
အဆိုပါ တရုတ်စာတန်းများသည် Myanmar Culture Valley MCV Shopping Gallery ခေါင်းစဉ်ဖြင့် ဈေးရောင်းပွဲတော် ကျင်းပနေခြင်း ဖြစ်ကြောင်း သိရသည်။
“Natural World ကုမ္ပဏီကနေ ကြီးမှူးပြီး ဖေဖော်ဝါရီ ၆ ရက်နေ့က စပြီးတော့ ၁၅ရက်နေ့အထိ ဈေးရောင်းပွဲတော် တစ်ခုလုပ်ကာ ကျင်းပပေးမှာ ဖြစ်ပါတယ်။ တရုတ် နှစ်သစ်ကူးတွေရယ်၊ ပြည်ထောင်စုနေ့ရယ်၊ ချစ်သူများနေ့ရယ် အများပြည်သူ ရုံးပိတ်ရက်ဖြစ်တဲ့ အတွက် ဈေးရောင်းပွဲတော် လုပ်တာပါ။ အဲဒီ့ထဲမှာမှ တရုတ် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ခြင်္သေ့အကပွဲကို အဓိကထားပြီး စီစဉ်ထားတာဖြစ်တယ်”ဟု ပြည်သူ့ဥယျာဉ် Natural Worldမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
တရုတ်ခြင်္သေ့အက ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဘာအထိမ်းအမှတ်ပွဲလည်းတော့ မသိဘူး။ ရေးထားတာတော့ Made in Myanmarလို့တော့ ရေးထားတယ်။ ကျွန်မတို့လည်း ဒီနေရာမှာ ပွဲရှိလို့သာ ဈေးလာရောင်းတာ ကျန်တာမသိဘူး။ ဒီနေရာအတွက် ၁၀ပေပတ်လည် တစ်ခန်းကို တစ်သိန်းခွဲနဲ့ ငှားပြီးတော့ လာရောင်းချခြင်း ဖြစ်တယ်”ဟု ဈေးလာရောင်းသူ တစ်ဦးမှလည်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း တစ်ခုဖြစ်သည့် ရန်ကုန်မြို့၏ အဓိကနေရာ ဖြစ်သော ပြည်သူ့ရင်ပြင်တွင် တရုတ်စာတန်းများ ချိတ်ဆွဲ မင်းမူကြီးစိုးနေခြင်းမှာ အကြည့်ရဆိုးကြောင်း တရုတ် နယ်စပ်ဖြစ်သည့် မြန်မာစကား မပြောတတ်သော အထူးဒေသ(၄) မိုင်းလားတွင်ပင် မည်သည့် ကြော်ငြာများ၊ ဆိုင်းဘုတ်များကိုမဆို မြန်မာဘာသာဖြင့် အပေါ်ဆုံးတွင် အရင် ရေးသားပြီးမှ ကျန်ဘာသာဖြင့် ရေးသားရကြောင်း၊ ယခုအခါတွင် ပြည်သူ့ရင်ပြင်တွင် ပွဲတော်ကျင်းပ ပြုရာတွင် လာရောက် လည်ပတ် ကြည့်ရှုသူများ သိရှိအောင် ကြေညာသည့် စာတန်းများတွင် တရုတ်-မြန်မာ နှစ်ဘာသာဖြင့် မဟုတ်ဘဲ တရုတ် စာတန်းဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်းကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့မှ ညွှန်ကြား တားမြစ်စေလိုကြောင်း ပြည်သူ့ရင်ပြင်သို့ လာရောက်လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောကြားသည်။
ဇေယျာ
http://www.tomorrow.com.mm/?q=articles/1425
No comments:
Post a Comment