CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 10, 2015
Google Maps ဆယ်နှစ်ပြည့်ပြီ
Google Maps ကို လွန်ခဲ့သော ဆယ်နှစ်က လူ (၅၀) နဲ့ စတင်ခဲ့ရာ ယခုအခါ ကမ္ဘာ့ လူသား သန်းတစ်ထောင် နီးပါး အသုံးပြု နေသော ဒစ်ဂျစ်တယ် မြေပုံအဖြစ်သို့ ရောက်ရှိ နေပြီ။ လွန်ခဲ့သော ဆယ်နှစ်က ဆိုလျှင် ကိုယ် မသိသည့် တစ်နေရာ သွားဖို့ ဆိုလျှင် မြေပုံ စာအုပ်တွေ လှန်လှောကြည့်ရသည်။ လမ်းတွေ မှတ်ရသည်။ ပြီးလျှင် တစ်ကယ် သွားပြန် တော့လည်း မှတ်သား ထားသည့် အတိုင်း မတူတာများ ရှိသဖြင့် ဟိုလူမေး ဒီလူမေးနဲ့ ချွေးပြန် ရသည်။ ဆင်းရမည့် ဘူတာ သို့မဟုတ် ဘတ်စ်ကား မှတ်တိုင် မရောက်မချင်း လည်း ရောက်နိုး ရောက်နိုးနဲ့ ဖင်တကြွကြွလည်တမမ ဖြစ်နေရ ပြန်သည်။
ယခုဆယ်နှစ်လောက် နေတော့ အဲ့ဒါ တွေ ပြောင်းသွားပြီ။ ဒစ်ဂျစ်တယ် မြေပုံတွေ ပေါ်လာပြီ။ စမတ်ဖုန်းတွေမှာ အလွယ်တကူ ကြည့် နိုင်သည်။ ကိုယ်ရောက် နေသည့် နေရာ ကိုလည်း အချိန်နဲ့ တစ်ပြေးညီ ကြည့်နေ နိုင်သည်။ သွားချင်သည့် နေရာနဲ့ ကိုယ်ရောက်နေသည့် နေရာကြားမှာ ဘယ်လမ်း ဘယ်လမ်းတွေက ဘယ်လို သွားရမယ် ဆိုတာလည်း ဖုန်းမှာ တန်းပြထား သဖြင့် သွားရလာရ အဆင်ပြေသည်။ ဆင်းမည့် ဘူတာ၊ မှတ်တိုင် ရောက်လျှင်လည်း ဖုန်းက အလိုလျောက် အချက်ပေးလိမ့် ဦးမည်။ ဒစ်ဂျစ်တယ် မြေပုံနှင့် စမတ်ဖုန်းများ ပေါင်းစပ်ခြင်း အကျိုး ကျေးဇူးပင်တည်း။
ဒစ်ဂျစ်တယ် မြေပုံ စနစ်ကို အင်တာနက်မှာ စသုံးနိုင်သည်က ၁၉၉၃ ခုနှစ်က ဖြစ်သည်။ အင်တာနက်သည် လည်း ဆာတင်မ် ဘာနာလီး၏ စိတ်ကူး ကွန့်မြူးခြင်း ကျေးဇူးကြောင့် ပေါ်လာခြင်း ဖြစ်သည်။ ၁၉၉၃ နောက်ပိုင်း ဒစ်ဂျစ်တယ် မြေပုံများ လူသုံး မများသေး။ လွန်ခဲ့သော ဆယ်နှစ်က ဂူဂဲ မြေပုံ Google Maps စတင် လိုက်သည် တွင်မှ လူအများ အလွယ်တကူ သုံးနိုင်သော အနေအထားသို့ ရောက်လာခြင်း ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင်ဖြစ်သည်။ ဒိန်းမတ် လူမျိုး ညီအစ်ကို နှစ်ဦးဖြစ်သည့် လားစ်နှင့် ယန်းအဲစထရပ် ရပ်စ်မူဆန်တို့ အိုင်ဒီယာတွေ ပွေ့ပိုက်ပြီး ဂူဂဲကို ရောက်လာသည်။ သူတို့ အိုင်ဒီယာကား အင်တာနက်တွင် ကြည့်နိုင်သော ဒစ်ဂျစ်တယ် မြေပုံကို အဆင့်မြှင့် တင်ရန် ဖြစ်သည်။ သိလိုသည့် နေရာ နာမည် ရိုက်ထည့် လိုက်လျှင် ထိုနေရာကို တန်းပြ ပေးမည့် မြေပုံမျိုး၊ လိုချင်သည့် နေရာကို အဆင်ပြေစွာ ရွှေ့ကြည့်လို့ ရမည့် မြေပုံမျိုး၊ အကြီး ချဲ့ကြည့် ချင်သည့် နေရာကို ချဲ့ကြည့်နိုင်သော မြေပုံမျိုး တီထွင်ဖို့ ဖြစ်သည်။
ထိုညီအစ်ကို၏ အိုင်ဒီယာကို သဘောကျ သဖြင့် ဂူဂဲသည် ထိုညီအစ်ကို၏ Where 2 Technologies ကုမ္ပဏီကို ၀ယ်ယူခဲ့သည်။ နောက်ထပ် မြေမျက်နှာ သွင်ပြင် ပုံရိပ်ဖော် နည်းပညာ ကုမ္ပဏီ Keyhole ကိုလည်း ၀ယ်ယူခဲ့သည်။ Keyhole ကိုဝယ်ယူခြင်း အကျိုးဆက် အဖြစ် ယနေ့သုံးနေကြ သော Google Earth မြေပုံ စနစ် ဖြစ်ပေါ်လာ ရသည်။ Keyhole နှင့် Where 2 Technologies နှစ်ဖွဲ့ကို ပူးပေါင်း လိုက်သော အခါ လူ (၅၀) ခန့် ဖြစ်လာသည်။ ထိုလူ (၅၀) သည် Google Maps ကို စတင် ဖော်ဆောင်သော လူများ ဖြစ်သည်။
Google Maps ကိုအမေရိကန်တွင် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ (၈) ရက်နေ့တွင် စတင် ၀န်ဆောင်မှု ပေးသည်။ ဗြိတိန် နိုင်ငံတွင် နောက်နှစ်လ နေတော့ စတင်သည်။ Google Maps ရှေ့ကဦးပြီး ၂၀၀၄ ခုနှစ်တွင် Yahoo Maps မြေပုံစနစ် ထွက်ခဲ့ သော်လည်း လူသိများခြင်း မရှိခဲ့ဘဲ Google Maps ပေါ်လာသည်တွင်မှ လူတိုင်းသုံး နိုင်သော ဒစ်ဂျစ်တယ် မြေပုံစနစ်သည် ရေပန်းစားလာခဲ့သည်။
၂၀၀၅ နှစ်ကုန်ပိုင်း မှာပင် ဂူဂဲသည် ယာဉ်ကြော လမ်းညွှန် စနစ်ကို Google Maps တွင် ထပ်မံ ထည့်သွင်းသည်။ Google Maps ရည်ရွယ်ချက် က တစ်ကမ္ဘာလုံးကို တစ်ပြေးညီ စိတ်ကြိုက် ကြည့်ရှုလို့ရမယ့် မြေပုံစနစ် ဖန်တီးဖို့ပဲ ဟု Keyhole ကုမ္ပဏီကို ထူထောင်သူ ဂျွန်ဟန့်ခ်က ပြောသည်။ ၎င်း သည် ၂၀၁၁ ခုနှစ် အထိ ဂူဂဲ၏ မြေပုံ စနစ်တွင် ဒုဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်ခဲ့သည်။
မြေပုံစနစ်က ကောက်ယူပေးသော တည်နေရာများနှင့် မြေပုံ အချက်အလက် များသည် ဂူဂဲ၏ အင်တာနက် သတင်း အချက်အလက် ရှာဖွေ ဖော်ပြပေးသော ၀န်ဆောင်မှု အတွက်လည်း များစွာ အထောက်အကူ ဖြစ်ခဲ့သည်။ ယခုအခါ ထိုစနစ် ကျေးဇူးကြောင့် ဂူဂဲသည် သုံးစွဲသူ၏ တည်နေရာ ဒေသအလိုက် ကိုက်ညီ လိုက်ဖက်မည့် သတင်း အချက်အလက် များကို ရှာဖွေ ဖော်ပြပေးနိုင် နေပြီ ဖြစ်သည်။
လမ်းမြင်ကွင်း မြေပုံစနစ်
Google Maps တွင် ကမ္ဘာ့ မြေပုံကို လိုင်းများဖြင့် ဖော်ပြသော စနစ်ပုံများ သာမက၊ ဂြိုဟ်တုမှ ရိုက်ထားသော ပကတိမြေ မျက်နှာ သွင်ပြင်ပုံ များနဲ့လည်း ဖော်ပြနိုင်ခဲ့ ပြီးနောက် ဂူဂဲသည် နောက်တစ်ဆင့် တက်ကာ မြေမျက်နှာ သွင်ပြင် တစ်နေရာကို ကောင်းကင်မှ မြင်ရရုံ သာမက လမ်းပေါ်မှာ တစ်ကယ် လမ်းလျှောက်ကြည့် ရသည့် အလားခံစားရ စေမည့် Street View ၀န်ဆောင်မှု ကိုလည်း ၂၀၀၆ ခုနှစ်တွင် ထပ်ပေါင်းထည့်ခဲ့ ပြန်သည်။ အမေရိကန်မြို့ များ၏ လမ်းမြင်ကွင်း မြေပုံများ ကို ၂၀၀၆ တွင် စတင်ပြီးနောက် ဥရောပ၊ ဂျပန်၊ ၊စတြေးလျ နိုင်ငံများ ကိုပါ ၂၀၀၈ ခန့်တွင် ဖြန့်ကျက် နိုင်ခဲ့သည်။ လမ်းမြင်ကွင်းမြေပုံ ပြုစုဖို့ ကင်မရာများ၊ တည်နေရာ ထောက် လှမ်း မှတ်တမ်းတင် နိုင်သော ဂျီပီအက်စ် စက်များ တပ်ဆင် ထားသော ကားများက လမ်းများပေါ် မောင်းသွားပြီး မြင်ကွင်းနှင့် တည်နေရာကို တွဲဖက်မှတ်တမ်း တင်သည်။ ထို့နောက် Google Maps ၏ လမ်းမြင်ကွင်း စနစ်ထဲ ထည့်သွင်းသည်။
ဂူဂဲ ထူထောင်သူ လာရီနဲ့ ဆာဂျေးတို့ နှစ်ယောက် စတန်းဖို့ဒ် တက္ကသိုလ်ထဲ ကားပတ်မောင်းပြီး လာရီက သူ့ကင်မရာနဲ့ ဓာတ်ပုံတွေ လိုက် ရိုက်တယ်။ ပြီးတော့ အဲပုံတွေကို တစ်ပုံစီ လိုက်စပ်ကြည့်ပြီး မြေပုံ လမ်းမြင်ကွင်း အဖြစ် ဖန်တီးလို့ ရမရ စမ်းသပ်ခဲ့ ကြတယ်။ Google Maps မှာ လမ်း မြင်ကွင်း စနစ် ထည့်သွင်းနိုင်တာ သူတို့ နှစ်ယောက် ကျေးဇူးကြောင့်ပဲ ဟုဟန့်ခ်က ပြောသည်။ လမ်းမြင်ကွင်းသည် တစ်ကယ့် လမ်းပေါ် လျှောက်သွား ရသည့် အတိုင်း ပြပေး နိုင်သည် ဖြစ်ရာ ဒေသ တစ်ခုသို့ မရောက်ဖူးသူများ အဖို့ Google Maps က လွန်စွာ အသုံးဝင် သွားသည်။ သို့သော် ကားများက ဓာတ်ပုံရိုက် မှတ်တမ်းတင်စဉ် မိမိတို့ အိမ်များ ထဲက လူသိမခံ လိုက်သော အရာများ ဓာတ်ပုံထဲပါ သွားပြီး အွန်လိုင်းပေါ် ရောက်သွား မှုကြောင့် ဝေဖန်မှု များလည်း သောသောညံခဲ့သည်။
Google Maps ကြောင့် အရင်တုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ အက်ပဲနဲ့ ဂူဂဲ အက်ပဲ၏ ပထမဆုံး အိုင်ဖုန်းကို ၂၀၀၇ တွင် စထုတ်တုန်း က Google Maps သည် စမတ်ဖုန်း တစ်လုံးနဲ့ ပထမဆုံး စသုံး နိုင်သည့် မြေပုံစနစ် အဖြစ် ပါဝင်ခဲ့သည်။ ထိုစဉ်က အက်ပဲနှင့် ဂူဂဲသည် မိတ်ဖက်များ အဖြစ် ပူး ပေါင်း ဆောင်ရွက်ခဲ့ကြသည့် လွမ်းမောဖွယ် ကာလများ ဖြစ်သည်။ စမတ်ဖုန်းများကြောင့် ဒစ်ဂျစ်တယ် မြေပုံစနစ် ကိုလည်း လူတိုင်း နေ့စဉ် အလွယ်တကူ သုံးနိုင်သော အနေအထားသို့ ရောက်ရှိ လာသည်။ ထိုအထဲတွင် Google Maps က နာမည်အကျော်ဆုံး ဖြစ်လာခဲ့သည်။
စတိဗ်ဂျော့က ကျွန်တော့်ကို ခေါ်တွေ့ တယ်။ ပရောဂျက် တစ်ခုမှာ ၀ိုင်းကူပေးဖို့ ပြောတယ်။ ဘာပရောဂျက်လည်း ဆိုတာတော့ မပြောဘူး။ ဒါပေမဲ့ ကျွန်တော် အလိုလို သိနေပါတယ်။ ပထမဆုံး ထုတ်မယ့် အိုင်ဖုန်းမှာ ဂူဂဲ မြေပုံ ထည့်ချင်လို့ အဆင်ပြေအောင် လုပ်ပေးဖို့လေ ဟုဟန့်ခ်က ပြန်ပြောင်း ပြောပြသည်။ ဂူဂဲကလည်း အက်ပဲနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ သည်။
Google Maps သည် ထိုအချိန်က စကာပုံမှန် ကြီးထွား တိုးတက်လာ ခဲ့သည်။ သမားရိုးကျ တည်နေရာ လမ်းညွှန် စနစ်မှသည် စားသောက်ဆိုင် များ ရှာဖွေ လမ်းညွှန် ပေးသည့် ၀န်ဆောင်မှုမျိုးပါ စုံလင် လာသည်။ လမ်းမြင်ကွင်း မြေပုံ စနစ်သည်လည်း သမားရိုးကျ မြို့လမ်းများ သာမက ဗင်းနစ်မြို့ မှာ တူးမြောင်းတွေထဲ လိုက်ကြည့် ရသည့် ခံစားမှုမျိုး လည်းပေး နေပြီ။ ဂရင်းကင်ညွှန် ချောက်ကမ်းပါးကြီး ကိုလည်း စမတ်ဖုန်းလေး ကနေ ကိုယ်တိုင် သွားကြည့် သလို ခံစားကြည့်ရှု နိုင်အောင် ဖန်တီးပေးနေပြီ။
Google Maps အတွက် ပြိုင်ဘက်များ
အက်ပဲသည် ဂူဂဲအတွက် လက်တွဲဖော်မှ ပြိုင်ဘက် အဖြစ်သို့ ၂၀၁၂ ခုနှစ်တွင် ရုတ်တရက် ပြောင်းသွားခဲ့သည်။ Google Maps ကို အိုင်ဖုန်းတွေ ကနေ ဖြုတ်ထုတ် လိုက်ပြီး ကိုယ်ပိုင် အက်ပဲ မြေပုံ စနစ်နဲ့ အစားထိုးခဲ့သည်။ သို့သော် ကမ္ဘာလုံး လွှမ်းခြုံသော ထိရောက်သည့် ဒစ်ဂျစ်တယ် မြေပုံစနစ် တစ်ရပ် ထူထောင်ရေး ဟူသည် အပြောလွယ် သလောက် အလုပ်ခက်ကြောင်း အက်ပဲ ကောင်းကောင်း နားလည် သွားသည်။ အက်ပဲ စီအီးအို တင်မ်ကွပ် ကိုယ်တိုင် အက်ပဲမြေပုံ စနစ် အမှားမှား အယွင်းယွင်းများ ဖြစ်နေရခြင်း အတွက် လူသိ ထင်ရှား တောင်းပန်ကာ Google Maps ကို အိုင်ဖုန်း များတွင် ပြန်လည် ထည့်သွင်းပေးခဲ့ရသည်။ ယခုအခါ Google Maps သည် အိုင်ဖုန်း၊ အိုင်ပတ်နှင့် အက်ပဲ ကွန်ပျူတာများတွင် မရှိမဖြစ် မြေပုံစနစ် တစ်ခု အဖြစ်ကို ရောက်နေပြီ။
မိုက်ခရိုဆော့ဖ်၏ Google Maps မြေပုံ စနစ်သည် မြေပုံကို (၄၅) ဒီဂရီ အစောင်း အနေအထားဖြင့် ရုပ်ကြွပုံစံ ကြည့်နိုင်အောင် ပထမဆုံး တီထွင်နိုင်ခဲ့သည်။ နိုကီယာသည်လည်း ကားမောင်းရာတွင် အသုံးဝင်မည့် အလွန် တိကျသော မြေပုံစနစ် များကို ဖော်ဆောင်ခဲ့ သော်လည်း နောက်ပိုင်း တွင် ကား ကုမ္ပဏီ အချို့ကို ရောင်းချပစ် ခဲ့သည်။ မြေပုံစနစ်ဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ထပ်ထပ်ပြီး လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဆက်တိုးချဲ့စရာ တွေလည်း အချိန်နဲ့ အမျှ များပြား လာနေပါတယ် ဟု ဟန့်ခ်က ပြောသည်။
The Messenger
Google Maps ဆယ်နှစ်ပြည့်ပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 10, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment