Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 5, 2015

ILO နှင့်ဆက်သွယ်ဆောင်ရွက်သူများကွန်ယက်မှ ဦးသက်ဝေ၏ ပုသိမ်ထောင်တွင်းတွေ့ကြုံမှုများ


ပုသိမ်အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ။

- ဦးသက်ဝေ (Facilitators Network with ILO) လယ်သမား၊ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူသည် (၁.၄.၂၀၁၅) နေ့တွင် ကိုရွှေကိုဦး (ပန်းတနော်)နှင့်အတူ ပုသိမ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။
- ဦးသက်ဝေ နှင့် ကိုရွှေကိုဦးတို့မှာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ၊ ဆိတ်ဖူးနီကျေးရွာ၊ လှေဒါးချောင်ကျေးရွာ၊ သဲဂုံကျေးရွာတို့တွင်နေထိုင်သော တောင်သူလယ်သမားများနှင့်၊ ရေလုပ်သားတို့၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရင်း ဧရာရွှေဝါကုမ္ပဏီ(အင်းလုပ်ငန်း)မှ ရေချိုငါးလုပ်ငန်း ဥပဒေကိုချိုးဖောက်၍ ကညွတ်အိုင်အင်းအား လုပ်ပိုင်ခွင့်ရ ၀ယ်ယူလုပ်ကိုင်သူ ဦးမှုံမှတရားလိုပြုလုပ်၍ တရားစွဲသဖြင့် (၂၀.၁၁.၂၀၁၅)နေ့တွင် ကျောင်းကုန်းမြို့နယ် တရားရုံးမှ ပြစ်ဒဏ်(၆)လ ချမှတ်သဖြင့် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျ ခံခဲ့ရခြင်းဖြစ်သည်။
- ပုသိမ်အကျဉ်းထောင်အတွင်း ထွန်တုံးတိုက်ပွဲဝင်သော ကျောင်းကုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာမှ ဦးစိုးလှိုင်ပါ(၁၀)ဦး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာနေ လယ်သမား(၂)ဦး၊ DKBA တပ်မှ ကရင်အမျိုးသားတစ်ဦး၊ ABSDF မှ ကိုသန်းကိုဦး တို့နှင့်တွေ့ဆုံခဲ့ရသည်။
- ပုသိမ်အကျဉ်းထောင်အတွင်း ပုံစံခန်းတွင် ထောင်ကျအသစ်များရောက်ရှိလာသော အုန်းပင်စုကျေးရွာမှ တောင်သူလယ်သမား(၁၀)ဦးမှာ ရိုက်နှိက်ခံရပြီး၊ အလုပ်မလုပ်ရန်အတွက်နှင့် အဆောင်အခန်းပြုပြင်ရန် ငွေကြေးတောင်းခံသဖြင့် ပေးခဲ့ရသော်လည်း အလုပ်ခိုင်းစေခြင်းခံကြရပါသည်။
- ပုသိမ်အကျဉ်းထောင်ရှိ အဆောင်အခန်းအသီးသီးပြုပြင်မွမ်းမံခြင်း၊ ရေကန်ရေလောင်းအိမ်သာပြုပြင်ခြင်း၊ အဆောင်အခန်းမီးထွန်းနိုင်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန အသုံးစရိတ်မှ သုံးစွဲခြင်းမရှိပဲ အကျဉ်းသားများထံမှ ငွေကြေးကောက်ခံနေခြင်း၊
- ငွေကြေးထည့်နိုင်သည့် အကျဉ်းသားနှင့် ငွေကြေးမထည့်နိုင်သည့် အကျဉ်းသားများကို ခွဲခြားဆက်ဆံအလုပ် ခိုင်းစေခြင်း၊
- တရားရုံးမှ အမိန့်မချရသေးသည့် အချုပ်သားများအား အုတ်ဖုတ်လုပ်ငန်းနှင့် အမျိုးသမီးဆောင်မှ အညစ်အကြေးများ သန့်ရှင်းခြင်းလုပ်ငန်းများတွင် အဓမ္မအလုပ်ခိုင်းစေခြင်း၊
- အကျဉ်းသားများအား ရဲဘက်စခန်းတွင် အလုပ်ခိုင်းစေခြင်းမပြုလုပ်ရန်အတွက် အကျဉ်းထောင်ဆရာဝန်မှ ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများအဖြစ်မှတ်ချက်ပေးထားသော်လည်း ရဲဘက်စခန်းသို့ပို့သဖြင့် အကျဉ်းသားများ ကျန်းမာရေးပိုမိုဆိုးရွားနေခြင်း၊ ဆရာဝန်မှ ထောင်ပြင်ပဆေးရုံတွင် ဆေးကုသရန် ထောင်ပိုင်ထံသို့ တင်ပြခဲ့သော်လည်း ပြင်ပဆေးရုံတွင် ဆေးကုသနိုင်ရန် အချိန်ကြန့်ကြာနေခြင်းတို့ကြောင့် အဆောင် ၁/၂ မှ ကိုကျော်မောင်မောင်နှင့် အဆောင် ၁/၁ မှ ကိုအောင်ကျော်တို့မှာ ကျန်းမာရေးဆိုးရွားနေကြပါသည်။
- အကျဉ်းသားများ၏ အခွင့်အရေးကို တင်ပြရန်အတွက် ပုသိမ်အကျဉ်းဦးစီး၊ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်တောင်းဆိုသူ ကိုအေးနိုင်(ခ)ကိုကျောက်ကြီး (ဘ) ဦးစိုး၊ အကျဉ်းသားနံပါတ် အစ/၀၁/၀၂၀၆၀/က အား ၄/၂ ဆောင်မှ ပြောင်းရွှေ့ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းကြောင့် ကျန်အကျဉ်းသားများမှာ မတင်ပြရဲကြတော့ပါ။ ယခုအချိန်အထိ ကိုအေးနိုင်(ခ)ကိုကျောက်ကြီးအား တိုက်ပိတ်ထားဆဲဖြစ်ပါသည်။
- ABSDF ကျောင်းသားတပ်မတော်မှ ကိုသန်းဦးအား သေဒဏ်တိုက်တွင် သေဒဏ်ကျ အကျဉ်းသားများနှင့်အတူထားရှိသဖြင့် ကိုယ်၊စိတ်(၂)ပါးထိခိုက်နေသည်ကိုလည်း တွေ့ရှိရပါသည်။
- ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်နှင့် မန္တလေး၊လားရှိုး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဖားအံထောင်တို့မှ အကျဉ်းသားများပြောင်းရွှေ့ရောက်ရှိလာ၍၊ အကျဉ်းထောင်အတွင်း အကျဉ်းသားတစ်ဦး၏အိပ်ယာနေရာ ၄’x၉’ ရှိ ရမည့်အစား ၁’x၉’ နေရာဖြင့် အဆောင်အသီးသီးတွင် ကျပ်တည်းစွာ အိပ်နေကြရပြီး၊ တီဘီရောဂါရှိသည့် အကျဉ်းသားများကိုပါရောထားသဖြင့် ရောဂါကူးစက်ခံနေကြရပါသည်။
- အဆောင်တစ်ခုတွင် အခန်း(၂)ခန်းရှိပြီး (၁)ခန်းလျှင် အကျဉ်းသား (၄၅)ယောက်ထားရမည့်အစား ယခုအခါ၊ (၁)ခန်းလျှင် (၈၀)မှ(၈၅)ယောက်အထိထားရှိနေပါသည်။
- အကျဉ်းသားများ ကျန်းမာရေးအတွက် ဆေးကုသရာတွင် ပုသိမ်အကျဉ်းထောင်တွင် ဆေးဝါးပြည့်စုံမှုမရှိခြင်း၊ ဓါတ်မှန်ခန်း၊ ဓါတ်ခွဲခန်း၊ မရှိခြင်းကြောင့်ပြင်ပဆေးရုံတွင် ကျန်းမာရေးစစ်ဆေးရန် ရဲလုံခြုံရေးကို စောင့်သဖြင့် လနှင့်ချီ၍ကြာပြီးမှ ဆေးစစ်ရခြင်း၊ ပန်းနာရင်ကြပ် အကျဉ်းသားလူနာများအတွက် အောက်ဆီဂျင်ဗူးမရှိသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
- ပုသိမ်အကျဉ်းထောင်အတွင်း အရွယ်မရောက်သေးမှီစစ်သားအဖြစ် စစ်မှုထမ်းခဲ့ရပြီး စစ်ပြေးမှုနှင့်ထောင်ကျပြီး ထောင်သံသရာလည်နေသည့် ကလေးစစ်သား(၂)ဦးလည်းရှိနေသည်ကို တွေ့ရှိရပါသည်။
- မန္တလေး၊လားရှိုး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဖားအံ အကျဉ်းထောင်တို့မှ အကျဉ်းသားများအား ပုသိမ်ထောင်သို့ ပြောင်းရွှေ့လာသောကြောင့် ထောင်ပြောင်းအကျဉ်းသားများ ထောင်ဝင်စာအခက်အခဲကြုံတွေ့နေရခြင်း၊ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြရပြီး၊ ထောင်တွင်းပြစ်ဒဏ်ကျူးလွန်ခြင်းမရှိဘဲ မိသားစုနှင့်ဝေးရာ ထောင်များသို့ ပြောင်းရွှေ့လိုက်ခြင်းသည် နောက်ထပ်ပြစ်ဒဏ်ပေးလိုက်သည်ဟု ခံစားနေကြရသဖြင့် အကျဉ်းထောင်အတွင်း ICRC နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မတီတို့မှ လာရောက်စုံစမ်းစစ်ဆေး၍ အကျဉ်းသားများ၏ အခွင့်အရေးကို၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ ရရှိနိုင်ရန် ဆန္ဒရှိနေကြောင်း ကျွန်တော်ဦးသက်ဝေနှင့် ကိုရွှေကိုဦးတို့အား အကူအညီတောင်းခံကြပါသည်။

ဦးသက်ဝေ
ပသ/၁၄/၀၁၁၂၅/က
ပုသိမ်အကျဉ်းထောင်

No comments:

Post a Comment