Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 1, 2015

တရားဥပဒေ နှုတ်ဆိတ်နေတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု

ရှေ့ နေဦးအောင်သိန်း

တရားဥပဒေ နှုတ်ဆိတ်နေတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ အာဏာပိုင်တွေဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တဲ့အတွက် သံဃာတော်တွေ အများအပြားနဲ့ အရပ်သားတချို့  ဒဏ်ရာရရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမဲ့ကိစ္စကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ ဒီအရေးမှာ တရားဥပဒေ နှုတ်ဆိတ်သွားလေပြီလားဆိုတာ မြန်မာနိုင်ငံ ရှေ့ နေများကွန်ရက်က ဦးအောင်သိန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သိန်း ခင်များ အခု ဒီကို ရောက်လာတဲ့ကိစ္စဟာ လက်ပံတောင်းတောင် ဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့  ဆန္ဒပြပွဲကို အစိုးရက အင်အားအလွန်အကျွံသုံးပြီး နှိပ်ကွပ်တဲ့ကိစ္စကို နိုင်ငံတကာသိအောင် လာရောက်ဖော်ထုတ်တယ်လို့ ကျနော်တို့ အကြမ်းမျဉ်း သိရှိထားပါတယ်။ အဲဒီတော့ ဒီအမှုကို ဦးအောင်သိန်းတို့က မြန်မာနိုင်ငံမှာ တရားစွဲဆိုဖို့ ကြိုးပမ်းပြီး လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာတွေက လက်မခံဘူး။ ပယ်ချလိုက်တယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်နော်။

ဦးအောင်သိန်း ။ ။ မှန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ သူတို့ ဒီဟာကို လက်မခံဘူးလို့ သုံးသပ်သလဲ။ တကယ်တော့ ဒီအမှုက တရားစွဲဆိုနိုင်တဲ့ကိစ္စ ဟုတ်ပါတယ်နော်။

ဦးအောင်သိန်း ။ ။ တရားစွဲဆိုနိုင်တဲ့ အမှုဖြစ်လို့ ကျနော်တို့ ရှေ့ နေများက တရားစွဲဖို့ အစီအစဉ် လုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖက်က ပယ်ချနိုင်တဲ့ကိစ္စက ပြည်သူဝန်ထမ်း ဝန်ကြီး level အဆင့်ကို ကျနော်က တရားစွဲမယ်ဆိုရင် သူထက်အဆင့်မြင့်တဲ့ အစိုးရ သမ္မတရှိက ခွင့်ပြုအမိန့် တောင်းခံဖို့ လိုပါတယ်။ ကျနော်တို့ ခွင့်ပြုမိန့်လည်း တောင်းလည်းတောင်းပါတယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်က ပေးလေ့ပေးထ မရှိဘူးပေါ့ ကျနော်တို့ အစဉ်အလာမှာ။ အဲဒီ ခွင့်ပြုချက်မရဘဲနဲ့ ရဲစခန်းမှာ အမှုသွားဖွင့်တဲ့အတွက်ကြောင့် ရဲစခန်းက အမှု လက်မခံနိုင်ဘူးလို့ ငြင်းပယ်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတကိုယ်၌က ဒီအမှုကို တရားစွဲဖို့ ခွင့်မပြုဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဦးအောင်သိန်း ။ ။ အဲဒီ သဘော သက်ရောက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တကယ်တော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးယန္တရားတခုလုံး အာဏာပိုင် အဖွဲ့အစည်းကိုကြည့်ရင် သမ္မတကို တော်တော်များများ အမှတ်ပေးနေကြတယ်။ ပွင့်ပွင့်လင်းလင်း ကျနော်တို့ နားလည်ကြရင်။ ဒီ သမ္မတက ဘယ်လို လုပ်ချင်ပေမယ့်လဲ ဥပမာပြောရရင် သမ္မတ က ကြီးကြပ်ထားရတယ် သမ္မတ တကယ် အာဏာမရှိတဲ့ ဌာနတွေရှိတယ်။ ပြည်ထဲရေးတို့ ဘာတို့ သူတို့တွေက လက်မခံဘူး။ စစ်တပ်က ဘယ်လို ဖြစ်နေတယ်ဆိုတာတွေ ပြောနေတယ်ဆိုတော့ အခု သမ္မတကိုယ်တိုင်က ဒါကို ခွင့်မပြုဘူးဆိုတဲ့ သဘောပေါ့။

ဦးအောင်သိန်း ။ ။ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထဲရေးဌာနဆိုတာလဲ သိတဲ့အတိုင်း ကာလုံ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့  လက်အောက်မှာ ရှိနေတဲ့ အဖွဲ့အစည်း အဓိကကျတာကို။ ဆိုတော့က သမ္မတကလဲ အဲဒီအထဲမှာ ကာလုံထဲမှာ one of the members အဖွဲ့ဝင်တဦးအနေနဲ့ ရှိနေတဲ့သဘောပေါ့။ အဲဒီတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့  အခြေအနေအပိုင်းက ပိုပြီးတော့ ထဲထဲဝင်ဝင် ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတ ခွင့်မပြုတဲ့ ကိစ္စမှာ ...

ဦးအောင်သိန်း ။ ။ ဟုတ်ကဲ့ အဲဒီသဘော သက်ရောက်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီပြစ်မှုက ဘယ်လောက်အထိ ကြီးကျယ်တဲ့ ပြစ်မှုလို့ အကြမ်းမျဉ်း ပြောနိုင်ပါလဲ။

ဦးအောင်သိန်း ။ ။ ကြီးကျယ်တာကတော့ ကျနော်တို့က Geneva Convention က တားမြစ်ထားတဲ့ phosphorous မှာပါတဲ့ မီးစုန်းဓါတ်ပါတဲ့ weapon ကို အသုံးပြုတယ်။ အဲဒီလို အသုံးပြုတဲ့အတွက် ရဟန်းသံဃာတွေ မီးစွဲလောင်ပြီး ဖြစ်ခဲ့တာ ကျနော် သိသလောက်ဆို အပြင်းအထန်ဖြစ်တာ အပါး (၅၀) ကျော်လောက်ရှိတယ်။ အခု အရှင်တိက္ခဥာဏ နဲ့ ရဟန်းတပါးအပါအဝင် ကျနော်တို့ ဆက်သွယ်ပြီးတော့ သူတို့မှာ မတရားနစ်နာတယ်။ ပြည်သူကိုသိဖို့ ဆောင်ရွက်ပေးပါဆိုပြီး ကျနော်တို့က ရဲစခန်းအမှုဖွင့် တိုင်ကြားမှုကို စတင်ဆောင်ရွက်ခဲ့တာပါ။ ဒီဟာကတော့ ပြောရင်တော့ အပြင်းအထန် နာကျင်စေမှုရဲ့  ဘောင်အတွင်းမှာတော့ ပြစ်မှုဆိုင်ရာအမှုတွေအရတော့ အကြုံဝင်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ နိုင်ငံတွေမှာ ဒီမိုကရေစီ ထွန်းကားတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူရဲတဲ့ နိုင်ငံတွေမှာဆိုရင် တချို့ တာဝန်ရှိသူတွေ နှုတ်ထွက်သွားကြတယ် ဒါမျိုး ဖြစ်ခဲ့တယ်ဆိုရင်။ မနှုတ်ထွက်ရင်တောင်မှ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီးတော့ အပြစ်ရှိတဲ့လူတွေကို ထိထိရောက်ရောက် အရေးယူပြလိုက်တယ်။ အခု မြန်မာနိုင်ငံမှာ စုံစမ်းရေးကော်မရှင် လုပ်တယ်လို့ကြားတယ်။ အဲဒီလို ပြုလုပ်ခဲ့တယ်လူ၊ ကျူးလွန်ခဲ့တဲ့လူကို အရေးယူဖို့ဆိုတာ သူတို့ ပြဌာန်းချက်ထဲမှာ ပါတယ်ထင်ပါတယ်။ အဲဒါကို သူတို့ ဘယ်လောက်အထိ လိုက်နာပြီး အရေးယူပါလဲ။

ဦးအောင်သိန်း ။ ။ ကျနော်တို့နိုင်ငံမှာတော့ အဲဒါ အစဉ်အလာ မရှိဘူး။ အရေးယူ စုံစမ်းတဲ့အဆင့်လောက်နဲ့ ပြီးပျက်သွားတာပဲ။ အဲဒီတော့ ထုတ်ပြစ်တာတို့။ နှုတ်ထွက်ခိုင်းတာတို့ ဆိုတာတော့ ဒီနေ့အထိ ကျနော်တို့ မကြားရသေးတဲ့ စကားလုံးတခုပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့  အကြီးအကဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တချို့ က တရားဥပဒေရဲ့  အပေါ်မှာ ဘယ်သူမှ မရှိဘူး ဘာညာဆိုပြီး သူတို့ပဲ ပြောနေကြတယ်။ အခုတော့ တရားဥပဒေအပေါ်မှာ သူတို့ ရှိနေတဲ့သဘောပေါ့။

ဦးအောင်သိန်း ။ ။ သက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေဆိုတာလဲ သူတို့ပဲ ပြဌာန်းတာ။ သူတို့ ပြဌာန်းတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်က လေးစားလိုက်နာဖို့ လိုတယ်လို့ ကျနော်တို့က မြင်ပါတယ်။ အခုဟာက ဥပဒေ ပြဌာန်းလိုက်တယ်။ ဥပဒေက ပြည်သူလူထုနဲ့ပဲဆိုင်တယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး အာဏာပိုင်အဖွဲ့အစည်းတွေမှာ အဲဒီလို အယူအဆမျိုးတွေ ရှိနေတာ တော်တော်များများကို ကျနော်တို့ တွေ့နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ကျနော် နှိုင်းယှဉ်ချင်တာက ဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ။ လူတွေက ဒီလောက်ထိ နစ်နာမယ်၊ ဘာညာဆိုပြီး လက်မခံကြတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ လုပ်တဲ့လူတွေက ဇွတ်ဆက်လုပ်နေတယ်။ ဥပမာ မြစ်ဆုံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြစ်ဆုံကိစ္စကြတော့ ပြည်သူရဲ့  ဆန္ဒအရ ကျနော်တို့ ရပ်ဆိုင်းပါတယ်ဆိုပြီး ရပ်ဆိုင်းခဲ့တယ်။ မြစ်ဆုံမှာ ပြည်သူ့ဆန္ဒကို လိုက်နာပြီးတော့ ဒီကိစ္စမှာ ဘာကြောင့် မလိုက်နာဘူးလို့ ထင်ပါလဲ။

ဦးအောင်သိန်း ။ ။ ကျနော့် အထင်အမြင်ကို ပြောရရင်တော့ ဒီကိစ္စက မြစ်ဆုံက လျှပ်စစ်စီမံကိန်း ထုတ်တယ်ဆိုတာ တနိုင်လုံးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စလည်း ဖြစ်နေတယ်။ အခု အကျိုးစီးပွားက စီးပွားရေးဦးပိုင် တပ်စီးပွားရေးနဲ့ ဝမ်ပေါင် စီးပွားရေး (၂) ခု ယှဉ်တွဲပြီးတော့ အကျိုးစီးပွားကို ရှာကြတဲ့ကိစ္စ။ တလောကမှ ကော်မရှင်နာဖွဲ့ပြီး စုံစမ်းစစ်ဆေးတဲ့အခါကြမှ အစိုးရရဲ့  အကျိုးစီးပွားဆိုတာ ပါလာတယ်။ ပထမ အစိုးရအကျိုးစီးပွားတောင် ပါလာပုံမပေါ်ဘူး။ အဲဒီတော့ သူတို့ကလဲ လက်ပံတောင်းတောင်မှာလဲ သူတို့ တူးတဲ့ဟာက သူတို့ တရုတ်ပြည်မှာ တူးပုံတူးနည်းနဲ့ မတူတဲ့ဟာ - open mine လုပ်တဲ့အခါကြတော့ လယ်ယာမြေတွေအပေါ်မှာ စွန့်ပစ်မြေတွေက အများကြီး အသုံးပြုရတယ်။ အဲဒီမှာ လယ်သမားတွေက သူတို့ရဲ့  လယ်ယာမြေတွေကို တချို့ က လျော်ကြေးယူပြီးတော့။ တချို့ က လျော်ကြေးမယူဘဲနဲ့ သူတို့ မိရိုးဖလာယဉ်ကျေးမှုအရ လုပ်ကိုင်စားသောက်ကြတဲ့ လယ်မရှိရင် ဘဝမရှိဘူးဆိုတဲ့ အဲဒီ အယူအဆရှိတဲ့ လယ်သမားတွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ အဲဒီအပေါ်မှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စစ်တပ်ဦးပိုင်ရဲ့  အကျိုးစီးပွား ဖြစ်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့က ရှင်းရှင်းပြောရရင် စစ်ရဲတပ်ဖွဲ့လို့ ပြောရင် မမှားဘူးပေါ့။ သူတို့ အပြင်းအထန် နှိပ်ကွပ်တဲ့အပေါ်မှာ လူတွေ အခုလို ထိခိုက်ဒဏ်ရာ အနာတရတွေဖြစ်ပြီးတော့ ဒေါ်ခင်ဝင်း အဆင့်ဟာ နောက်ဆုံးအဆင့်မှာ ခေါင်းသေနတ်မှန်ပြီး သေဆုံးတဲ့အဆင့် ဖြစ်ပေါ်လာတာပါ။

ဦးကျော်ဇံသာ ။ ။ စုံစမ်းရေးကော်မရှင်ရဲ့  အစီရင်ခံစာကို ပြန်ကောက်ရမယ်ဆိုရင် တာဝန်ရှိတဲ့လူတွေကို စုံစမ်းဖော်ထုတ်မယ်ဆိုတာပါပြီ။ အဲဒါကို မလုပ်ဘူး။ ဒေသနစ်နာတာ၊ ဒေသခံတွေရဲ့  ဘဝနောင်ရေး၊ ပြည်သူတွေရဲ့  ဆုံးရှုံးနစ်နာမှုနဲ့ ပတ်သက်ပြီးတော့လဲ ဘယ်လို ဆောင်ရွက်ရမယ်။ ဘယ်လောက် လျော်ကြေးပေးရမယ် သူတို့ ကျေနပ်အောင်ဆိုတာ ပါတယ်ထင်ပါတယ်။ အဲဒါကို ဘာကြောင့် သူတို့ စိုက်လိုက်မတ်တတ် မဆောင်ရွက်နိုင်တာလဲ။ နောက်ပိုင်း ဒေါ်ခင်ဝင်း သေထဲအထိ ဖြစ်နေခဲ့တာ။

ဦးအောင်သိန်း ။ ။ ခက်တာက လျော်ကြေးပေးတယ် ဆိုတာကလဲ။ လျော်ကြေး ပေးပုံပေးနည်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ အချက်အလက်တွေ ရှိတယ်။ နောက်ပြီး ဆေးရုံဆေးခန်းတွေ ဆောက်ထားတယ်ဆိုတာ ဦးကျော်ဇံသာတို့ ရန်ကုန်ရောက်ရင် သွားကြည့်ရင် သိပါတယ်။ ဖြစ်သလို ဘယ်သူမှလဲ မရှိဘူး။ အဆောက်အဦးလေး ဆောက်ပေးထားတယ်ဆိုတဲ့ သဘောမျိုး။ နောက်ပြီးတော့ ပွင့်လင်းအောင် အလုပ်အကိုင် ရရှိရေးဆိုတာလဲ အဲဒီ အလုပ်သမားတွေက အဝတ်လျှော်တဲ့အဆင့် ဘာအဆင့်ညာအဆင့် ဒီလို အဆင့်မျိုးတွေနဲ့ ထားပြီးတော့ အမှန်တော့ တရုတ်ရဲ့  သြဇာခံသဘော နှစ်ကွပ်ခံနေရတယ်လို့ ပြည်သူတွေကလည်း အဲဒီလို မြင်တယ်။ အဲဒီတော့ သူတို့က သူတို့ မိရိုးဖလာ လယ်ယာမြေပေါ်မှာ သူတို့က အဓိက မြှုပ်နှံချင်တယ်။ သံယောဇဉ် ရှိတယ်။ သူတို့ လယ်မရှိရင် ဘဝမရှိဘူးဆိုတဲ့ အယူအဆက ဒီနေ့ ကျနော်တို့ရဲ့  ယဉ်ကျေးမှုတခုလို ဖြစ်နေတဲ့ အတိုင်းအတာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက မြန်မာနိုင်ငံရဲ့  လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စုံစမ်းရေးကော်မရှင်ထဲမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူကိုယ်တိုင် သွားတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍကိုလည်း သိပ်ဘဝင် မကျကျဘူးလို့ ပြောကြပါတယ်။

ဦးအောင်သိန်း ။ ။ ဒါကတော့ သဘောထားနှစ်ခု ညှိနှိုင်းတဲ့အခါမှာ သဘောတူတာ ရှိမယ်။ သဘေmမတူနိုင်တာလဲ ရှိမှာပေါ့။ ဒီဟာ အားလုံးကို သဘောတူရမယ်လို့ ပြောလို့မရဘူး။ ဆန့်ကျင်မယ်လို့ ပြောလို့မရဘူး။ နောက်ဆုံး ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ဝင်း သေဆုံးပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့အပေါ်မှာ သူ့ ကော်မရှင်နာအစီရင်ခံစာအတိုင်း လုပ်ဆောင်ခြင်း မရှိဘူးဆိုပြီးတော့ ပြတ်ပြတ်သားသား ပြောလာတဲ့အဆင့် ဖြစ်လာခဲ့တယ်။ ဒါဟာ ကျနော်တို့အတွက် Turning Point တခု ဖြစ်လာခဲ့တယ်။ အဲဒါကလဲ အင်မတန်မှ အရေးကြီးတဲ့အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ အင်မတန် နည်းတယ်။ အဓိကတော့ ဦးပိုင်ရဲ့  အကျိုးစီးပွားက အဓိကကျနေတဲ့ သဘောပဲ။ ဒါပေမဲ့ အကျိုးစီးပွားတွေ ဘယ်လို ခွဲဝေပေးပါစေ။ အစိုးရရဲ့  အကျိုးစီးပွားကို ပြန်ပြီးတော့ ပုံပေးလာတဲ့အဆင့်တွေ ဖြစ်သော်ငြားလဲ ဒါတွေက ပွင့်လင်းမြင်သာမှု မရှိနိုင်တဲ့အတွက် ဒါတွေဟာ မှန်တယ်လို့ အတိအကျ ယုံကြည်လို့လဲ မရနိုင်ဘူးလို့ ကျနော်တို့က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီကိစ္စဟာ tip of the iceberg ရေခဲတုံးကြီး နစ်နေတာကို ရေခဲထိပ်ပိုင်းလေးပဲ မြင်နေရတာပါ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ တရုတ်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတယ်။ ဒီလို ချိုးဖောက်မှုတွေ ဓါတ်ငွေ့ပိုက်လိုင်း ကိစ္စတို့လဲ ကြားနေရပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ အလားတူကိစ္စ၊ လွှမ်းခြုံပြီးတော့ လုပ်ဆောင်မှု၊ ကြိုးပမ်းမှု ဘယ်လောက် ရှိပါလဲ။ ဒီဟာကို တားမြစ်နိုင်အောင် ဦးအောင်သိန်းတို့လို အဖွဲ့အစည်းတွေ၊ တခြား အရပ်ဖက် အဖွဲ့အစည်းတွေက။

ဦးအောင်သိန်း ။ ။ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ တော်တော်လေး ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်တို့ဆိုရင် စစ်တွေဘက်တွေ ရေနံပိုက်လိုင်းနေရာတွေကို သွားလေ့လာတာတွေရှိတယ်။ ကျောက်ဖြူတို့ကို ကျနော် ရောက်ပါတယ်။ အဲဒီမှာတော့ တရုတ်အလုပ်သမားတွေက တကယ့် လုံခြုံတဲ့ အဆောက်အဦးနဲ့ သေချာနေပြီးတော့ ကျနော်တို့ ဗမာအလုပ်သမားတွေက ဟိုတောင်ဖျားလေးမှာ ရွက်ဖျဉ်တဲ့လေးတွေနဲ့ ဓနိမိုးလေးတွေနဲ့ နေတာကို တွေ့ခဲ့ရတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီလို နေရာမျိုး နေချင်တယ်ဆိုလို့ဆိုပြီး လက်လွှတ်စပယ် အလွယ်ပြောတယ်။ ခက်တာ အာဏာပိုင်အဖွဲ့အစည်းကလဲ တရုတ်ဆိုရင် လက်တွန့်တယ်။ တရုတ်ရဲ့  အကျိုးစီးပွားကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆက ဒီနေ့ ကျနော်တို့ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေမှာ ရှိတယ်။ အဲဒါ တကယ် တရားမျှတမှုကို ကင်းဝေးစေတဲ့ အချက်တချက်လို့ မြင်တယ်။ တကယ်မျှမျှတတ ဖြစ်သင့်တယ်လို့ ကျနော်တို့ဖက်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဥပဒေပိုင်းနဲ့ ပတ်သက်ရင် ဦးအောင်သိန်းက ဥပဒေပညာရှင်ဆိုတော့ Rules of Law တရားဥပဒေ စိုးမိုးရေးဟာ သိပ်အရေးကြီးတဲ့ ကိစ္စလို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေမက ကျန်တဲ့ကိစ္စတွေမှာလဲ တရားလက်လွှတ် ဥပဒေမဲ့ ဖြစ်နေတဲ့ကိစ္စတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဘာညာလဲ သူတို့ လုပ်ထားတယ်ဆိုတာလဲ တွေ့ရပါတယ်။ ဘယ်လောက် တိုးတက်လာပြီလို့ ထင်ပါလဲ။ အခု သမ္မတဦးသိန်းစိန် အာဏာယူလာတဲ့ သက်တမ်း လေးငါးနှစ်အတွင်းမှာ ပြန်ပြီးခြုံကြည့်ပါ။ ဘယ်လောက် တိုးတက်လာလဲ။

ဦးအောင်သိန်း ။ ။ ကျနော်တို့ကတော့ ထင်သလောက်၊ ပြောသလောက် မဖြစ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာက ပါးစပ်ကတော့ ပြောနေကြတာပေါ့။ တကယ်လက်တွေ့က လိုက်မလာကြပါဘူး။ တရားရုံးတင်မကဘူး ဌာနဆိုင်ရာ တော်တော်များများမှာလည်း အဂတိတရား ကင်းရှင်းတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ကျနော်တို့ရဲ့  အစိုးရတာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ ကိုယ်တိုင်က သူတို့ရဲ့  ပိုင်ဆိုင်မှု အထောက်အထားတွေ ဘယ်လောက်ရှိသလဲဆိုတာကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ကြေညာဖို့ အင်မတန် ဝန်လေးနေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ အဲဒီဟာကို ကျနော်တို့ မထိန်းချုပ်နိုင်ရင် သူတို့တွေ undertable လုပ်ယူမယ့်ကိစ္စတွေဟာ ဘယ်လောက် အတိုင်းအတာဆိုတာ ပြောလို့မရဘူး။ ကျနော်တို့ဆီမှာက တိုင်းပြည်က ဆင်းရဲတယ်။ သို့သော်လဲ အာဏာပိုင်နဲ့ ခရိုနီ ပေါင်းတဲ့လူချမ်းသာတွေက တစုလောက်ကတော့ အင်မတန်ကို ငွေကြေးအားဖြင့် ပေါကြွယ်ဝပြီးတော့ အဲဒီဟာတွေကြောင့် ငွေဖောင်းပွမှုတွေက တစတစ ဖြစ်နေကြတယ်။ မတန်တဆ ပေးပြီးတော့ လုပ်နေကြတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ချမ်းသာမှုကော၊ အာဏာကောပေါ့။ အထူးကျေးဇူးတင်ပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment