Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

မန္တလေးတောင်ခြေရှိ ဘုန်းကြီးကျောင်းများတွင်း နေထိုင်သော လူနေအိမ်များကို ရှင်းလင်းဖယ်ရှားမည်

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတောင်ခြေရှိ ဘုန်းကြီးကျောင်းများအတွင်း လူနေအိမ်များ တည်ဆောက်နေထိုင်ခြင်းကို ရှင်းလင်းဖယ်ရှားသွားမည်ဟု မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ကြခြင်းမှာ သာသနာသန့်ရှင်းရေးအတွက် ဖြစ်ပြီး ရှင်းလင်းရန် ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သည်ဟုလည်း ဦးသိန်းထွန်းက ဆိုသည်။

“မန္တလေးတောင် ပတ်ဝန်းကျင်ဆိုတာက အားလုံး သိတဲ့အတိုင်းပဲ။ နိုင်ငံတကာ ဘုရားဖူးဧည့်သည်တွေ အဝင်အထွက်တေများသလို
ပြည်တွင်း ဘုရားဖူးတွေ အမြဲတမ်း ဝင်ထွက်နေတဲ့ နေရာဆိုတော့ မသင့်တော်ဘူး။ ဒါကြောင့် ရှင်းလင်းဖယ်ရှားဖို့ ဆောင်ရွက်နေတာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ ဘုန်းကြီးကျောင်းများအတွင်း လူနေအိမ်များ တည်ဆောက်နေထိုင်ခြင်းသည် နီးစပ်သိရှိသည့် ဆရာတော်များတဆင့် ယာယီနေထိုင်ကြရာမှ နောက်ပိုင်းတွင် ဆက်လက်အခြေချ နေထိုင်ခြင်းဖြစ်သည်ဟု တောင်ခြေရှိ ကျောင်းများမှ ဆရာတော် အချို့က မိန့်သည်။

ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ဦးသိန်းထွန်းက “အားလုံးညှိုနှိုင်းပြီးရင်တော့ ကြိုတင်အကြောင်း ကြားစာ ပေးပို့ သွားမှာပါ။ တောင်တော်ပိုင် နယ်နိမိတ်ထဲက ဘုန်းကြီးကျောင်းတွေထဲက လူနေအိမ်တွေကိုပဲ ဖယ်ရှားမှာပါ” ဟု ပြောသည်။

ထိုသို့ နေထိုင်ကြသူအများစုသည် မန္တလေးတောင်တော်ကို အမှီပြု၍ ဈေးရောင်းနေသူများဖြစ်ပြီး တစ်ချို့မှာ မြို့တွင်းသို့ သွားရောက်ကာ လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်သည်။ ထိုတောင်ခြေရှိ ဘုန်းကြီးကျောင်းဝင်းတစ်ချို့တွင် နေထိုင်နေသော လူနေအိမ် ၁၀၀ ကျော်ရှိသည်ဟု ဦးသိန်းထွန်းက ဆိုသည်။

လာရောက်နေထိုင်ခြင်းနှင့် ပတ်သက်ပြီး မန္တလေးတောင်ခြေရှိ မိုးထိကျောင်းတိုက်မှ ဆရာတော် ဦးနန္ဒက “ဘုန်းကြီးတို့ကတော့ ခဏနေစရာမရှိလို့ ထားတဲ့သဘောပါ။ အဆင်မပြေဘူးဆိုတော့လည်း နှင်မထုတ်ရက်တော့ဘူး။ သူတို့လေးတွေစီကနေ အခကြေးငွေ အလှူခံယူတာမျိုး မရှိပါဘူး။ နေနေတာကတော့ နှစ်တွေကြာနေပါပြီ" ဟု ဆိုသည်။

‘အခုလို ရှင်းလင်းမယ်ဆိုတော့ ဘုန်းကြီးတို့က လိုအပ်တာ ကူညီပေးသွားရမှာပေါ့ ”ဟု လည်း ဦးနန္ဒက ဆက်လက်မိန့်ကြားသည်။

Mandalay-Taung-1

ယင်းကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းသည် ခရိုင်သာသနာရေး ဦးစီးဌာန တစ်ခုတည်းက လုပ်ဆောင်၍ မရဘဲ သံဃနာယကအဖွဲ့များ၊ ထွေအုပ်အဖွဲ့များနှင့် ညှိနှိုင်း စီစဉ်ရမည်ဟုလည်း ခရိုင် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတောင်ခြေ အနောက်ဘက်စောင်းတန်းအနီး ခန္တီရာမကျောင်းတိုက်အတွင်းတွင် တဲထိုးနေထိုင်သူ တစ်ဦးက "ကျွန်မတို့ကိုတော့ ဘာမှ မပြောသေးပါဘူး။ နေစရာမရှိလို့ ဘုန်းကြီးလျှောက်ပြီး နေလာတာ နှစ်နှစ်ကျော်ပါပြီ မထားတော့ဘူး ဆိုရင်တော့ ထွက်ပေးရမှာပါ။ ဘာမှပြောစရာ မရှိပါဘူး။ နေခွင့်လေးပေးထားတာကိုပဲ ကျေးဇူးတင်ပါတယ်” ပြောသည်။

ခန္တီရာမကျောင်းတိုက်မှ ဆရာတော် ဦးလောကပါလ ကလည်း "အိမ်တွေများလာတော့ ဘုန်းကြီးကျောင်းနဲ့ မတူတော့ဘူး။ လူနေရပ်ကွက်လို ဖြစ်နေတယ်။ အဲလောက်များလာတော့ မကောင်းဘူး။ ဘုန်းကြီးတို့ ကျောင်းတိုက်မှာလည်း ကျောင်းတိုက်ခွဲတွေက အများကြီးဆိုတော့ ပြောရတာတော့ ခက်တယ်။ အခုလို အဖွဲ့အစည်းတွေနဲ့ လုပ်သွားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ” ဟု မိန့်သည်။

အဆိုပါ လူနေအိမ်များ ဖယ်ရှားနိုင်ရန်အတွက် ဆရာတော်သံဃာတော်များ၊ အာဏာပိုင်များနှင့် ဂေါပကအဖွဲ့တို့ တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ရန်လည်း စီစဉ်နေသည်ဟု ဦးသိန်းထွန်း ကဆိုသည်။
http://mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/44413-2015-05-11-09-19-14

No comments:

Post a Comment