Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 15, 2015

ဦးဝင်းတင်ကွယ်လွန်သည့် တစ်နှစ်ပြည့်တွင် အပြာရောင်အင်္ကျီများဝတ်ရန် ဘားမားကန်ပိန်းယူကေတိုက်တွန်း



Written by  မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်မှု တစ်နှစ်ပြည့်သည့် ဧပြီလ ၂၁ ရက်နေ့တွင် အများပြည်သူအနေဖြင့် အပြာရောင် ရှပ်အင်္ကျီများ (သို့မဟုတ်) အပြာရောင် အဝတ်အစားများ ဝတ်ဆင်ကြရန် ဘားမားကမ်ပိန်း (ယူကေ) အပါအဝင် အဖွဲ့အစည်း ၁၇ ခုက တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရဆဲ ဖြစ်သော နိုင်ငံရေးအကျဉ်းသားများအား ထောက်ခံအားပေးသည့် အနေဖြင့် ထိုကဲ့သို့ အပြာရောင် ရှပ်အင်္ကျီများဝတ်ဆင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။
သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့ရာတွင် ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်မှာ သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် နှစ်ကာလ ကြာရှည်စွာ ကျခံခဲ့ရကာ၊ ထောင်တွင်းအတွေ့အကြုံများ နှင့် ခံစားချက်များကို “ဘာလဲဟဲ့…လူ့ငရဲ” အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။
ဦးဝင်းတင်သည် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သောအခါတွင် ထောင်ဝတ်စုံ အပြာရောင်အား ပြန်လည်လွှဲပြောင်းပေးရေးကို ငြင်းဆန်ခဲ့ကာ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်လာသည်အထိ ထိုအပြာရောင် ဝတ်စုံကို နေ့တိုင်း ဆက်လက်ဝတ်ဆင်သွားမည်ဟု သန္နိဋ္ဌာန်ချခဲ့ကာ သူကွယ်လွန်သည်အထိ အပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်သွားခဲ့သည်။

          မြန်မာအာဏာပိုင်များ အနေဖြင့် ယုံကြည်ချက်အကျဉ်းသားရေးရာ ကော်မတီကို ပြန်လည် ပြုပြင်ဖွဲ့စည်းကာ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအား လျော်ကြေးများ ပေးအပ်ရန် နှင့် ဖိနှိပ်သော ဥပဒေများကို ရုပ်သိမ်းရန် ဘားမားကမ်ပိန်း (ယူကေ) အပါအဝင် အဖွဲ့အစည်း ၁၇ ခုက တောင်းဆိုလိုက်သည်။

No comments:

Post a Comment