CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 2, 2015
ထိုင်ဝမ်ဒေါ်လာ ၈.၅ သန်း လိမ်လည်သူမောင်နှံအား ဖမ်းဆီး
အသက်အာမခံငွေ ထိုင်ဝမ်ဒေါ်လာ ၈.၅ သန်း (အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်းနီးပါး) ကို မြန်မာပြည်မှ လာသည့် ရည်းစားနှင့် ပေါင်း၍ လိမ်လည်ထုတ်ယူသည့် ထိုင်ဝမ်တရုတ်အမျိုးသမီးနှင့် သူမ၏ ရည်းစား မြန်မာတရုတ်အမျိုးသားကို ထိုင်ဝမ် ရာဇဝတ်မှုခင်း စုံစမ်းစစ်ဆေးရေး ဗျူရို (CIB) က ဖမ်းဆီးအရေးယူ ထားကြောင်း သတင်းရရှိပါသည်။
အသက် ၃၁ နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီး လျူယွမ်ကီနှင့် သူမ၏ မြန်မာ-တရုတ် ရည်းစားဖြစ်သူ အသက် ၃၂ နှစ်ရှိ ဆန်းရွေးချန် တို့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံသို့ ခရီးမသွားမီ အသက်အာမခံ ထားရှိခဲ့ကြသည်။ လျူယွမ်ကီ၏ အမည်ဖြင့် အသက်အာမခံ ထိုင်ဝမ်ဒေါ်လာ ၅ သိန်းကို မာကျူရီးစ် အသက်အာမခံ လီမိတက်မှလည်းကောင်း၊ ထိုင်ဝမ်ဒေါ်လာ ၈ သန်းတန် ခရီးသွားအာမခံကို နန်ရှန်းအသက်အာမခံမှလည်းကောင်း ၂၀၁၂ ခုနှစ်၊ မေလတွင် ဝယ်ယူထားရှိခဲ့သည်။
ငွေပေးလျှင် ဘာမဆိုရသည့်နိုင်ငံ
လျူယွမ်ကီနှင့် မြန်မာနာမည်ဖော်ပြမထားသော ရည်းစား ဆန်းရွေးချန်တို့သည် နောက် ၅ လအကြာတွင် မြန်မာနိုင်ငံသို့ ခရီးထွက်ခွာသွားခဲ့ကြောင်း CIB ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိသောအခါ လျူယွမ်ကီသည် သေဆုံးသွားသည်ဟု အယောင်ဆောင်ခဲ့သည်။ ရည်းစားဖြစ်သူ မြန်မာ-တရုတ်အမျိုးသား ဆန်းရွေးချန်သည် သူမအတွက် အသုဘအခမ်းအနား ပြုလုပ်ကာ၊ ခေါင်းထဲမှာ သူမ လဲလျောင်းနေသော ဓာတ်ပုံများကိုပင် ရိုက်ကူး၍ လိမ်လည်မှု ပီပြင်စေရန် လုပ်ဆောင်ခဲ့သည်ဟု ထိုင်ဝမ်ရဲက ပြောကြားသည်။
ထို့နောက်၊ ဆန်းရွေးချန်သည် မြန်မာဆေးရုံတစ်ခုကို ထိုင်ဝမ်ဒေါ်လာ ၁၀,၀၀၀ (ကျပ် ၃ သိန်းကျော်) လာဘ်ထိုးကာ သေစာရင်းလက်မှတ် အတုတစ်ခု ထုတ်ယူခဲ့သည်ဟု စွပ်စွဲထားသည်။
ဆန်းရွေးချန်သည် ထိုင်ဝမ်သို့ ပြန်လာကာ ယင်းသက်သေအထောက်အထားများဖြင့် အာမခံငွေများကို လိမ်လည်ထုတ်ယူခဲ့၏။ သို့သော် နန်ရှန်းအသက်အာမခံလုပ်ငန်းသည် သင်္ကာမကင်းသောကြောင့် ထိုင်ဝမ် ရာဇဝတ်မှုခင်း စုံစမ်းစစ်ဆေးရေး ဗျူရို (CIB) သို့ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် တိုင်ကြား အမှုဖွင့်ခဲ့ပါသည်။
CIB ၏ စုံစမ်းစစ်ဆေးချက်အရ လျူ၏ ဆွေမျိုးသားချင်း မည်သူမျှ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်သော လျူ၏ ဈာပနအခမ်းအနား တက်ရောက်ရန် သွားရောက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင်၊ သေစာရင်းအတုပေါ်တွင် လက်မှတ်ထိုးထားသော မြန်မာဆရာဝန်၏ အမည်နှင့် မည်သည့်ဆရာဝန်မျှ ထိုဆေးရုံတွင် မရှိကြောင်း ပေါ်ပေါက်ခဲ့သည်။
ဆန်းရွေးချန်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ထိုင်ဝမ်နှင့် မြန်မာ ကူးချည်သန်းချည် သွားလာနေသော်လည်း ထိုင်ဝမ်တွင် ရက်အနည်းငယ်သာ နေထိုင်၍ မြန်မာနိုင်ငံတွင် လနှင့်ချီပြီး ကြာမြင့်သောကြောင့် လျူသည် မြန်မာနိုင်ငံတွင် အသက်ရှင်လျက် ရှိနေမည်ဟု CIB က သံသယရှိခဲ့သည်။
ထို့ကြောင့်၊ ယခု ဧပြီလတွင် ဆန်းရွေးချန် မြန်မာနိုင်ငံမှ ထိုင်ဝမ်သို့ ပြန်လာသောအခါ ရဲက ဖမ်းဆီးစစ်ဆေးခဲ့ရာ ဆန်းက အာမခံလိမ်လည်မှုကို ဖြောင့်ဆိုဝန်ခံခဲ့သည်။
မြန်မာပြည်မှာ တစ်သက်လုံးနေမည့် မောင်နှံ
ဆန်းနှင့် လျူတို့သည် လွန်ခဲ့သော ၇ နှစ်က မြန်မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ထိုင်ဝမ်မြို့တော် တိုင်ပေတွင် အတူနေထိုင်ခဲ့ကြသည်ဟု CIB က စစ်ဆေးသိရှိရသည်။ သို့သော်၊ လွန်ခဲ့သော ၃ နှစ်မှစ၍ ၎င်းတို့နှစ်ယောက်စလုံး အလုပ်မရှိဘဲ ခရက်ဒစ်ကဒ်ကုမ္ပဏီများကို ထိုင်ဝမ်ဒေါ်လာ ၃ သိန်း (အမေရိကန်ဒေါ်လာ ၉၈၅၀ ခန့်) အကြွေးတင်နေသောကြောင့် အာမခံကုမ္ပဏီများကို လိမ်လည်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဆို၏။ လိမ်လည်ရရှိသော အာမခံငွေများဖြင့် ထိုင်ဝမ်သို့ ပြန်မလာတော့ဘဲ မြန်မာနိုင်ငံသို့ အပြီးအပိုင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဖြောင့်ချက်ပေးသည်။
ဆန်း၏ ထွက်ဆိုချက်အရ CIB သည် လျူအား ထိုင်ဝမ်သို့ ပြန်လာရန် ဆင့်ခေါ်ကာ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ် တောင်ယွမ်လေဆိပ်၌ ဖမ်းဆီးလိုက်ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=636:2015-04-30-01-09-37&catid=8:2013-10-13-17-09-02&Itemid=214
ထိုင်ဝမ်ဒေါ်လာ ၈.၅ သန်း လိမ်လည်သူမောင်နှံအား ဖမ်းဆီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment