Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ (၆)

By
အောင်ဒင်

(၇/၂) အလွန်အကျွံဖြစ်မှုများနှင့် အကြမ်းဖက်ဖြိုခွဲခံရခြင်း

ဧရာဝတီစစ်ကြောင်း၊ မြေလတ်စစ်ကြောင်း၊ မော်လမြိုင်စစ် ကြောင်းများမှ ကျောင်းသားများ က သပိတ်မှောက်ချီတက်တာကို ရပ်နားပြီး လွှတ်တော်ရဲ့ ဆောင် ရွက်ချက်ကို စောင့်ကြည့်ဖို့ ဆုံး ဖြတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ လက်ပံတန်းမြို့နယ်ကိုရောက်ရှိလာတဲ့ ပင်မ သပိတ် စစ်ကြောင်းကတော့ သပိတ်ကို မတ်လ ၁ ရက်နေ့အထိသာ ခေတ္တရပ်နားပြီး မတ်လ ၁ ရက်နေ့မှာမှ လွှတ်တော်က ပြင်ဆင်ချက်ဥပဒေကို အတည်မပြု ရင် သပိတ် စစ်ကြောင်း ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ဆုံး ဖြတ်ကြပါတယ်။

ဒီနေရာမှာ ကျောင်းသားများ နဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး နက်ဝါ့ခ်က ကိုယ်စားလှယ်များ ဟာ လွှတ်တော်ရဲ့ ဥပဒေပြုခြင်း လုပ်ထုံးလုပ်နည်းများကို နား မလည်ကြတာတွေ့ရပါတယ်။ လေးပွင့်ဆိုင်အစည်းအဝေးမှာ လွှတ်တော်ဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ကိုယ်စားလှယ်များဟာ လွှတ် တော်ကိုယ်စားလှယ်အားလုံးရဲ့ ကိုယ်စားဆုံးဖြတ်ပေးခွင့်မရှိပါ။ အစိုးရဘက်က ကျောင်းသားများ ရဲ့ တောင်းဆိုချက်တွေနဲ့ ရေးဆွဲ တဲ့ပြင်ဆင်ချက်ဥပဒေကြမ်းကို တင်သွင်းလာတဲ့အခါ လွှတ်တော် တွင်းမှာ ဦးစားပေးဆွေးနွေးဖို့ပဲ သဘောတူခွင့်ရှိပါတယ်။ ဒါကို ကျောင်းသားများနဲ့ ပညာရေးပြု ပြင်ပြောင်းလဲရေးနက်ဝါ့ခ်က ကိုယ်စားလှယ်များက သူတို့ တောင်းဆိုတဲ့ ၁၁ ချက်ကို အစိုးရ နဲ့ လွှတ်တော်က လေးပွင့်ဆိုင် အစည်းအဝေးမှာ သဘောတူပြီး ဖြစ်လို့ အစိုးရတင်သွင်းတဲ့ဥပဒေ ကြမ်းကို လွှတ်တော်က ချက်ချင်း အတည်ပြုပေးဖို့ တာဝန်ရှိတယ် လို့ ယူဆကြပါတယ်။ လက်တွေ့ မှာ လွှတ်တော်က ဥပဒေပြုလုပ် ထုံးလုပ်နည်းအတိုင်း လွှတ်တော် နှစ်ရပ်အနက်က အမျိုးသားလွှတ် တော်ကို အရင်ဆုံးစဉ်းစားရန် တာဝန်ပေးပြီး အမျိုးသားလွှတ် တော်က မတ်လ ၅ ရက်ကနေ မတ်လ ၁၅ ရက်အထိ ကြားနာပွဲ များကျင်းပမည့် အချိန်စာရင်းကို ထုတ်ပြန်တဲ့အခါမှာ အစိုးရနဲ့ လွှတ်တော်က ကတိပျက်တယ်လို့ ကျောင်းသားများက စွပ်စွဲကြပါ တော့တယ်။ သပိတ်အရှိန်ကို မြှင့် ဖို့ကြိုးစားကြပါတော့တယ်။

အဲဒီအချိန်မှာ အစိုးရ သတင်းစာတွေမှာ နေ့စဉ်ရက်ဆက်ဖော်ပြတဲ့ ကျောင်းသားများရဲ့ တောင်းဆိုချက် ၁၁ ချက်အပေါ် ကန့်ကွက်ဝေဖန်ချက် ဆောင်းပါးတွေ၊ ပညာရေးဝန်ကြီးကနေ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများထံ လျှို့ဝှက်ခေါင်း စဉ်နဲ့ပေးပို့တဲ့ ကျောင်းသားများရဲ့ တောင်းဆိုချက်များအပေါ် ဝေဖန်ချက်တွေက ကျောင်းသားများနဲ့ ကျောင်းသားသပိတ်ထောက်ခံသူများရဲ့ မကျေနပ်မှုကို ပိုပြီးခိုင်မာအားကောင်းစေပါတယ်။

အစိုးရဘက်ကလည်း ကျောင်းသားများတောင်းဆိုတာ ကို လိုက်လျောပေးပြီးပြီမို့ သပိတ် စစ်ကြောင်းများ ဆက်လက်ချီ တက်မှာကို လုံးဝလက်မခံနိုင် တော့ပါ။ လူစုခွဲဖို့ပဲ တောင်းဆိုပါ တော့တယ်။ မတ်လ ၂ ရက်နေ့ မှာ ပင်မသပိတ်စစ်ကြောင်းက လက်ပံတန်းကနေ ဆက်လက်ချီ တက်ဖို့ ကြိုးစားတဲ့အခါ လုံခြုံရေး တပ်ဖွဲ့များက လမ်းပိတ်ဆို့ထား ပြီး ထွက်ခွာခွင့်မပေးဘဲ အခြေ အနေ တင်းမာလာခဲ့ပါတယ်။ သံဃာ့အဖွဲ့အစည်းများနဲ့ ဩဇာ ကြီးမားတဲ့ ဆရာတော်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ ဝင် ရောက်ညှိနှိုင်းပေးကြပေမယ့် မအောင်မြင်တော့ပါ။ မတ်လ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ချီတက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို ရန်ကုန်ကို လုံးဝအဝင်မခံနိုင်တဲ့ အစိုးရက အကြမ်းဖက်ဖြိုခွဲလိုက် ပါတယ်။ ကျောင်းသားနဲ့ ဝန်းရံသူ ၁၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရိုက်နှက်ဖမ်းဆီးထိန်း သိမ်းလိုက်ပြီး နောက်ပိုင်းမှာ သံဃာတော်နဲ့ ကျောင်းသား ၃၀ ခန့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်း ဆီးထားသူ ၈၀ ကျော်ကို ပုဒ်မမျိုး စုံနဲ့ စွဲချက်တင်ပြီး ရုံးတင်စစ်ဆေး နေပါတယ်။ လွတ်မြောက်နေဆဲ ကျောင်းသားခေါင်းဆောင်တချို့ ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါ သေးတယ်။

(၇/၃) ပြည်သူအများ ရှုံးပါတယ်

ဒီဖြစ်ရပ်ကို သေသေချာချာ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် သဘောထားတင်းမာသူတွေက နှစ်ဖက်စလုံးမှာရှိနေတာကို တွေ့ ရပါတယ်။ အစိုးရဘက်မှာလည်း ကျောင်းသားများရဲ့အသံကို နား မထောင်ချင်ဘဲ တစ်ဖက်သတ် ဆောင်ရွက်ချင်သူတွေ၊ စိတ်ရှည် လက်ရှည် ဆွေးနွေးညှိနှိုင်းရမယ့် အစား အင်အားသုံးအကြမ်းဖက် ချင်သူတွေ၊ ဗကပယူဂျီတွေက ကျောင်းသားများနောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုပြီး အလွန် အကျွံစိုးရိမ်ပူပန်နေသူတွေရှိနေ တာ အထင်အရှားပါ။ သပိတ် မှောက်ကျောင်းသားများဘက်မှာ လည်း မူလအစက တွေ့ဆုံဆွေး နွေးဖို့ကိုသာ တောင်းဆိုခဲ့တာဖြစ် ပြီး တွေ့ဆုံဆွေးနွေးခွင့်ရချိန်မှာ အပေးအယူလုပ်ညှိနှိုင်းချင်စိတ် မရှိတာတွေ၊ လွှတ်တော်ရဲ့ လုပ် ငန်းသဘာဝကိုနားလည်ဖို့ မကြိုး စားဘဲ တောင်းဆိုသမျှ အကုန် ချက်ချင်းရချင်တာတွေ၊ သပိတ် ကို ရပ်သင့်တဲ့အချိန်မှာ မရပ်ဘဲ ရန်ကုန်အရောက်ချီတက်ပြီး အောင်ပွဲခံချင်စိတ်က ကြီးမားနေ တာတွေကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်မှာ အစိုးရလည်း ရှုံးပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို အကြမ်းဖက်ရိုက်နှက်လို့ နိုင်ငံတကာအစိုးရများရဲ့ ပြစ်တင် မှု၊ ပြည်သူလူထုရဲ့ အယုံအကြည်ကင်းမဲ့မှုတွေကို ခံစားရပါတယ်။ ဒီမိုကရေစီအင်အားစုရဲ့ ခေါင်း ဆောင်အဖွဲ့အစည်းများဖြစ်ကြ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) လည်း ရှုံးပါတယ်။ ဒီအဖွဲ့အစည်း ကြီးနှစ်ခုက ခေါင်းဆောင်များက ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်း နိုင်ရေးအတွက် ကျောင်းသားများ နဲ့ အစိုးရအကြား ကြားဝင်ကြိုး ပမ်းညှိနှိုင်းပေးခဲ့တာကို အသိ အမှတ်မပြုကြဘဲ ကျောင်းသား များဘက်က ရပ်တည်တိုက်ပွဲ မဝင်လို့ဆိုပြီး အပြစ်ဆိုခံကြရပါ တယ်။ တကယ်တော့ ဒီဖြစ်စဉ် ကြီးတစ်ခုလုံးမှာ အနိုင်ရလိုက်သူ တွေက ဘက်နှစ်ဖက်စလုံးက သဘောထားတင်းမာသူတွေပဲ ဖြစ်ကြပါတယ်။

နှစ်ပေါင်းများစွာ တင်းကျပ် တဲ့ ဖိနှိပ်မှု၊ နိုင်ငံရေးမတည်မငြိမ် မှုတွေအောက်မှာ အသက်ရှူမွန်း ကျပ်ခဲ့ရလို့ အခုရရှိနေတဲ့ တည် ငြိမ်မှု၊ လွတ်လပ်မှုအတိုင်းအတာ ကို ကျေနပ်လက်ခံပြီး တဖြည်း ဖြည်းနဲ့ ပို၍လွတ်လပ်၊ ပို၍တည် ငြိမ်၊ ပိုပြီးတိုးတက်လာဖို့ မျှော် လင့်နေကြတဲ့ ပြည်သူအများစုက တော့ မပြိုင်ဘဲနဲ့ ရှုံးကြရပါတယ်။

(၈) အစိုးရကို မယုံကြည်ခြင်းနှင့် ပတ်သက်၍

လက်ပံတန်းအကြမ်းဖက်မှု ကြောင့် အစိုးရကို မယုံကြည်ဘူး လို့ ကြွေးကြော်သံတွေက ပိုပြီး ကျယ်လောင်လာပါတယ်။ စစ် ဗိုလ်ချုပ်ဟောင်းများနဲ့ လက်ရှိ ဗိုလ်ချုပ်များ ပူးပေါင်းဖွဲ့စည်း ထားပြီး စစ်တပ်ကို ကျောထောက် နောက်ခံပြုထားတဲ့ အရပ်သား အမည်ခံအစိုးရကို မယုံကြည်တာ သဘာဝကျပါတယ်။ အစိုးရအဖွဲ့ ထဲမှာလည်း အာဏာရှင်ခေတ်က အကျင့်စရိုက်တွေကို ပွေ့ဖက် ထားဆဲဖြစ်တဲ့ အရာရှိကြီးတွေ အများကြီးပါ။ ဒီမိုကရေစီကျင့်စဉ် တွေကို မနှစ်သက်ဘဲ၊ လူထုကို ကိုယ်စားမပြုချင်ဘဲ လူထုကို ဖိနှိပ်ချင်သူတွေလည်း အစိုးရထဲမှာရှိ နေတာပါ။ သမ္မတကိုယ်တိုင်က ကျပ်သုံးသိန်းအထိ လက်ဆောင် ယူခွင့် တရားဝင်ခွင့်ပြုထားလို့ အဂတိလိုက်စားမှုတွေ၊ လာဘ် ပေးလာဘ်ယူမှုတွေကလည်း နက်နက်ရှိုင်းရှိုင်းရှိနေပါသေး တယ်။ လက်တွေ့ဘဝအဖြစ် အပျက်တွေက သမ္မတမိန့်ခွန်း များ၊ ညွှန်ကြားချက်များနဲ့ ဆန့် ကျင်ဘက်ဖြစ်နေတာတွေလည်း အများကြီးပါ။ တိုင်းပြည်ကို ကာ ကွယ်စောင့်ရှောက်ရမယ့် တပ် မတော်က နိုင်ငံတော်ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းကြီးဖြစ်နေ ပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေ ပြုအာဏာတွေကို ထိန်းချုပ်ထား နိုင်တာလည်း စိတ်မချမ်းသာစရာ ပါ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးတွေ ဆောင်ရွက်နေပါပြီဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေရှိ နေဆဲပါ။ ပြည်သူ့ဆန္ဒကို လေး စားတယ်လို့ ကြွေးကြော်နေတဲ့ လွှတ်တော်ကနေ ပြည်သူ့ဘဝကို၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထိန်းချုပ်တဲ့ ဥပဒေတွေ ကို မရုပ်သိမ်းနိုင်သေးပါ။ တရား စီရင်ရေးစနစ်ကလည်း အရင် ခေတ်ကလိုပဲ မမျှတ၊ မမှန်ကန်၊ အုပ်ချုပ်သူများရဲ့ ဩဇာသက် ရောက်မှု ခံနေရဆဲပါ။

တိုင်းရင်းသားလူမျိုးစုများရဲ့တန်းတူညီမျှရေး တောင်းဆိုချက်တွေနဲ့လည်း အလှမ်းဝေးနေဆဲပါ။ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍကိုလည်း အာဏာပိုင်များနဲ့ နီးစပ်သူများ၊ တပ်မတော်စီးပွားရေးလုပ်ငန်းများနဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များက ထိန်းချုပ်လွှမ်းမိုးထားဆဲပါ။ ဒါကြောင့်မို့ ဒီအစိုးရကို မယုံကြည်ဘူးဆိုတာ သဘာဝကျတဲ့ ခံစားချက်တစ်ခုပါ။

ဒါပေမဲ့ အစိုးရကို မယုံကြည် တာတစ်ခုတည်းနဲ့တော့ တိုင်း ပြည်ပြောင်းလဲအောင် မဆောင် ရွက်နိုင်ပါ။ အစိုးရအပေါ် အမုန်း တရားများနဲ့ ခါးခါးသီးသီးဆန့် ကျင်နေရုံနဲ့ ပြည်သူအများလိုလား တဲ့ ဒီမိုကရေစီကို မရရှိနိုင်ပါ။

(၈/၁) တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရေး

၁၉၈၈ ခုနှစ်မှာ ကျွန်တော် တို့ ပြည်သူတွေ မြန်မာနိုင်ငံရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့် ကျင်တွန်းလှန်ခဲ့ကြပါတယ်။ အဲဒီ တုန်းက နိုင်ငံရေးအပြောင်းအလဲ တွေ ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ ရွေးချယ်ခဲ့ရတဲ့ နည်းလမ်းက ‘‘နိုင်ငံတစ်ဝန်းမှာ လူထုဆန္ဒပြပွဲ များဖြစ်ပေါ်အောင် စည်းရုံးလှုံ့ ဆော်ခြင်းဖြစ်ပါတယ်။

အဲဒီနည်းလမ်းက လွဲရင်လည်း တခြားနည်းလမ်းမရှိပါ။ တက္ကသိုလ်မြေမှာ စတင်ခဲ့တဲ့ မဆလအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ကျောင်းသားများက ပြည်သူလူထုထံ သယ်ဆောင်သွားပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံပါဝင်မှုကို စည်းရုံးနိုင်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊မဆလပါတီဝင်များ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်များပါ ပါဝင်ဆင်နွှဲလာလို့ အစိုးရယန္တရားကြီးတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရရဲ့ အဓိကဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပြီး နိုင်ငံတော်အာဏာကို မဆလအစိုးရထံကနေ လွှဲပြောင်းရယူလိုက်လို့ ကျွန်တော်တို့ အရေးနိမ့်ခဲ့ရပေမယ့် ဒီအရေးတော်ပုံကြီးက တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင်ဦးနေဝင်းရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို လမ်းခင်းပေးနိုင်ခဲ့ပါတယ်။

အဲဒီ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာလည်း ကျွန် တော်တို့အားလုံး လူထုဆန္ဒပြပွဲ ကြီးတွေရဲ့ ဖိအားနဲ့ မဆလအစိုး ရကို စားပွဲဝိုင်းမှာ အတိုက်အခံ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေး နွေးညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုခဲ့ ကြတာပါ။ လူထုဆန္ဒပြပွဲနဲ့ တိုက် ပွဲဖော်ဆောင်ပြီး ဒိုင်ယာလော့နဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ် ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအချိန် တုန်းက ကျွန်တော်တို့ဘက်မှာ မဆလအစိုးရကို ပိုပြီးအကျပ် အတည်းတွေ့စေမယ့်၊ ဒိုင်ယာ လော့စားပွဲပေါ်တွန်းပို့ပေးနိုင်မယ့်နိုင်ငံတကာဖိအားပေးမှုတွေ၊ နယ်စပ်ဒေသက လက်နက်ကိုင်တော် လှန်ရေးရဲ့ ဖိအားတွေ မရှိခဲ့ပါ။ အဲဒီတုန်းကလည်း ကျွန်တော်တို့ တွေ ပြည်သူတွေနဲ့ ပူးပေါင်းလာ မယ့် တပ်ထဲက သူရဲကောင်းတွေ ကို မျှော်လင့်ခဲ့ကြဖူးပါတယ်။ တပ်ကနေ ပြည်သူတွေနဲ့ လာရောက် ပူးပေါင်းသူတွေထဲမှာ ဗိုလ်ကြီး အဆင့်ပဲ ရာထူးအမြင့်ဆုံးရှိခဲ့ပါ တယ်။ မလုံလောက်ပါ။

၁၉၉၀ ရွေးကောက်ပွဲရလဒ် ကို စစ်အစိုးရက ငြင်းပယ်ပြီး နောက်ပိုင်းမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာ ပြည်သူများ ဆက်လက်လှုပ်ရှားခဲ့ ကြပါတယ်။ ပြည်တွင်းမှာ ဆက် လက်လှုပ်ရှားသူများက အကြမ်း မဖက်ငြိမ်းချမ်းသော ဆန္ဒပြမှုများ၊ အာဏာဖီဆန်မှုများနဲ့ စစ်အစိုးရ ကို ဆန့်ကျင်ပြီး နယ်စပ်ဒေသကို တိမ်းရှောင်သွားသူများက တိုင်း ရင်းသားလက်နက်ကိုင်အင်အား စုများနဲ့ လက်တွဲလို့ လက်နက် ကိုင်တောင်လှန်ရေးဆင်နွှဲကြပါ တယ်။ ဒါပေမဲ့လည်း ဒေါ်အောင် ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီ ခေါင်းဆောင်များကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံ တကာအစိုးရများကလည်း ထိထိ ရောက်ရောက် ဖိအားမပေးနိုင်၊ လက်နက်ကိုင်တော်လှန်ရေးအင် အားစုများကလည်း ထိထိရောက် ရောက်မတိုက်နိုင်တဲ့အပြင် တရုတ်အစိုးရနဲ့ ထိုင်းအစိုးရများ က မြန်မာစစ်အစိုးရဘက်က ရပ် တည်ကူညီကြတာမို့ ကျွန်တော် တို့ မအောင်မြင်ခဲ့ပါ။ အဲဒီကာလ မှာလည်း ဒီမိုကရေစီအင်အားစု ကြီးရဲ့ မျှော်လင့်ချက်က နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေး ခြင်းနည်းလမ်းနဲ့ ဖြေရှင်းဖို့ပဲဖြစ် ပြီး စစ်အစိုးရကတော့ တွေ့ဆုံ ဆွေးနွေးဖို့ကို ငြင်းပယ်ပြီး ဒီမို ကရေစီအင်အားစုကို အမြစ်ဖြတ်၊အပြုတ်တိုက်ရေးကို အားသွန်ခွန် စိုက်ဆောင်ရွက်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရွေး ကောက်ပွဲအနိုင်ရပါတီကို အပြီး တိုက်ဖျက်သိမ်းနိုင်ရေးဖြစ်ပါ တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပျက်စီးပြိုလဲ သွားပြီဆိုရင် စစ်အစိုးရရဲ့ တရား ဝင်မှုကို နိုင်ငံတကာက မေးခွန်း ထုတ်စရာမရှိတော့ပါ။

အဲဒီလို စစ်အစိုးရက ပြည် တွင်းက ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုကြီးကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ ပြည်တွင်း မှာ ဖိနှိပ်မှုတွေ တိုးမြှင့်ရာမှာ ပိုပြီး အာရုံစိုက်နိုင်ဖို့အတွက် နယ်စပ် ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဒေသ အလိုက် စစ်ဘုရင်တွေလုပ်ခွင့် ပေးပြီး စည်းရုံးလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင် အားစုအတော်များများ စစ်အစိုးရ ပေးတဲ့ အခွင့်အရေးတွေကို လက် ခံ၊ အပစ်အခတ်ရပ်စဲပြီး တိုင်း ရင်းသားစစ်ခေါင်းဆောင်များနဲ့ မြန်မာစစ်ဗိုလ်ချုပ်များ ဂေါက် အတူရိုက်၊ ကျွန်းသစ်တွေ အတူ ခုတ်၊ ကျောက်စိမ်းတွေအတူတူး ပြီး ငြိမ်းချမ်းပျော်ရွှင်နေကြချိန်မှာ ပြည်တွင်းဒီမိုကရေစီအင်အားစု ကြီးကတော့ စစ်အစိုးရရဲ့ အရှိန် အဟုန်မြှင့်ဖိနှိပ်မှုအောက်မှာ အပြင်းအထန်နာကျင်နေရပါ တယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုကြီး ပြိုလဲမသွားခဲ့ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်စီးမသွားခဲ့ပါ။ ထိပ်တန်း ခေါင်းဆောင်များ အကျဉ်းကျနေ တာတောင်မှ ကျန်ရှိနေတဲ့ အဖွဲ့ ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင် တွေဟာ သူတို့ပါတီတည်ရှိမှုကို အပြင်းအထန်ကာကွယ်နိုင်ခဲ့ကြ ပါတယ်။ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ အလုပ်သမား များ၊ လယ်သမားများ၊ တတ်သိ ပညာရှင်များ၊ တိုင်းရင်းသားနိုင်ငံ ရေးပါတီများ စတဲ့အင်အားစုတွေ ကလည်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲရပ်တည်ပြီး ဖိနှိပ်မှုများ ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအပါ အဝင် တတိယနိုင်ငံများကို ပျံ့နှံ့ ရောက်ရှိလာကြတဲ့ မြန်မာ့ဒီမို ကရေစီရေးလှုပ်ရှားသူများက လည်း အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတွေကို စစ် အစိုးရကို အသိအမှတ်မပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုကြဖို့၊ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှု တွေနဲ့ ပြစ်ဒဏ်ခတ်အရေးယူဖို့ စည်းရုံးနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ အ မြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်တဲ့ လုံခြုံရေးကောင်စီက မြန်မာ့အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူရတဲ့အဆင့် အထိ နိုင်ငံတကာဖိအားပေးမှုက မြင့်မားခဲ့ပါတယ်။

(စာရေးသူအောင်ဒင်သည်၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး တွင် ပါဝင်လှုပ်ရှားခဲ့ပြီး ဝန်ကြီး ချုပ် ဦးနုခေါင်းဆောင်သည့် စင် ပြိုင်အစိုးရအဖွဲ့အတွင်းဝန်၊ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ(၂) စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ U.S Campaign for Burma အဖွဲ့ကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင် အဖွဲ့အစည်းတာဝန် များမှအနားယူပြီး မြန်မာ့နိုင်ငံရေး ဝေဖန်ချက် ဆောင်းပါးများကို ပြည်တွင်း၊ပြည်ပစာစောင်များ၌ ရေးသားလျက်ရှိပါသည်။)

No comments:

Post a Comment