Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 9, 2015

ဆိုးလ်တွင် အမေရိကန် သံအမတ်ကို တိုက်ခိုက်ခဲ့သူက လူသတ်ရန်ထိ မရည်ရွယ်ခဲ့ကြောင်း ထွက်ဆို


အမေရိကန် သံအမတ်ကို ရန်ပြုတိုက်ခိုက်ခဲ့ရာတွင် အသေသတ်ရန်အထိ ရည်ရွယ်ချက် မပါရှိခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားရေးဝါဒီ ကင်မ်ကီဂျွန်က ထွက်ဆိုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကင်မ်သည် ဆိုးလ်မြို့တွင် မိန့်ခွန်းတစ်ရပ် ပြောကြားနေသည့် အမေရိကန် သံအမတ် မာ့ခ်လစ်ပတ်ကို ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ မတ်လ ၅ ရက်က ကင်မ်၏ တိုက်ခိုက်မှုကြောင့် အသက်(၄၂)နှစ်အရွယ် လစ်ပတ်သည် မျက်နှာနှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိခဲ့ပြီး ပါးပေါ်မှ ဓားဒဏ်ရာကို အချက်(၈၀)မျှ ပြန်ချုပ်ခဲ့ရသည်။
အသက်(၅၅)နှစ်ရှိ ကင်မ်က ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများ၌ မိမိသည် လတ်ပတ်ကို သေသည်အထိ ရန်ပြုရန် မရည်ရွယ်ခဲ့ဟု ထွက်ဆိုခဲ့သည်။ သို့သော်လည်း ၎င်း၏ ဓားချက်က အသက်ဘေးနှင့် နီးလှသလို အသုံးမပြုဖြစ်သည့် သင်တုန်းဓားတစ်လက်ကိုပါ သီးခြား ယူဆောင်လာမှုများအရ ကင်မ်၏ ထွက်ချက်သည် အဓိပ္ပါယ် မရှိဟု ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့က ယူဆထားသည်။
“သူက လူသတ်ဖို့ထိ ရည်ရွယ်မထားပါဘူးလို့ ပြောတယ်။ ဒါပေမဲ့ သံအမတ်မှာ ရထားတဲ့ ဒဏ်ရာရဲ့ နက်ရှိုင်းမှုတွေက ဒီထွက်ဆိုချက်နဲ့ ဆန့်ကျင်နေတယ်။ ကင်မ်ဟာ သင်တုန်းဓားတစ်လက် ပါခဲ့ပေမယ့် ပိုကြီးတဲ့ မီးဖိုချောင်သုံး ဓားကိုပဲ အသုံးပြုသွားတယ်။ သူဟာ လူသတ်ဖို့ထိ ကြံစည်ထားပြီးသားလို့ ကျွန်တော်တို့ ယုံကြည်တယ်”ဟု ဆိုးလ်ရဲတပ်ဖွဲ့မှ အရာရှိ ယွန်မြောင်ဆွန်းက ပြောကြားခဲ့သည်။
ကင်မ်သည် ၂၀၁၀ ပြည့်နှစ်ကလည်း ဂျပန် သံအမတ်တစ်ဦးကို ကျောက်တုံးဖြင့် ပစ်ပေါက်မှုအတွက် ပြဿနာ တက်ခဲ့ဖူးသည်။ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိများက ကင်မ်အနေဖြင့် ယခင်က မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မှုများ ရှိခဲ့ခြင်းကို ဖော်ထုတ် တွေ့ရှိပြီးနောက် ယခုတိုက်ခိုက်မှုနှင့် ယင်းအခြေအနေ ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းနေဆဲ ဖြစ်သည်။
ကင်မ်သည် အစွန်းရောက် အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အခမ်းအနားကို ဆန့်ကျင်သောအားဖြင့် သံအမတ်ကို တိုက်ခိုက်ခဲ့ခြင်းဟုလည်း ပြောကြားခဲ့သည်။
Foal Eagle နှင့် Key Resolve စစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိပြီး ယင်းသည် မိမိတို့ကို ရန်စခြင်းဟု ယူဆကြောင်း ကြေညာကာ မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွမ်ဟီးသည် နိုင်ငံရပ်ခြား ခရီးစဉ်တစ်ခုမှ ပြန်လာပြီးနောက် မတ်လ ၉ ရက်တွင် လစ်ပတ် တက်ရောက်ကုသမှု ခံယူနေသည့် ဆေးရုံသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ပါ့ခ်ကိုယ်တိုင်လည်း ၂၀၀၆ ခုနှစ် အတွင်းက ဥပဒေပြု အမတ်တစ်ဦးအဖြစ် နိုင်ငံရေး နယ်ပယ်တွင် လှုပ်ရှားနေစဉ် လူထုစည်းရုံးမှု အခမ်းအနား တစ်ရပ်၌ သင်တုန်းဓားတစ်လက်ဖြင့် ရမ်းကားတိုက်ခိုက်သည့် အမျိုးသမီးတစ်ဦး၏ လက်ချက်ကြောင့် မျက်နှာတွင် ဒဏ်ရာ ရရှိခဲ့ဖူးသည်။
_Ref: CNA
http://7daydaily.com/story/33389#.VP3LVeGIXao

No comments:

Post a Comment