Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 26, 2015

ATM ငွေထုတ်စက်မှ ငွေများ ခိုးယူသော ဘဏ်လုံခြုံရေးကို ဖမ်းမိ


Tuesday, May 26, 2015
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၄ ရပ်ကွက် ပြည်ထောင်စုလမ်း ကမ္ဘောဇ ဘဏ်ခွဲရှိ ATM ငွေထုတ်စက်မှ ကျပ် ၇၅ သိန်းကို ခိုးယူခဲ့သည့် ဘဏ်လုံခြုံရေး ဝန်ထမ်း အမျိုးသားကို မေလ ၂၄ ရက် ညပိုင်းက သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းမိခဲ့ကြောင်း ကမ္ဘောဇဘဏ် ရုံးချုပ်ထံမှ စုံစမ်းသိရှိရသည်။
“ဘဏ်လုံခြုံရေးက ATM စက် ပါဝါဒေါင်းပြီး စက်ပျက်နေတယ်လို့ ရုံးချုပ်ကို ဖုန်းဆက် အကြောင်းကြားလို့ ဘဏ်တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့တာ။ စက်ထဲက ငါးထောင်ကျပ် တန်ထည့်ထားတဲ့ တတိယဘောက်စ်က ပျောက်နေတာတွေ့လို့ လုံခြုံရေးဝန်ထမ်း သုံးယောက်ကို စစ်ဆေးရာက ခိုးယူခဲ့သူကို ဖော်ထုတ်နိုင်ခဲ့တာ” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ ဒုရဲမှူး မောင်မောင်ဦးက ပြောကြားသည်။
အဆိုပါငွေများ ခိုးယူခံရသည့် ATM ငွေထုတ်စက်တွင် မေလ ၂၀ ရက်နေ့က ငွေစက္ကူ ငါးထောင်ကျပ်တန် ၁၁၅ သိန်းစီကို စက်အတွင်းရှိ အပေါ်ဘောက်စ် သုံးခု၌ (စုစုပေါင်း ကျပ် ၃၄၅ သိန်း)ထည့်သွင်းကာ တစ်ထောင်ကျပ်တန် ငွေစက္ကူ ၂၃ သိန်းကို အောက်ဆုံးဘောက်စ်တွင် ထည့် သွင်းခဲ့ကြောင်း၊ မေလ ၂၃ ရက် နံနက် ၈ နာရီက ယင်းဘဏ်ခွဲ လုံခြုံရေးတာဝန်ကျ ခင်လှိုင် (ခ)ဇော်မင်းထွန်းက ATM စက် အသုံးပြုမရကြောင်း ရုံးချုပ်ထံ ဆက်သွယ်ခဲ့သောကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ရုံးချုပ်ထံမှ သိရှိရသည်။
“ငွေတွေအခိုးခံရတယ် တိုင်ကြားလို့ ဘဏ်လုံခြုံရေး သုံးယောက်ကို ခေါ်စစ်ဆေးခဲ့တာ။ လုံခြုံရေး နှစ်ယောက်က ညဘက် အိပ်ပျော်ချိန်မှာ လုံခြုံရေးဝန်ထမ်း ဝေလွင်မောင်မောင်က စက်ကိုဖွင့်ပြီး ဘောက်စ်ထဲကငွေတွေ ခိုးခဲ့တာကို စစ်ဆေး ပေါ်ပေါက်ခဲ့တယ်။ ခိုးယူခဲ့တဲ့ ငွေတွေလည်း ပြန်သိမ်းဆည်းရမိပါပြီ” ဟု ဒုရဲမှူး မောင်မောင်ဦးက ဆိုသည်။
ATM ငွေထုတ်စက်မှ ငွေများ ခိုးယူခဲ့သည့် ဘဏ်လုံခြုံရေး ဝန်ထမ်းမှာ ယင်းဘဏ်တွင် လွန်ခဲ့သည့်သုံးနှစ်ခန့်မှ စတင်ကာ လုံခြုံရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းကို (ပ)၅၀၄/ ၁၅၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းထံမှ သိရှိရသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့တော် အတွင်းရှိ လမ်းဘေး ATM ငွေထုတ်စက်များမှ ငွေများကို နိုင်ငံခြားသားများက ငွေထုတ်ကတ် အတုဖြင့် ငွေလိမ်လည် ထုတ်ယူမှုများ ဖြစ်ပွားခဲ့သောကြောင့် ပုဂ္ဂလိကဘဏ်များက ဂျပန်နိုင်ငံမှ ပညာရှင်များခေါ်ယူကာ စက်များ လုံခြုံရေးအတွက် နည်းစနစ် အသစ်များ အကူအညီ တောင်းခဲ့ရကြောင်း ဘဏ်လုပ်ငန်းရှင်များ အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment