Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 8, 2015

တွန်းတင်ရဦးမည့် မြန်မာဆော့ဖ်ဝဲစီးပွားရေး


‘ဒါကစားသောက်ဆိုင်တွေမှာ အစားအသောက်တွေမှာလို့ရတဲ့ ဆော့ဖ်ဝဲပါ’’။ ဆော့ဖ်ဝဲပြခန်းမှ လူငယ်၏ စကားအဆုံးတွင် သမ္မတက ‘‘ဟုတ်လား၊ ဘယ်လိုမှာရတာလဲ။ ကြည့်ရအောင် ဟော့ပေါ့တစ်ပွဲလောက် စမ်းပြီးမှာပေးပါလား’’ဟု စိတ်ဝင်တစားဖြင့် ဆိုလေသည်။

ထို့နောက် ဆော့ဖ်ဝဲပညာရှင်လူငယ်က ကွန်ပျူတာခလုတ်များကို ကျွမ်းကျင်စွာကိုင်တွယ်ကာ အစားအသောက်မှာယူပုံကို လက်တွေ့အသုံးပြုကာ ရှင်းပြခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမှ အိုင်တီပညာရှင်လူငယ်တစ်ဦး ရေးဆွဲထားသည့် အစားအသောက်မှာယူသည့် ဆော့ဖ်ဝဲတစ်ခုကို လက်တွေ့လေ့လာမူများ ပြုလုပ်နေခြင်းဖြစ်သည်။

ဆော့ဖ်ဝဲရေးသားနေသည့် မြန်မာလူငယ်များအား မြေတောင်မြှောက်ပေးရန်နှင့် နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ အရာရှိများ လေ့လာနိုင်ရန် ပြည်တွင်းဖြစ်ဆော့ဖ်ဝဲများ စုစည်းပြသသည့် Software Showcase ပြပွဲကို ဧပြီ ၁ ရက်နှင့် ၂ရက်တို့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ပြည်တွင်းဖြစ် ဆော့ဖ်ဝဲ များကိုသာ သီးသန့်စုစည်း၍ ပြသခဲ့သည့် ပြပွဲများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တက်ရောက်ခဲ့သည့် ပြပွဲတစ်ခုဖြစ်ပြီး စိတ်ဝင်စားမှုများလည်း ရရှိခဲ့သည့်အတွက် နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲမှုများထဲတွင် ဆော့ဖ်ဝဲလုပ်ငန်းများနှင့် အိုင်စီတီကဏ္ဍတို့လည်း ပါဝင်လာနိုင်ကြောင်း ပါဝင်ပြသခဲ့သူများက သုံးသပ်ကြသည်။

အဆိုပါပြပွဲက ဆော့ဖ်ဝဲလုပ်ငန်းများအတွက် အထောက်အပံ့အများအပြားဖြစ်လာနိုင်ကြောင်း လုပ်ငန်းနယ်ပယ်အတွင်း လုပ်ကိုင်နေသူများက မျှော်လင့်ကြသည်။

‘‘မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍသမိုင်းတစ်လျှောက်မှာ နိုင်ငံတော်အဆင့်ပြုလုပ်ခဲ့ပြီး သမ္မတကိုယ်တိုင်တက်ရောက် လေ့လာခဲ့တာ ဒါကပထမဆုံးပဲ။ ပြပွဲမှာ သမ္မတကိုယ်တိုင်က ဆော့ဖ်ဝဲတွေရဲ့ အကျိုးကျေးဇူးကိုသိပြီး စိတ်ဝင်စားခဲ့တာကို တွေ့ရပါတယ်’’ဟု ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်ကဆိုသည်။

Software Showcase ပြပွဲတွင် နိုင်ငံတစ်ဝန်းမှ ဆော့ဖ်ဝဲရေးသားသည့် မြန်မာလူငယ်ပေါင်း ၄၀ အခမဲ့ ပါဝင်ပြသခွင့်ရခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဂိမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့ အပါအဝင် ကဏ္ဍ ၁၁ ခုတို့အတွက် ရေးသားထားသည့်ဆော့ဖ်ဝဲများ ပါဝင်ပြသခဲ့သည်။

‘‘နိုင်ငံတော်အကြီးအကဲတွေကို နည်းပညာလူငယ်တွေ ဘာတွေလုပ်နေတယ်ဆိုတာ တိုက်ရိုက်ပြခွင့်ရသလို ဘာတွေလုပ်နိုင်တယ်ဆိုတာ သူတို့သိသွားတဲ့အတွက် MCF နဲ့ ပူးပေါင်းပြီး ဘယ်လိုအထောက်အပံ့ပိုင်းတွေ ပေးရမလဲဆိုတာတွေ ရှိလာနိုင်ပါတယ်’’ဟု ကျောင်းသားရေးရာစီမံခန့်ခွဲမူဆော့ဖ်ဝဲကို ပါဝင်ပြသခဲ့သည့် RO NETZ နည်းပညာကုမ္ပဏီမှ အကြီးတန်း စီမံခန့်ခွဲရေးအရာရှိ ကိုဘုန်းပိုင်ဦးက ပြောသည်။

အဆိုပါပြပွဲတွင် ပြသသည့် ဆော့ဖ်ဝဲများကို နိုင်ငံတစ်ဝန်းမှ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း ငါးရာကျော် လာရောက်လေ့လာခဲ့ကြသည်။

အိုင်စီတီကဏ္ဍသည် နိုင်ငံတကာတွင် အံ့မခန်းတိုးတက်နေပြီး စီးပွားရေး၊ လူမူရေး၊ ကာကွယ်ရေးနှင့် ကဏ္ဍစုံတွင် သက်ရောက်မှုများ ရှိနေသည့်အတွက် အိုင်စီတီဖွံဖြိုးရေးအတွက် လူငယ်များလုပ်ဆောင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုပါပြပွဲတွင် လူငယ်များအား တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက အိုင်စီတီနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများရှိနေသော်လည်း တကယ်တမ်းတွင် ဒေသတွင်းဆော့ဖ်ဝဲစီးပွားရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံသည် များစွာနောက်ကျနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက်၍ ဆော့ဖ်ဝဲရေးသားနေသည့် ပညာရှင်ပေါင်း ၂,၅၀၀ ရှိပြီး တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၃၀ခန့်သာ ဝင်ငွေရရှိနေသည့်အတွက် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် ဆော့ဖ်ဝဲလုပ်ငန်းဖွံ့ဖြိုးမူ၌ နောက်ဆုံးတွင် ရှိနေဆဲဖြစ်ကြောင်း ပညာရှင်များကဆိုသည်။

‘‘ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံထဲမှာပါခဲ့တဲ့ ဗီယက်နမ်တောင် အခုအဲဒီအဆင့်ကို ကျော်သွားပြီး ဆော့ဖ်ဝဲထုတ်ကုန်တွေကနေ တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၁,၂၀၀ လောက် ဝင်ငွေရနေတယ်။ မြန်မာနိုင်ငံက သူတို့ထက် အဆလေးဆယ်လောက် နောက်ကျနေတဲ့အတွက် အများကြီးကြိုးစားဖို့ လိုအပ်နေသေးပါတယ်’’ ဟု ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က ပြောသည်။

မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆော့ဖ်ဝဲလုပ်ငန်းများ၏ ကွာခြားချက်တွင် ကုမ္မဏီတစ်ခုချင်းအလိုက် ခြားနားမှုများရှိနေပြီး ဗီယက်နမ်ဆော့ဖ်ဝဲကုမ္ပဏီကြီးများတွင် ပညာရှင်ပေါင်း နှစ်သောင်းခန့်အထိ ခန့်ထားကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဆော့ဖ်ဝဲကုမ္မဏီမှာ ဝန်ထမ်းငါးရာခန့်သာခန့်ထား၍ လုပ်ငန်းများ ဆောင်ရွက်နိုင်သေးကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိပညာရှင်ဦးရေ ၂,၅၀၀ ဖြင့် ဆော့ဖ်ဝဲလုပ်ငန်းများဖွံ့ဖြိုးမှုနူန်းကို ပုံမှန်အတိုင်း ဆောင်ရွက်မည်ဆိုပါက လာမည့်ငါးနှစ် (၂၀၂၀ ပြည့်နှစ်)အတွင်း ဆော့ဖ်ဝဲရေးသားသူပေါင်း ရှစ်ထောင်ခန့်အထိ ရှိလာနိုင်ပြီး ဝင်ငွေရရှိမူမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၅၀ အထိ တိုးတက်လာနိုင်ကြောင်း ကွန်ပျူတာအသင်းချုပ်က ခန့်မှန်းထားသည်။

တကယ်လို့ ဆော့ဖ်ဝဲရေးသားသူတွေကို ကောင်းမွန်စွာလုပ်ငန်းလုပ်နိုင်ဖို့ အထောက်အပံ့တွေနဲ့ အခြေအနေတွေ ဖန်တီးပေးခဲ့မယ်ဆိုရင်တော့ ငါးနှစ်အတွင်း (၂၀၂၀ ပြည့်နှစ်) ဆော့ဖ်ဝဲရေးသားသူပေါင်း နှစ်သောင်းအထိ ရှိလာနိုင်ပြီး တစ်နှစ်ကို ဝင်ငွေကန်ဒေါ်လာ သန်း ၄၅၀ အထိ ရရှိနိုင်တဲ့အထိ တိုးတက်လာနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးကသုံးသပ်သည်။

ပြည်တွင်းဆော့ဖ်ဝဲလုပ်ငန်းများ တိုးတက်လာစေရန် အခြေခံအဆောက်အအုံနှင့် ကျွမ်းကျင်ပညာရှင် လိုအပ်ချက်များသည် အဓိက လိုအပ်ချက်များထဲတွင် ပါဝင်နေကြောင်း ပညာရှင်များက ဆိုသည်။

‘‘ဆော့ဖ်ဝဲလုပ်ငန်းတွေ တိုးတက်လာဖို့ဆိုရင် နိုင်ငံတော်က အခြေခံအဆောက်အအုံတွေ ပိုပြီးပြည့်စုံအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ လက်ရှိ နည်းပညာကျောင်သားတွေကို လုပ်ငန်းခွင်တန်းဝင်နိုင်အောင် အရည်အသွေးတွေ အများကြီး မြှင့်တင်ပေးနိုင်ဖို့ လိုအပ်နေပါသေးတယ်’’ဟု Zwenexsys နည်းပညာကုမ္ပဏီမှ အကြီးတန်း ဆော့ဖ်ဝဲအင်ဂျင်နီယာ ကိုသာထက်ကပြောသည်။

အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုအနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်လာ၍ အခြေခံပြည်သူများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းလာနိုင်သော်လည်း စီးပွားရေးလုပ်ငန်းများအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ဖိုက်ဘာကေဘယ်ကဲ့သို့ ဝန်ဆောင်မူများကို ဈေးနူန်းသက်သာစွာဖြင့် အလွယ်တကူအသုံးပြုနိုင်ရန် လိုအပ်ချက်များရှိနေသေးသည်။

‘‘အိုင်စီတီဖွံ့ဖြိုးမူကို ကြည့်မယ်ဆိုရင် ပညာရှင်အရေအတွက် ဘယ်လောက်ထိရှိလဲ၊ ကျွမ်းကျင်မှုဘယ်လောက်ရှိလဲ၊ ဘယ်လောက်အထိ အလုပ်လုပ်ကိုင်ခွင့်တွေ ရနေလဲဆိုတာကို ကြည့်ရပါတယ်။ ကနဦးအနေနဲ့ လူငယ်တွေကို အလုပ်လုပ်နိုင်ဖို့၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးရဲရင့်ဝင်းကအကြံပြုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ဆော့ဖ်ဝဲသားသည့် လုပ်ငန်းအငယ်များသည် ငွေကြေးရင်းနှီးမြှုပ်နှံမှု အခက်အခဲများနှင့် အဓိကကြုံတွေ့နေရပြီး ဈေးကွက်အတွင်း၌ ရပ်တည်ရန် ခက်ခဲသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ သိရသည်။

‘‘ပြည်တွင်းကုမ္ပဏီငယ်လေးတွေက အရင်းအနှီးသိပ်မရှိတော့ ရုံးခန်းနေရာတောင် ကောင်းကောင်းမငှားနိုင်တဲ့အတွက် သူတို့ရဲ့ ထုတ်ကုန်တွေကို လူစိတ်ဝင်စားအောင်လုပ်ဖို့ အခက်အခဲတွေရှိနေတယ်’’ ဟု မြန်မာနိုင်ငံကွန်ပျုတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောသည်။

ထို့အပြင် ပြည်တွင်းရှိ ဆော့ဖ်ဝဲလုပ်ငန်းများမှာ အလုပ်အကိုင်အခွင့်အလမ်း လုံလောက်စွာ မပေးနိုင်ခြင်း၊ နိုင်ငံတကာကုမ္ပဏီများနှင့်ယှဉ်ပါက လစာနည်းခြင်း၊ လိုအပ်သည့်အထောက်အပံ့များ အားနည်းခြင်းစသည့် အခြေအနေများကြောင့် နည်းပညာကျွမ်းကျင်သူများအနေဖြင့် ပြည်ပသို့ထွက်၍ အလုပ်လုပ်ကိုင်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေဖြင့် အဆိုပါအခက်အခဲများကို ထောက်ပံ့ပေးနိုင်ရန် ကျပ်သိန်းငါးရာအကုန်အကျခံကာ ကနောင် Hub အမည်ဖြင့် စွန့်ဦးတီထွင်များကို မွေးဖွားပေးမည့် စင်တာတစ်ခု တည်ထောင်ကာ နည်းပညာကုမ္ပဏီငယ်တစ်ရာခန့်ကို ရုံးခန်းနေရာနှင့် လိုအပ်သည့် ပစ္စည်းအစုံအလင်ကို ဈေးနှုန်းအသက်သာဆုံးဖြင့် ရရှိစေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ အိုင်တီနည်းပညာဖြင့် ဘွဲ့ရကျောင်းသားတစ်သောင်းကျော် နှစ်စဉ်ထွက်ပေါ်နေသော်လည်း ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှုကြောင့် လုပ်ငန်းခွင်သို့ အမှန်တကယ်ဝင်ရောက်သည့် လူဦးရေမှာ ၂၀ ရာခိုင်နူန်းခန့်သာ ရှိနေကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လေ့လာမှုစာရင်းအရ သိရသည်။

အခြားသော လိုအပ်ချက်များမှာ လက်တွေ့ကျသည့် ငွေကြေးရင်းနှီးမြှုပ်နှံမူဆိုင်ရာ အထောက်အပံ့များ နှင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးမှုများဖြစ်ကြောင်း ပညာရှင်များကဆိုသည်။

‘‘ရင်းနှီးမြှုပ်နှံမှုရယူတဲ့အခါမှာလည်း သတိထားဖို့လိုတယ်။ နောက်ပိုင်းမှာ ငွေကြေးစိုက်တဲ့လူက လွှမ်းမိုးသွားပြီး တကယ်တီထွင်တဲ့လူက အကျိုးအမြတ်နည်းနည်းလေးပဲ ရတတ်တာမျိုး ဖြစ်တတ်ပါတယ်’’ဟု ဒေါက်တာထွန်းသူရသက်က အကြံပြုသည်။

ပြည်တွင်း၌ ဆော့ဖ်ဝဲကဏ္ဍလျင်မြန်စွာ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာတွင် ဖွံ့ဖြိုးဆဲဖြစ်ပြီး အကြီးမားဆုံးသော ပြောင်းလဲမူများထဲမှ တစ်ခုဖြစ်သည့် မိုဘိုင်းပလက်ဖောင်းတွင် ပို၍ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပညာရှင်များက အကြံပြုသည်။

‘‘ဆော့ဖ်ဝဲလုပ်ငန်းကို နှစ်တွေအကြာကြီးလုပ်လာတဲ့ နိုင်ငံတွေကို ယှဉ်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီတော့ သူတို့ဆီ ဖွံ့ဖြိုးလာတာ နှစ်အနည်းငယ်ပဲရှိသေးပြီး အကြီမားဆုံး ပြောင်းလဲနေတဲ့ မိုဘိုင်းပလက်ဖောင်းမှာ ပိုပြီးအားသာအောင် လုပ်နိုင်ဖို့လိုအပ်ပါတယ် ’’ဟု ဒေါက်တာထွန်းသူရသက်ကဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် ပြည်တွင်းဆော့ဖ်ဝဲကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အဆင့် ဆောင်ရွက်ရမည့် လိုအပ်ချက်များကို အကောင်အထည်ဖော်ရန် အစိုးရနှင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းသူရသက်ကဆိုသည်။

Software Showcase ပြပွဲတွင် နိုင်ငံတော်သမ္မတက အထူးစိတ်ဝင်စားမှုရှိခဲ့ပြီး ဆော့ဖ်ဝဲကဏ္ဍ၏ အရေးပါပုံများကို သိရှိလာသကဲ့သို့ နိုင်ငံတော်ဘက်က ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို အကောင်အထည် ဖော်ပေးခြင်းများ ရှိလာနိုင်သည့်အပြင် E-Governmet လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း ပို၍လျင်မြန်လာမည်ဖြစ်ကြောင်း ပညာရှင်များက မျှော်လင့်လျက်ရှိကြသည်။ သို့သော် ယင်းအထောက်အပံ့ကောင်းများမှာ မည်မျှမြန်ဆန်စွာ ဖြစ်ပေါ်လာမည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
http://7daydaily.com/story/35342#.VSVyIpOIXao

No comments:

Post a Comment