-၅-၂ဝ၁၅
ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းရှိ အငြင်းပွားလျက် ရှိသော စပရက်တလီ ကျွန်းစုနှင့် မျက်နှာချင်းဆိုင် နေရာတွင် ရေတပ် အခြေစိုက် စခန်းသစ် တစ်ခု တည်ဆောက် သွားမည့် အစီအစဉ်သည် ငွေကြေး ထောက်ပံ့မှု ဆိုင်ရာ အခက်အခဲ ကြောင့် နှောင့်နှေး ကြန့်ကြာ ခဲ့သော်လည်း ဖိလစ်ပိုင် တပ်မတော် ၏ ထိပ်တန်း ဦးစားပေး ဆောင်ရွက် သွားမည့် အစီအစဉ် ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရီယို ကာတာပန်း က ပြောကြား ခဲ့သည်။
အဆိုပါ ရေတပ် အခြေစိုက် စခန်း၏ ကနဦး တည်ဆောက်ရေး လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် လိုအပ်ကြောင်း နှင့် ၄င်း အခြေစိုက် စခန်းကို အဓိက အခြေစိုက် စခန်းအဖြစ် ပြောင်းလဲရန် အမေရိကန် ဒေါ်လာ ၁၁၁ ဒသမ ၄ သန်း လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ကာတာပန်း က ပြောကြား သည်။
အဆိုပါ ရေတပ် အခြေစိုက် စခန်း တည်ဆောက်ရေး အစီအစဉ်ကို ရေးဆွဲထားပြီး ဖြစ်သော်လည်း ငွေကြေးဆိုင်ရာ ထောက်ပံ့မှု မရှိခြင်း ကြောင့် ရပ်တန့်ခဲ့ ရကြောင်းနှင့် အဆိုပါ နေရာတွင် လမ်းမကြီး တစ်ခု တည်ဆောက် နေဆဲ ဖြစ်ပြီး သင်္ဘော များကို ဝန်ဆောင်မှု ပေးနိုင်မည့် ရေနှင့်ရေနံ ဂိုဒေါင်ရုံ များကို အဆင့် မြှင့်တင်လျက် ရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် ရှိ ဝိုင်းစတား ပင်လယ်အော် အတွင်း အဆိုပါ ရေတပ် အခြေစိုက် စခန်း တည်ဆောက်မှု ပြီးစီးပါက အမေရိကန်၊ ဂျပန် နှင့် ဗီယက်နမ် ရေတပ် သင်္ဘောများ ဆိုက်ကပ် နိုင်သော ဆိပ်ကမ်း အဖြစ် အသုံးပြုခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေတပ် အခြေစိုက် စခန်း ဖွံ့ဖြိုး တိုးတက် လာခြင်းသည် စပရက်တလီ ကျွန်း အပါအဝင် တောင်တရုတ် ပင်လယ် တစ်ခုလုံး နီးပါးအား ၄င်း၏ အချုပ်အခြာ အာဏာ သက်ရောက် သည်ဟု အခိုင်အမာ ပြောကြား နေသော တရုတ်နိုင်ငံနှင့် အငြင်းပွား နေမှုများ အပေါ် ပိုမိုဆိုးရွား လာစေနိုင်ပြီး ပါလာဝမ် ပြည်နယ် သည် စပရက်တလီ ကျွန်းစုမှ မိုင် ၁ဝဝ ခန့် အကွာအဝေး တွင် ရှိကြောင်း သိရသည်။
Philippines to build naval facility opposite contested Spratly Islands
#PyiChitThar
No comments:
Post a Comment