Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးမပေးဘဲ တချီလိတ် ခရိုင်အတွင်း ကုမ္မဏီများရွှေ ဆက်တူးဖော်နေ


မတ်ခ်ျလ ၁၈ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသတွင် ကုမ္မဏီမှ လျော်ကြေးပေးမည်ဆိုသည့် ကတိအတိုင်း ပြီးဆုံးအောင်မပေးဘဲ ရွှေဆက်လက် တူးဖော်နေ ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

နားဟိုင်းလုံဒေသတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသော လယ်ယာမြေများ ပကတိ အတိုင်းပြန်လည်စိုက်ပျိုးနိုင်အောင် ရွှေတူးဖော်နေသော ကုမ္မဏီကြီးများမှပြန်လည်ပြုပြင် ပေးရန်၊ နှစ်နာဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် သျှမ်းပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ မှာကြားချက်အတိုင်း ကုမ္မဏီများက မလိုက်နာဘဲ လယ်ယာပြုပြင်မှု ၁ ရာခိုင်နှုန်းခန့်မျှသာ ပြုလုပ်ပေးကြောင်း၊ လျော်ကြေးလည်း ပေးတော့မည်မဟုတ်တော့ကြောင်း ဒေသခံ စိုင်းခက်က သျှမ်းသံတော်ဆင့်အားပြောသည်။

“စိုင်းစိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ ကုမ္မဏီတို့က ရွှေတူးဖော်မှု ရပ်နားသွားပြီ။ စိုင်းတစ် ကုမ္မဏီလည်း ရပ်ထားတယ်လို့ကြားတယ်။ ကျန်တဲ့ကုမ္မဏီကြီး ၁၀ ခုလောက်က မရပ်ဘူး။ လယ်ယာမြေတွေထဲက သဲတွေကို စက်ကြီးနဲ့ကော်ပြီး လယ်ကွင်းထဲမှာဘဲပုံထားတယ်။ လယ်ပြင်တောင်မထုတ်ပေးဘူး။ ဒေသတခုလုံးနဲ့ကြည့်ရင် ၁ ရာခိုင်နှုန်းတောင်မရှိဘူး အဲလိုလုပ်ပေးတာ။ အခုအဲတာရပ်ထားပြီး ရွှေတွေဆက်တူးနေပြန်ပြီ၊ ပေးဖို့ကျန်တဲ့ လျော်ကြေးလဲ ပေးတော့မှာမဟုတ်တော့ဘူးတဲ့” ဟု စိုင်းခက်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုသို့ ကုမ္မဏီက ပြုလုပ်သည့်အပေါ် ဒေသခံများစုပေါင်းပြီး ဖေဖော်ဝါရီလ ၂၄ ရက်က တာချီလိတ်သို့သွားရောက် တင်ပြခဲ့ပြီးနောက် မတ်ခ်ျလ ၁၄ ရက်နေ့က မြို့နယ်ခွဲ အုပ်ချုပ် ရေးအာဏာပိုင် ဦးထွန်းထွန်းဝင်းနှင့်အတူ ဒေသတွင်း လ၀က ၊ စိုက်ပျိုးရေး၊ လုံခြုံရေး အာဏာပိုင်များ ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း တစုံတရာပြောဆိုခြင်း မရှိခဲ့ပေ။

လယ်ယာမြေဆုံးရှုံးခဲ့ရသော လယ်သမားများအား ထိုက်တန်သောလျော်ကြေး ပေးဆောင်ရန်၊ ရွှေတူးဖေါ်မှု လုပ်ငန်းအားလုံးရပ်တန့် ရန် ယမန်နှစ်က ဦးစိုင်းအိုက်ပေါင်းက ဒေသတွင်း ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားခဲ့သည်။

ကုမ္မဏီများက ၂၀၀၇ ခုနှစ် ကတည်းစ၍ နားဟိုင်းလုံဒေသ၌ ရွှေတူးဖော်မှုစတင်ခဲ့ရာ ဒေသခံများ၏ လယ်ယာမြေ ဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment