Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 7, 2015

ကချင်ပြည်နယ် NDA-K နယ်မြေရှိ ကန်ပိုက်တည်မြို့နယ်နှင့် ဆဒုံးမြို့နယ်များအတွင်း တရုတ်နိုင်ငံဘက်မှ အရင်းအနှီးများဖြင့် စိုက်ပျိုးထားသော ဘိန်းခင်းဧက ထောင်ချီရှိနေ


ကချင်ပြည်နယ် ကန်ပိုက်တည်မြို့နယ် ဝေမိုးဒေသ မော်စီတုန်းကျေးရွာ ၀န်းကျင်ရှိ ဘိန်းခင်းများကို မတ် ၂ ရက်က ဖျက်ဆီးနေစဉ်
ကချင်ပြည်နယ် NDA-K နယ်မြေရှိ ကန်ပိုက်တည်မြို့နယ်နှင့် ဆဒုံးမြို့နယ်များအတွင်း ဘိန်းစိုက်ဧက ထောင်ချီရှိနေပြီး အရင်းအနှီးများကို တရုတ်နိုင်ငံဘက်မှ ရရှိနေကြောင်း ဒေသခံအုပ်ချုပ်ရေးပိုင်းနှင့် ဘိန်းစိုက်တောင်သူများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းဒေသများတွင် အများစုမှာ တစ်နိုင်တစ်ပိုင် နှစ်ဧကဝန်းကျင် စိုက်ပျိုးကြပြီး စီးပွားဖြစ်ဧက ဆယ်ချီစိုက်သူများလည်းရှိကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများကို တရုတ်နိုင်ငံသား မူးယစ်ဆေးဝါးလုပ်ငန်းရှင်များက အရင်းအနှီး ထုတ်ပေးကြပြီး နှစ်ဧကဝန်းကျင်ခန့်အတွက် ယွမ်ငွေ ၂၄ဝဝဝ ခန့် (မြန်မာကျပ်ငွေ သိန်း ၄ဝ ခန့်) ကုန်ကျကြောင်း ဒေသခံ ဘိန်းစိုက်ပျိုးသူများက ပြောကြားသည်။

ဘိန်းစိုက်ဧက ၂၅ဝ ကျော်ရှိသည့် မော်စီတုံးကျေးရွာမှ တရုတ်လူမျိုး ဘိန်းစိုက်တောင်သူများက “အများစုက ကိုယ်ပိုင်ငွေနဲ့ မလုပ်နိုင်ကြဘူး။ တရုတ်နိုင်ငံဘက်က ငွေထုတ်ချေးတယ်။ ပြီးတော့ ဘိန်းပြန်သွင်းရတယ်။ ပိုတာ ကိုယ့်ငွေပေါ့။ ခါတိုင်းနှစ် ဘိန်းဈေးက ယွမ် ၃၅ဝဝ ဝန်းကျင်မှာ ရှိတယ်။ ဒီနှစ်တော့ ဘိန်းတစ်ပိဿာ ယွမ် ၂၈ဝဝ ပဲ (မြန်မာကျပ်ငွေ ငါးသိန်းခန့်) ဈေးပေးတယ်။ အခုနောက်ပိုင်း မြေဩဇာလည်း ထည့်နေရတော့ ကုန်ကျစရိတ် များလာတယ်။ အလုပ်သမားခ၊ ဓာတ်မြေဩဇာ ၊ ရေသွယ်ရတဲ့ ပိုက်တန်ဖိုးတွေပါရင် အမြတ်မကျန်သလောက်ပဲ။ ဒီဒေသမှာတော့ ဘိန်းကလွဲပြီး တစ်ခြားဟာလည်း စိုက်ပျိုးလို့ မကောင်းဘူး။ ဘိန်းရမှ ထမင်းစားနိုင်တာ” ဟု ဆိုသည်။

ကန်ပိုက်တည်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ ဘိန်းတစ်ခုတည်းကိုသာ အသက်မွေးဝမ်းကြောင်းအဖြစ် အဓိကစိုက်ပျိုးကြပြီး အလုပ်သမားအများစုကို ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်းဒေသများနှင့် တရုတ်နိုင်ငံဘက်မှ ခေါ်ယူအသုံးပြုကြောင်း သိရသည်။
 

ကန်ပိုက်တည်မြို့နယ် မော်စီတုန်းကျေးရွာဝန်းကျင်ရှိ ဘိန်းခင်းများကို ဖျက်ဆီးပြီးနောက်  ဘိန်းစိုက်တောင်သူတစ်ဦးကို မတ် ၄ ရက်က တွေ့ရစဉ်

ဒေသခံအုပ်ချုပ်ရေး ဝန်ထမ်းတစ်ဦးက “ဘိန်းစိုက်တဲ့သူတွေက ငွေကြေးတတ်နိုင်သူ နည်းတယ်။ ကျွန်တော်တို့ သိရသလောက် တရုတ်နိုင်ငံ ထိန်းချုံးမြို့က သူဌေးက ထုတ်ပေးတာလို့ သိရတယ်။ ရွာမှာနေပြီး စိုက်တဲ့သူတွေက ဝမ်းရေးအတွက် စိုက်တာများတယ်။
စီးပွားဖြစ်စိုက်ပျိုးသူတွေက သက်ဆိုင်သူတွေနဲ့ ညှိပြီး အဝေးကြီးမှာ အများကြီးစိုက်တာလည်း ရှိတယ်။ အဲဒီနေရာတွေကတော့ လုံခြုံရေးအခြေအနေကို အကြောင်းပြုပြီး အခု ဘိန်းဖျက်တဲ့ စီမံချက်ထဲမှာ မပါဘူး။ ဒီမှာက ဘိန်းစိုက်ပြီး အသက်မွေးနေရတော့ အားလုံးကိုညှိနှိုင်းပြီး ပြေလည်အောင် လုပ်စေချင်တယ်။ အစိုးရဘက်ကလည်း ထောက်ပံ့ဖို့ စဉ်းစားပေးစေချင်တယ်။ အဖျက်ပဲလုပ်ပြီး ဘာမှမထောက်ပံ့ရင် ဘယ်လိုနေထိုင်ကြမလဲ”ဟု ဆိုသည်။

အဆိုပါဒေသများတွင် ဘိန်းဖျက်လုပ်ငန်းများကို နှစ်စဉ်နီးပါး လုပ်ဆောင်နေသော်လည်း ဒေသခံများအတွက် နှစ်ရှည်စီမံချက်ဖြင့် ထောက်ပံ့ပေးမှု မရှိခြင်း၊ ဘိန်းအစားထိုး သီးနှံဖြင့် စနစ်တကျ စမ်းသပ်မစိုက်ပျိုးနိုင်ခြင်း၊ ဘိန်းဖျက်ရာသီများတွင် အစိုးရဘက်မှ အချိန်မီ မဖျက်ဆီးနိုင်ခြင်း၊ ဖျက်ဆီးရန် စီမံချက်များရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်ခြေတွင် နားလည်မှုရယူကာ ဖျက်ဆီးရန်ကျန်ရှိနေခြင်း၊ နယ်မြေဒေသ ဝေးလံသောကြောင့် လုံခြုံရေးအကြောင်းပြကာ မသွားရောက်နိုင်ခြင်းများကြောင့် ဘိန်းစိုက်ဧက လျော့ကျခြင်းမရှိဘဲ ပြည်နယ်အတွင်း မငြိမ်းချမ်းသောကာလများတွင် ဘိန်းစိုက်ဧရိယာ တိုးပွားလာခြင်းများ ရှိနေကြောင်း ဒေသခံအုပ်ချုပ်ရေးပိုင်းမှ သုံးသပ်ကြသည်။

ကန်ပိုက်တည်မြို့နယ်နှင့် ဆဒုံးမြို့နယ်ရှိ ကျေးရွာများမှာ ဘိန်းစိုက်ပျိုးရေးကိုသာ အဓိက လုပ်ဆောင်ကြပြီး ယင်းဒေသမှာ  NDA-K အဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလာသည့် ၁ဝဝ၃ တပ်ရင်း၏ စိုးမိုးနယ်မြေအတွင်း တည်ရှိနေကြောင်း သိရသည်။        
- See more at: http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-nda-k-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9B%E1%80%BD%E1%80%AD-%E1%80%80%E1%80%94%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%90%E1%80%8A%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%86%E1%80%92%E1%80%B6%E1%80%AF%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8#sthash.yELqqVgb.dpuf

No comments:

Post a Comment