အမေရိကန် ပြည်ထောင်စု မစ်ဆူရီပြည်နယ်
ဖာဂူဆန်မြို့တွင် ရဲအရာရှိ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အသက် ၂ဝ
အရွယ် အမျိုးသား တစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ထားပြီး ပထမအဆင့်
တိုက်ခိုက်မှု၊ လက်နက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆို ထားကြောင်း
စိန့်လူးဝစ်ခရိုင် အစိုးရရှေ့နေ ရောဘတ် မက်ကာလို့ခ်ျ က မတ် ၁၅ ရက် တွင်
ပြောကြားသည်။
ဂျက်ဖရီဝီလျံ အမည်ရှိ အဆိုပါ အမျိုးသား သည် ပစ်ခတ်မှုများကို လုပ်ဆောင် ခဲ့သည်ဟု ဝန်ခံကြောင်း၊ သို့ရာတွင် ၄င်းလူငယ် အနေဖြင့် ရဲအရာရှိများကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ခြင်း ဟုတ်၊ မဟုတ်မှာမူ အတိအကျ မသိရ သေးကြောင်း မက်ကာလို့ခ်ျ က ထပ်လောင်း ပြောကြားသည်။
မိမိ၏ ပစ်ခတ်မှုသည် မိမိနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သူ တစ်ဦးကို ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး ရဲအရာရှိများကို ပစ်ခတ်ရန် မရည်ရွယ် ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များကို ဝီလျံက ပြောကြား ထားသည်။
ဝီလျံ၏ ပစ်ခတ်မှုသည် ဖာဂူဆန်မြို့ ရဲစခန်း အပြင်ဘက်တွင် မတ် ၁၂ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှု တစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ ပစ်ခတ်မှုကြောင့် ရဲအရာရှိ နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment