Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 5, 2015

ချွန်းနဲ့တူသော မိန်းမများ


ဆင်နဲ့လှည့်တဲ့ ရှင်ပြုပွဲတိုင်းကို သဘောကျနှစ်ခြိုက်သူ ကွှန်မ ရှင်လောင်းလှည့်လာတဲ့ ဆိုင်းသံ ဗုံသံတွေကြားတိုင်း အပြေးလေးထွက်ကြည့်မိတတ်တာ ခုချိန်ထိပါပဲ ။ ကျွန်မအထူးနှစ်သက်မိသာကတော့ ဆင်ဆိုတဲ့ သတ္တ၀ါကြီးကို ထိန်းချုပ်နေတဲ့ ချွန်းဆိုတဲ့ ကိရိယာသေးသေးလေးကိုပါ ။ ဆင် (elephant) သည် ကုန်းမြေပေါ်တွင် အကြီးဆုံး နို့တိုက် သတ္တ၀ါ ဖြစ်သလို ၊ ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်ပါသည်။ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ ဒီလို သတ္တ၀ါကြီးကို ထိန်းချုပ်ထားတဲ့ အရာလေးကတော့ ချွန်းဆိုတဲ့ ကိရိယာသေးသေးလေး တစ်ခုဖြစ်နေခဲ့ပြန်တယ် ။ ဆင်တစ်ကောင်ရဲ့ ကြီးကျယ်မြင့်မြတ်ခြင်းတွေကို ပိုလို့ဂုဏ်ရှိန်ဝါတိုးစေခဲ့တာလည်း ဒီချွန်းလေးကြောင့်ဘဲဖြစ်သလို ၊ မှန်ကန်တဲ့လမ်းတွေကို ရွေးချယ် လျှောက်လှမ်းတတ်စေခဲ့တာလည်း ဒီချွန်းဆိုတဲ့အရာလေးကြောင့်ပါပဲ ။
ချွန်းဆိုတဲ့အရာလေး နဲ့ သဏ္ဌန်တူတဲ့ လူပုဂ္ဂိုလ်တွေ ကွှန်မတို့ လောကကြီးမှာ ရှိတယ်ဆိုတဲ့ အကြောင်းလေးကို ဆက်စပ်တွေးမိရာကနေ စာရေးဖို့အကြောင်းအရာလေးတွေ ကျွန်မခေါင်းထဲကို အလျှိုလျှိုဝင်ရောက်လာခဲ့ပါသည် ။ မိသားစုဆိုတဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့ ပထမဆုံး အိမ်ထောင်ပြုခြင်းဆိုတဲ့ အမှုကို အရင်ဆုံးပြုကြရသည် ။ အိမ်ယာထူထောင်မှု ရှိမှသာ မိသားစုဆိုတဲ့ လူမှုအဆောင်အုံတစ်ခု ဖြစ်တည်လာမှာပါ ။ ဒါကြောင့် အိမ်ထောင်ပြုခြင်းသည် မိသားစုတစ်စုကို စတင်ခြင်းဖြစ်သည် ။ မိသားစုတစ်စုကို စတင်သူ နှစ်ဦးသာရှိသည် ။ ဇနီးမောင်နှံဆိုတဲ့ လူသားနှစ်ဦးဖြင့် စတင်တည်ဆောက်ရပါသည် ။ ဇနီးမောင်နှံတို့တွင် အဓိက ခရာကျသည့် ဇနီးမယားတို့သည် ဆင်ကိုထိန်းပေးတဲ့ ခွန်းနဲ့တူသော မိန်းမတစ်ယောက်ဖြစ်ဖို့ အထူးလိုအပ်ပါသည် ။ အိမ်ထောင်တစ်ခုကို မေတ္တာတရားကို အခြေခံ ၊ သစ္စာတရားကို ခြံစည်းရိုးခတ် ၊ နားလည်မှုဆိုတဲ့ အကာနဲ့ ကာရံ ပြီး ၊ စည်းလုံးခြင်းတွေကို မိုးကာထားရပါမည် ။
အိမ်ထောင်ရှင် အမျိုးသမီးတို့သည် မိသားစု အဆောက်အအုံရဲ့ အဓိက အကျဆုံး လူသားများ ပင်ဖြစ်ကြပေသည် ။ ချွန်းနဲ့ တုသော မိန်းမများဆို ပိုမှန်ပါလိမ့်မည် ။ ဘုန်းတန်ခိုးကြီးမားကြကုန်သော ဆင်တို့သည် အိမ်ထောင်ဦးစီး လင်ယောကျာင်္းတို့နှင့် တူညီကြကုန်သည် ။
ချွန်းနဲ့ တူသော မိန်းမများသည် မိမိလင်ယောက်ျား စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ပေးတတ်ကြပါသည် ။ ခုခေတ်ခါမှာ ယောကျာင်္း မိန်းမ ရင်ဘောင်တန်း အလုပ်လုပ်ရတဲ့ အချိန်ကာလမို့ အိမ်မှုကိစ္စတွေကို အိမ်အကူလုပ်သားများဖြင့်ထားကြရပါသည် ။ ကိုယ်တိုင် မချက်ပြုတ်နိုင်တောင် မိမိခင်ပွန်းသည် စားသောက်ရန်အတွက် ညွှန်ကြားစီမံပေးတတ်ရပါသည် ။ စားသောက်သောအခါ ကိုယ်တိုင် ပြင်ဆင်ကျွေးခြင်းအမှုတို့ကို ပြုကျင့်ကြပေသည် ။ အ၀တ်တန်ဆာများကို ကိုယ်တိုင် မလျှော်ဖွတ်နိုင်လျှင်တောင် ကိုယ်တိုင်ရွေးချယ်ထုတ်ပေးခြင်း အမှု့တို့ကို ပြုကျင့်ကြပေသည် ။ လင်မယားပင်ဖြစ်လင့်ကစား မလိုအပ်တဲ့ အချိန်မှာ မိမိတို့ လျှို့ဝှက်ရမယ့် အရာတွေကို လွတ်လပ်စွာ ဖော်ပြနေနိုင်ထိုင်ခြင်းတွေသည် ယောကျာ်းများစိတ်ကို ညဉ်းငွေ့စေပါသည် ။ ငါ့ ယောကျာင်္းရှေ့မှာဘဲ တစိမ်းမှ မဟုတ်တာဘဲဆိုတဲ့ အသိတွေနဲ့ လိုအပ်တာထက် ပိုတဲ့ လွတ်လွတ်လပ်လပ် နေနိုင်ခြင်းတွေကို သတိထားဆင်ခြင်သင့်ပါသည် ။ မိမိထက် အသက်ကြီးသူု မိမိထက် အသက်ငယ်သူဖြစ်ပါစေ မိမိခင်ပွန်းသည် အိမ်ထောင်ဦးစီးဖြစ်နေသည့်အတွက် ရိုသေသမှု ရှိတတ်ရပါမည် ။ အိမ်ထောင်တစ်ခုကို တည်မြဲသာယာအောင်ထိန်းသိမ်း စောင့်ရှောက်တဲ့ နေရာမှာ ငါမှငါဆိုတဲ့ အတ္တစွဲတွေ ရှိနေလို့လည်း အဆင်မပြေနိုင်ပါဘူး ။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုဆိုတဲ့ ဝေါဟာရကို သေသေချာချာ သဘောပေါက်ဖို့ လိုအပ်ပါပေသည် ။
ချွန်းနဲ့တူသော မိန်းမများသည် ပါရမီဖြည့်ဖက် မိတ်ဆွေကောင်း ဇနီးသည် မိန်းမမြတ်များသာဖြစ်ပါသည် ။ သာဓကဆိုရလျှင် ပညာရှိ မဟော်သဓာဧ။်ဇနီး အမရာဒေ၀ီ ၊ သောတ္တိသေနမင်းသား ဇနီး သမ္ဘူလာဒေ၀ီ တို့လင်ယောကျာ်းတို့ ဧ။် အားထားရာ ဇနီးမယား မိတ်ဆွေကောင်းများ ဖြစ်ကြပေသည် ။ ဇနီးမယားတို့သည် ဇ၀နတိက္ခ ဂမ္ဘီရ ဥာဏ်နှင့် ပြည့်စုံကြသဖြင့် လင်ယောကျာင်္းတို့ ဧ။် တိုင်ပင်ရာအစစ် ဖြစ်ကြလေဧ။် ။

ဇနီးမောင်နှံဆိုသည် မှာ တစ်ဦးမေတ္တာ တစ်ဦးအပြန်အလှန်ခံယူကြရင်း နှစ်ရှည်လများ သေတပန် သက်တစ်ဆုံးပေါင်းသင်းကြရမယ့်သူတွေပါ ။ ကိုယ်နှင့် စိတ် ထပ်တူချစ်ရမယ့် သူတွေဆိုလည်း မမှားပါဘူး ။ မိမိတကယ်ချစ်မြတ်နိုးလျှင် နားလည်တတ်မှုနဲ့ သည်းခံတတ်မှုတွေဟာ သူ့ အလိုလို ပေါက်ဖွားလာတတ်ပါတယ် ။ မိမိချစ်မြတ်နိုးသော သူကို စိတ်တွင် ထာဝရ စိုးမိုးနေတတ်ပါသည် ။ မျက်စိနှစ်လုံးစဖွင့်ချိန် မိုးသောက်ချိန်ကစပြီး မိမိခင်ပွန်းသည် အတွက်ကို စတင် စဉ်းစားပေးတတ်ကြ ပါသည် ။ မနက်စာမြင်ဆင်တာက အစ မိမိအမျိုးသားဘာလေးကြိုက်တတ်တာဆိုတာကို အရင်ဆုံးတွေးမိ စီစဉ်မိတတ်ကြပါသည် ။ အလုပ်မတူရင်တောင် ထမင်းစားချိန်တွေမှာ ဖုန်းဆက်ပြီးဖြစ်စေ ယောကျာင်္းရေ ထမင်းစားရတာ အဆင်ပြေလားဆိုတဲ့ ဂရုတစ်စိုက်မေးသံလေး တစ်ခုဟာ အိမ်ထောင်ရေးမှာ အရေးပါ အသက်ဝင်တတ်တယ်ဆိုတာကို မမေ့လျော့တတ်ကြတာ ချွန်းနဲ့တူတဲ့ မိန်းမတွေရဲ့ အကျင့်လေးတစ်ခုပေါ့ ။ အိမ်ထောင်သက် ဘယ်လောက်ကြာပါစေ ချစ်ခြင်းတရားတွေ ၊ ဂရုစိုက်ခြင်းတွေက လတ်ဆက်အောင် ဖန်တီးတတ်ရမှာ အိမ်ထောင်ရှင်မတွေရဲ့ တာဝန်ပါပဲ ။

ကိုယ်နားမှာ ရှိစေချင်သူကို နေချင်အောင် ထားတတ်ဖို့ကလည်း မိန်းမတွေရဲ့ လိမ်မာပါးနက်မှုပေါ်မှာ မူတည်နေပါသည် ။ ကျွန်မဆို အမျိုးသားနဲ့ တူတူနေရချိန်ဟာ အင်မတန်ကို နည်းပါးပါတယ် ။ မနက် မျက်စိပွင့်တာနဲ့ အလုပ်တန်းသွားပြီး ည10နာ၇ီလောက်မှ အလုပ်က ပြန်ရတဲ့ ခင်ပွန်းသည်နဲ့ တူတူနေရချိန်ဆို အိပ်ချိန်လောက်သာရှိပါသည် ။ စနေ ၊ တနင်္ဂနွေ နှစ်ရက်သာ ညနေ5နာရီ ပြန်ရပါသည် ။ ညနေဘက်ဆို ဟင်းချက်ရတဲ့တာဝန်က ကျွန်မ တာဝန်မို့ သူ့ညနေ ပြန်ရတဲ့ ပိတ်ရက်လေးတွေဆို ဟင်းချက်တဲ့ အနားမှာ သူထိုင်နေမှ ကျေနပ်မိပါသည် ။ ဒီလို ထိုင်နေစေချင်တာကို အပြောမတတ် ရင်တော့ ရန်တောင်ဖြစ်နိုင်ပါသည် ။ သူတို့မှာလည်း ဒီရက်လေးတွေ နားရတာဖြစ်နေတယ်လေ ။ ကျွန်မပြောဆိုပုံလေးကို နမူနာ အနေနဲ့ တင်ပြချင်ပါသည် ။

* မောင်ရေ ကျွန်မ ဟင်းချက်တော့မယ် ။ မီးဖိုးထဲ လိုက်ခဲ့ပါလားဟင်။ နေ့တိုင်း တစ်ယောက်ထဲ နေရ တာလေ။ ခုလို မောင် စော ပြန်ရတဲ့ ရက်လေးတွေကို မောင်နားမှာဘဲ နေချင်တာ ။ ဟင်းချက်ရအုံးမယ် ။ ဒီတော့ မောင်လည်း လိုက်ထိုင်နေလေနော် ။ မောင်က ထိုင်ပြီး ဂိမ်းဆော့ရင်း စောင့်ပေးနော် ။*

ဒီလိုလေး ပြောလိုက်တော့ သူလည်း သူ့ဝါသနာပါတဲ့ ဂိမ်းလေးဆော့ရင်း ထိုင်နေပေးဖြစ် ၊ ကိုယ်လည်း အနားရှိစေချင်တာ ရှိနေတော့ ဆန္ဒပြည့်ရသည် ။ နှစ်ဦးနှစ်ဖက် အဆင်ပြေစိတ်ချမ်းသာစရာကောင်း ရပါသည် ။ မိမိလိုချင်တာကို ညင်ညင်သာသာနဲ့ နားဝင်အောင် ပြောတတ်ဖို့က အရေးကြီးပါပဲ ။ ချွန်းနဲ့ တူသော မိန်းမများရဲ့ အားသာချက်က ဒီအချက်ပါပဲ ။ တစ်ချို့ အမျိုးသမီးတွေ ရှိတတ်ကြပါသည် ။ လိုချင်တာကို မရလျှင် အော်ဟစ်သောင်းကျန်းတတ်တာတွေ ၊ ဆဲဆိုတာတွေ ။ ဒီအမူအကျင့်တွေကို ယောကျာ်းးလေးတိုင်း ရွံ့ရှာဖုန်းတီးတတ်ကြပါသည် ။ ဒီလို နည်းတွေနဲ့ မိမိတို့ယောကျာ်းတွေကို ဘယ်တော့မှ သိမ်းသွင်းလို့မရဘူးဆိုတာကို ကိုယ်တွေ့သင်ခန်းစာတွေနဲ့ ရင်းပြီး ရဲရဲကြီး ပြောလိုက်ချင်ပါသည် .။ အော်ဟစ် ဆူပူ ဆဲဆို မှုတွေဟာ ယောကျာ်းတွေကို အဝေးကို မောင်း ထုတ်လိုက်တာနဲ့ တူတူပါပဲ ။ မိမိတို့နားကို ရောက်အောင် ခေါ်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ နောက် တစ်ခုက ဒီလို အော်ဟစ်သောင်းကျန်းတတ်တဲ့ မိန်းမတွေကြောင့် နည်းနည်းပျက်စီးနေတဲ့သူ ပိုပျက်ဆီးစေတတ်တယ်ဆိုတာကို သတိမူစေချင်ပါသည် ။ ဒီလို အကျင့်စရိုက်တွေဟာ မိမိအဆင့် အတန်းကိုပါ ဖော်ပြနေသလို ဖြစ်တတ်ပါသည် ။

စီးပွားရေးလူမှုေ၇း ပြသနာအားလုံးကို အကောင်းဆုံး အကြံဥာဏ်ပေးစွမ်းနိုင်ခြင်းသည်လည်း ချွန်းနဲ့ တူသော မိန်းမများရဲ့ လက္ခာတစ်ရပ်ဖြစ်ပေသည် ။ချွန်း နဲ့တူသော မိန်းမများသည် သက္ကဋကျမ်းလာ ဇနီးကောင်း လက္ခဏာလေးပါးနဲ့ ပြည့်စုံသူများဖြစ်သည် ။
ယင်းလက္ခဏာလေးပါးမှာ ……. ၁။ အိမ်မှုကိစ္စ ကျွမ်းကျင် လိမ္မာခြင်း ၂။ သားကောင်းရတနာ ဖွားမြင်ခြင်း ၃။လင်ယောကျာ်းကို အသက်တမျှ မြန်နိုး ချစ်ကြင်ကာ မိမိအသက်ကို လင်ယောကျာ်းထံ အပ်နှံထားခြင်း ၄။လင်ယောကျာ်း ဧ။် အလိုကို လိုက်လျောကာ လုပ်ကျွေုးပြုစုတတ်ခြင်း တို့ ဖြစ်ပါသည် ။

ချွန်းနဲ့တူသော မိန်းမများသည် လင်ယောကျာင်္းအပေါ်တွင် မိခင်ကဲ့သို့ ပြုစုစောက်ရှောက်ကြပါသည် ။ ရှက်ကြောက်၇မယ့် အရာကို နှမအရင်းကဲ့သို့ ရှက်ကြောက်တတ်ကြပေသည် ။ ဘေးရန်များနဲ့ ကြုံတွေ့ကြတဲ့အခါ မိတ်ဆွေကောင်းသဖွယ်ပြုမူတတ်ကြပြန်သည် ။ချစ်ခင်နှစ်သက်ဖွယ် မျာနှာအမူရာဖြင့် ရှိချိန် ၊ တည်တံ့တင့်တယ်သော အမူရာရှိချိန် တို့ကို ခွဲခြားနားလည်တတ်ကြပါသည် ။ မိမိလင်ယောကျာ်း ဒေါသထွက် ပူလောင်နေချိန်တွေမှာ ကြည်လင်ရှင်းသန့်တည်ခံသော မျက်နှာမျိုးဖြင့် ဒေါသထွက်သူကို ပြေလျော့စေအောင် ပြောဆို ဆက်ဆံသူတွေလည်း ဖြစ်ကြပေသည် ။ အရာရာကို မှန်ကန်တဲ့ လမ်းကြောင်းတွေကို လျှောက်တတ်အောင် ၊ လမ်းချော်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ရလေအောင် ချွန်းဆိုတဲ့ အရာလေးက တည့်မတ်ပေးနိုင်သလို ၊ ချွန်းနဲ့တူတဲ့ မိန်းမတွေကလည်း မြင့်မြတ်တဲ့ ဆင်နဲ့ တူတဲ့ မိမိတို့ ခင်ပွန်းလင်ယောကျာ်းတွေကို ဘေးထွက်ဆိုးကျိုးတွေနဲ့ လမ်းမချော်အောင် ထိန်းသိမ်းပေးတတ်ကြတဲ့ မိန်းမကောင်း မိန်းမမြတ်များပင် ဖြစ်ကြပေသည် ။ * မယားလိမ္မာ လင်ချမ်းသာ * ဆိုတဲ့ စကားလေးအတိုင်း အိမ်ထောင်ရှင် မြန်မာ အမျိုးသမီးတိုင်း *ချွန်း * နဲ့ တူသော မယားလိမ္မာ လေးတွေ ဖြစ်ကြပါစေ ။ ပြောနေကြစကားလေးကို ထပ်ပြောပါရစေ ။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ချွန်း နဲ့တူ သော မိန်းမကောင်း မိန်းမမြတ် အိမ်ထောင်ရှင်မ အရေအတွက်တွေ များပြားလာပါစေ လို့ဆုတောင်းရင်း မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ရေးသားတင်ပြလိုက်ရတဲ့ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့သည် ။
ခိုင်လေး ( ရွှေတောင် ) ကိုးကား…………………… အိမ်ထောင်မှု သုခလမ်ညွှန် ၊ ကောင်းကြွယ် ။

No comments:

Post a Comment