အမေရိကန် ဓာတ်ပုံဆရာ ဂျော်ဖရီ ဟီးလား မြန်မာနိုင်ငံတွင် ရိုက်ကူးခဲ့သော လက်ရွေးစင်ဓာတ်ပုံများကို စုစည်း၍ ထုတ်ဝေထားသည့် စာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပညာ ဟောပြောဆွေးနွေးပွဲကို ဆန်ဖရန်စစ္စကိုမြို့ရှိ မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာတွင် မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) နှင့် ၁၆ ရက် (တနင်္လာနေ့) မှာ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။အမေရိကန်ဓာတ်ပုံဆရာ ဂျော်ဖရီ ဟီးလားသည် မြန်မာပြည်သူများ၏ လူနေမှုဘဝကို “မြန်မာပြည် ရောင်နီဦး”(Daybreak in Myanmar) ဟု အမည်ပေးထားသော ဓာတ်ပုံစာအုပ်တွင် မှတ်တမ်းတင်ထားပါသည်။ စာမျက်နှာ ၁၉၂ မျက်နှာနှင့် ရောင်စုံဓာတ်ပုံ ၁၇၀ ပါဝင်သော ၎င်းစာအုပ်တွင် သမရိုးကျ မဲပြာပုဆိုး ဘုရားပုထိုး ဓာတ်ပုံများကို တွေ့ရမည် မဟုတ်ဘဲ မြန်မာလူမျိုးတို့၏ နေ့စဉ်သွားလာ လှုပ်ရှားနေပုံများကို အမိအရ ရိုက်ကူးထားသည်။ ဓာတ်ပုံများ၏ နောက်ခံ အကြောင်းအရာကိုလည်း ဖွင့်ဆိုရှင်းပြပုံစံဖြင့် ရေးသားထား၏။
ဂျော်ဖရီ ဟီးလားသည် အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဌာန၏ အစီအစဉ်ဖြင့် ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံရှိ အမေရိကန်စင်တာတွင် သတင်းဓာတ်ပုံပညာကိုလည်း သင်တန်းပေးခဲ့သည်။ ယခု လောလောဆယ်တွင် အိန္ဒိယ၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အပြည်ပြည်ဆိုင်ရာ မီဒီယာသင်တန်းဆရာ အဖြစ် လုပ်ကိုင်နေပါသည်။မတ်လ ၁၅ နှင့် ၁၆ တွင် ကျင်းပမည့် ဟောပြောပွဲတွင် ဂျော်ဖရီ ဟီးလားသည် အာရှနိုင်ငံ လမ်းများပေါ်တွင် ပွင့်လင်းစွာ သဘာဝကျသော ဓာတ်ပုံများကို အနုပညာမြောက်အောင် ရိုက်ကူးနည်းများကိုလည်း ဟောပြော၍ မြန်မာ ဓာတ်ပုံဝါသနာရှင်များနှင့်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးမည်ဟု သိရသည်။
နယူးစ်ဝိခ်၊ နယူးယောက်တိုင်းမ်တို့ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ဥရောပတိုက်နှင့် ဂျပန်နိုင်ငံတို့မှ စာနယ်ဇင်းများတွင် ဖော်ပြခြင်းခံရသော အမေရိကန်ဓာတ်ပုံဆရာ ဟီးလားသည် မြန်မာနိုင်ငံသို့ ၁၉၈၇ ခုနှစ်မှ စတင်၍ ၆ ကြိမ် သွားရောက်ခဲ့ပြီး၊ နောက်ဆုံးအကြိမ်မှာ ယခု ၂၀၁၅ နှစ်ဆန်းပိုင်းက ဖြစ်၏။
ဂျော်ဖရီ ဟီးလား၏ စာမျက်နှာ ၁၉၂ မျက်နှာ ပါဝင်သော Daybreak in Myanmar ဓာတ်ပုံ မှတ်တမ်းစာအုပ်ကို ၂၉.၉၅ ဒေါ်လာဖြင့် ရောင်းချနေပါသည်။ နာမည်ကြီး အင်တာနက် အွန်လိုင်း စတိုးဆိုင်ဖြစ်သော အမေဇုံမှလည်း မှာယူနိုင်သည်။ ဆန်ဖရန်စစ္စကို မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာတွင်လည်း ရောင်းချမည် ဖြစ်၍ ဓာတ်ပုံပညာရှင် ဂျော်ဖရီ ဟီးလားကိုယ်တိုင် လက်မှတ်ထိုးပေးမည်ဟု သိရသည်။
နေရာ | Myanmar Community & Cultural Center 1320 Decoto Road, Union City CA 94587 |
နေ့ရက်နှင့်အချိန် |
မတ်လ ၁၅ (တနင်္ဂနွေ) ညနေ ၅း ၃၀ နာရီ
မတ်လ ၁၆ (တနင်္လာ) ည ၇း ၃၀ နာရီ
http://kabarthit.com/index.php?option=com_content&view=article&id=603:2015-03-02-01-13-30&catid=8:2013-10-13-17-09-02&Itemid=214 |
No comments:
Post a Comment