Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ
၁၉၈၉ဇန်နဝါရီ ။ နှင်းတွေနဲ့ဝေနေတဲ့ရာသီပါ။
ခွပ်ဒေါင်းအလံတွေ တလူလူနဲ့ ရန်ကုန်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ မြတ်မေတ္တာ သင်္ဘောကြီးဟာ တိုးမြစ်ရင်ခွင်ကို တိုးဝင်လာနေပါပြီ။ဧရာဝတီတိုင်း နယ်မြေကို ကျနော်တို့ စတင်ချင်းနင်း ဝင်ရောက်လာနေကြတာပါ။
ပထမဆုံး ဆိပ်ကပ်ရမယ့်ဆိပ်ကမ်းက ထနီးဆိုတဲ့ မအူပင် မြို့အဝင်က ရွာလေးပါ။ဒါဟာ တိုင်းမှုးဗိုလ်ချုပ်မြင့်အောင်ရဲ့ နတခ ဧရိယာအစပ်ပဲပေါ့။ ( အဲဒိအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ဗိုလ်ချုပ်မှုးကြီး စောမောင်ပါ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဧရာဝတီအနောက်ခြမ်း ပုသိမ် မြောင်းမြ ဟင်္သာတ ၃ခရိုင်ခရီးစဉ်မှာ အန်ကယ်ဦးကြည်မောင် လိုက်ပါလာပါတယ်။ကာနယ်ကြည်မောင်လို့ လူသိများတဲ့ ဦးကြည်မောင်ဆိုတာ ၁၉၃၈ ဒီဇင်ဘာ၂၀ တတိယတက္ကသိုလ်ကျောင်းသားသပိတ်တိုက်ပွဲတုန်းက တပ်ဦးမှာ အလံကိုင် ချီတက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးပါ။
အဲဒိနေ့ဟာ ရန်ကုန်မြို့က အတွင်းဝန်ရုံးရှေ့မှာ ကိုအောင်ကျော် ( ဗိုလ်အောင်ကျော်) အရိုက်ခံရတဲ့နေ့ပေါ့။အဲဒိနေ့က ဦးကြည်မောင်နဲ့အတူ အလံကိုင်ခဲ့တဲ့ အမာခံကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးကတော့ ဆရာကြီး ဒဂုံတာရာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ကာလ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ NLD အနိုင်ရအောင် ဦးဆောင်ခဲ့သူဟာ အန်ကယ်ဦးကြည်မောင်ပါပဲ။
သဘောင်္က ဆိပ်ကမ်းကပ်တော့မယ်ဆိုတဲ့ သဘောနဲ့ ဥသြသံပေးလိုက်တဲ့အချိန်မှာတော့ ကျွန်တော်တို့အားလုံး အသင့်ပြင်လိုက်ကြပါပြီ။
အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၂ )
သဘောင်္ကြီးတစ်စင်းလုံးဟာ တက်ကြွရွှင်လန်းနေပါတယ်။ပထမဆုံးဆိုက်ကပ်မယ့် ဆိပ်ကမ်းလည်းဖြစ်လို့မို့ ရင်ခုန်စိတ်စောနေကြပုံလည်းရပါတယ်။တိုးမြစ်ကြီးကတော့ ညင်ညင်သာသာစီးဆင်းလျှက်ပေါ့။
ဒီခရီးစဉ်မှာ ကျနော်က ပွိုင့်တာဝန်ကျပါတယ်။ဆိပ်ကမ်းတစ်ခု ကပ်ပြီဆိုတာနဲ့ ကျွန်တော်က အရင်ရှေ့ပြေးအနေနဲ့ သင်္ဘောပေါ်ကဆင်းရမယ်။ကျွန်တော်နဲ့အတူ နောက်မှာ ဗိုလ်ကြီးဝင်းထိန် ရှိနေမယ်။ဒေါ်အောင်ဆန်းစုကြည်က ဒီလိုစီမံ အမိန့်ပေးထားပါတယ်။
ဗိုလ်ကြီးဝင်းထိန်ဆိုတာက ၁၉၇၆တုန်းက ဦးနေဝင်းကို လုပ်ကြံပြီး နိုင်ငံ့အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် ဗိုလ်ကြီးသိန်းဝင်းတို့နဲ့ အမှုတွဲပါ။
နဝတ စစ်အာဏာရှင်အုပ်စုနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ အားစမ်းပွဲက စပါပြီ။ထနီးရွာဟာ ကျွန်တော်တို့ ပထမဆုံး စတင်ဆိုက်ကပ်ရမယ့် ဆိပ်ကမ်း တနည်းအားဖြင့် ပထမဆုံးတိုက်တဲ့ တိုက်ပွဲလဲဖြစ်ပါတယ်။
'ပထမဆုံး တိုက်တဲ့တိုက်ပွဲဟာ မနိုင်ရင်သာနေရမယ်။ဘယ်တော့မှ မရှုံးစေရဘူး '
ကျွန်တော်က သင်္ဘောပေါ်မှာ အတူလိုက်ပါလာတဲ့ သုံးရောင်ခြယ်အဖွဲ့နဲ့ NLD လူငယ်တွေကို ၁၉၇၄-၇၅-၇၆ ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝတုန်းက ရခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ယှဉ်ပြီး အဲဒိစကားကို ပြောပြလိုက်ပါတယ်။


အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၃)
ထနီးရွာ ကမ်းပါးတစ်လျှောက်မှာတော့ ကရင်တိုင်းသားအများစု ရွာလူထုဟာ သူတို့ရဲ့ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ဒုံးယိမ်းအကတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကြိုဆိုနေကြပါပြီ။ဒေါ်အောင်ဆန်းစုကြည်ကလည်း သင်္ဘောအပေါ်ထပ်ကနေပြန်ပြီး လက်ပြနူတ်ဆက်နေပါတယ်။မအူပင်မြို့ကနေ လာပြီးကြိုတဲ့ NLD မြို့နယ်စည်းအဖွဲ့ဝင်ရဲဘော်တွေကိုလည်း ထနီးလူထုကြားမှာ တွေ့လိုက်ရပါတယ်။
သင်္ဘောက ဆိပ်ကမ်းကို စနစ်တကျကပ် ကြိုးချည် ကုန်းဘောင်ထိုးပြီးသွားတာနဲ့ ကျွန်တော်အရင်ဆုံး သင်္ဘောကဆင်းလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ လူထုရဲ့ ကြွေးကြော်သံတွေကြားမှာပဲ လက်နက်ကိုင်စစ်သား တပ်စုတစ်စုနဲ့ အသင့်စောင့်နေတဲ့ အရာရှိဆီကို လျှောက်သွားပြီး သူ့ကိုလေးစားသမှုနဲ့ အရင်နူတ်ဆက် ပြီးတော့ သူနဲ့ကျွန်တော် ညှိကြ နိုင်းကြ လုပ်ကြရပါတယ်။
တိုင်းမှုးဗိုလ်ချုပ်မြင့်အောင် ပေးထားတဲ့အမိန့်အတိုင်း အဲဒိစစ်ဗိုလ်လေးက တသွေမတိမ်းလုပ်ဆောင်ပါတယ်။ကျွန်တော်ကလဲ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးထားတဲ့အမိန့်အတိုင်း လုပ်တာပါ။ ဘယ်အမိန့်က တရားပြီး ဘယ်အမိန့်က မတရားဘူးလဲ။
အဲဒိစစ်ဗိုလ်နဲ့ကျွန်တော် ညှိနိုင်းပြီးသွားတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆုံးကဦးဆောင်ပြီး သင်္ဘောပေါ်ကပါတဲ့လူတွေ ဆင်းလာကြပါပြီ။ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ သံကုန်ဟစ်ကြွေးနေကျတဲ့ ကရင်တိုင်းရင်းသား ရွာလုထုရဲ့အသံကတော့ မိုးထက်ညံလို့ပေါ့။
ထနီးရွာ NLD ခေါင်းဆောင် ကရင်တိုင်းရင်းသားကြီးတစ်ဦးနဲ့ တိုင်းရင်းသူကြီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ်ကြိုဆိုကြပါတယ်။သက်ကြီးရွယ်အို ဖထီးတစ်ချို့နဲ့ အမိုးတစ်ချို့ကတော့ ငါတို့ဗိုလ်ချုပ်သမီး ငါတို့ဗိုလ်ချုပ်သမီးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဖက်ပြီး ငိုနေကြပါတော့တယ်။

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၄ )
ကျွန်တော်တို့ အားလုံးရင်ထဲမှာ ကြေကွဲပီတိကို ခံစားလိုက်ကြရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်ဝန်းအိမ်မှာလည်း တည်ငြိမ်တဲ့ အလွမ်းမျက်ရေစတွေနဲ့ပေါ့။
ထနီးရွာမှာ ကျွန်တော်တို့ကြာကြာနေဖို့ အချိန်မရပါဘူး။မအူပင်မြို့ကို ခရီးဆက်ရပါဦးမယ်။ထနီးရွာလူထုကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့အခါ အားလုံးကို နူတ်ဆက်ပြီး သင်္ဘောပေါ်ပြန်တက်ကြပါတယ်။ အဲဒိနေ့ကတော့ ၁၉၈၉ ဇန်နဝါရီလ ၁၄ ရက်နေ့ပါ။အန်ကယ်ဦးကြည်မောင်ကတော့ ရှေ့မထွက်ပဲ ဒေါ်အောင်ဆန်းစုကြည် ဘေးကနေရပ်ပြီး ပြုံးပြုံးပြုံးပြုံးနဲ့ ကျေနပ်အားရနေတဲ့ပုံပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထနီးရွာလူထု တစ်သားတည်း တစ်ပြင်တည်းဖြစ်သွားတာကိုကြည့်ပြီး အစပထမက တမင်ခက်ထန်တင်းမာအောင်လုပ်ထားရတဲ့ စစ်သားတွေရဲ့မျက်နှာတွေဟာ တဖြေးဖြေး ပြေလျော့ပျော့ပျောင်းလာတာကို ကျွန်တော်သိတာပေါ့။ကျွန်တော် စစ်တပ်ထဲမှာ အနှစ်၂၀ကျော် နေထိုင် ကြီးပြင်းလာတဲ့သူပဲလေ။
သင်္ဘောပေါ်ကို ကျွန်တော်နောက်ဆုံးမှ တက်ပါတယ်။မတက်ခင် တာဝန်ကျအရာရှိစစ်ဗိုလ်ကို ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးလို့ အယဉ်ကျေးဆုံးလက်ဆွဲနူတ်ဆက်ခဲ့ပါတယ်။
ထနီးရွာဆိပ်ကမ်း တိုးမြစ်ဝှမ်းရင်ခွင်မှာတော့ ကရင်ဒုံးယိမ်းတေးသံတွေက လွမ်းဖွယ် ညံနေဆဲလေ။ခွပ်ဒေါင်းအလံတွေက လွင့်လွင့်ဝဲဝဲ ပျံနေဆဲပေါ့။

ထနီးရွာဟာ ဧရာဝတီတိုင်းထဲကို ဝင်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးပြီး အနှောက်အယှက်ပေးဖို့ လုပ်ထားတဲ့ နတခ တိုင်းမှုးဗိုလ်ချုပ်မြင့်အောင်ရဲ့ ခံတပ်လို့တောင်ဆိုနိုင်ပါတယ်။
အခု အဲဒိခံတပ်ကျိုးပေါက်သွားပါပြီ။ကျွန်တော်တို့ ရှေ့ဆက်ထိုးဖောက်ချီတက်ခဲ့ကြပြီ။ဒုတိယဆိပ်ကမ်းက မအူပင်မြို့ပါ။မအူပင်ကနေ ထနီးမှာ ရှေ့ပြေးလာရောက်ကြိုဆိုကြတဲ့ မအူပင်မြို့နယ်စည်းအဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းမှာ လက်ခံတွေ့ဆုံသတင်းမေးပါတယ်။မြို့နယ်စည်းတွေက သက်ဆိုင်ရာမဝတနဲ့ ညှိနှိုင်းပြီး သူတို့စီစဉ်ဆောင်ရွက်ထားပုံကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြပါတယ်။
တိုးမြစ်ကြီးပေါ်မှာတော့ ခွပ်ဒေါင်းအလံတွေတဝေဝေလွှင့်လို့ မြတ်မေတ္တာနှစ်ထပ်သင်္ဘောကြီး တရွေ့ရွေ့ခုတ်မောင်းလာနေပါပြီ။မြတ်မေတ္တာက မြစ်ကိုကွေ့လိုက်တာနဲ့ ဘွားကနဲမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖွေးဖွေးလှုပ်ကြိုဆိုနေကြတဲ့ ကမ်းလုံးညွှတ် ဧရာမလူအုပ်ကြီးပါပဲ။ဆိပ်ခံတံတားအပေါ်မှာနဲ့ တိုးမြစ်ကမ်းပါးတစ်လျှောက်မှာ ကြိတ်ကြိတ်တိုးအုံခဲနေတဲ့ မအူပင်လူထုကိုကြည့်ရင်း ကျွန်တော်တို့ တစ်ဖွဲ့သားလုံး ရင်ခုန်လှုပ်ရှားသွားကြပါတယ်။
လူထုတွေရဲ့ရှေ့နောက်ဝဲယာမှာတော့ ယောက်ယက်ခတ် ပြေးလွှားအော်ဟစ်နေတဲ့ လက်နက်ကိုင်စစ်သားတွေကိုလည်း မြင်နေရပါပြီ။
သင်္ဘောက မအူပင် မဝတ က ခွင့်ပြုထားတဲ့ ဆိပ်ခံဗောတံတားဆီကို ဦးတည်သွားနေပါတယ်။သို့သော်…… ။ အနေအထားက ပြောင်းသွားပြီး မဝတ က အဲဒိတံတားမှာ ကပ်ခွင့်မပေးတော့ဘူးလို့ မြို့နယ်စည်းအဖွဲ့က အရေးပေါ် သတင်းပို့လာပါတော့တယ်။
ဆက်ရန်…………
အောင်ဝေး
မြတ်မေတ္တာသင်္ဘော ဆိုက်ကပ်ခဲ့တဲ့ ခုနှစ်အပြည့်အစုံအား ဖြည့်စွက်ပေးခဲ့တဲ့ အန်ကယ်အောင်ကျော်မိုးအားအထူးပင် ကျေးဇူးတင်အပ်ပါသည်။ မအူပင်ကို ရောက်သည့်အကြောင်းကိုတော့ မနက်ဖြန်မှာဆက်လက်ရေးသားပါမည်။




No comments:

Post a Comment