Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့ ဖြစ်နေလို့ စိတ်ဓာတ်ကျပြီး သတ်သေသူ တစ်နှစ်ကို လေးသောင်းခွဲလောက်ရှိနေ



မြတ်ဆုကို
လန်ဒန် ၊ ဖေဖော်ဝါရီ ၁၃
              ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ နေမှုကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေသူက တစ်နှစ်ကို ဦးရေ လေးသောင်းခွဲ လောက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ စီးပွားရေး ပုံမှန် လည်ပတ်နေသော ယခုလို အချိန်မျိုးတွင် လူအများအပြား အလုပ်တစ်ခုစီ ရှိနေကြချိန်၌ ကိုယ်က အလုပ်လက်မဲ့ ဖြစ်နေပါက ထိုလူမျိုးသည် သူများနဲ့ ယှဉ်ပြီး စဉ်းစားလိုက်တိုင်း သိမ်ငယ်ရသဖြင့် စိတ်ပိုဖိစီးကာ သတ်သေနိုင်ခြေ ပိုများ လာရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
            နိုင်ငံများ စီးပွားတက်နေချိန် သို့မဟုတ် ပုံမှန်လည်ပတ် နေချိန်မျိုးတွင် အလုပ်လက်မဲ့ ဖြစ်ရသူများသည် အလုပ် ရှိသူများကို ကြည့်ကာ သိမ်ငယ်စိတ် ဝေဒနာ ပိုခံစားကြရကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။ စီးပွားပျက်ကပ် ကာလမျိုးတွင်ကား သူလည်း အလုပ်လက်မဲ့ ကိုယ်လည်း အလုပ်လက်မဲ့ ဆိုသော အနေအထား ဖြစ်သောကြောင့် ထိုသို့ နှိုင်းယှဉ် သိမ်ငယ်စိတ် ဝေဒနာမျိုး ကြောင့် မိမိကိုယ်ကိုယ် သတ်သေမှု နည်းပါးကြောင်းလည်း သိရသည်။
            ကမ္ဘာတစ်ဝန်း အလုပ် လက်မဲ့မှုကြောင့် သေဆုံး စာရင်းများကို ဇူးရစ် တက္ကသိုလ်က စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။ တစ်နှစ်လျှင် မိမိကိုယ်ကို သတ်သေသူ လေးသောင်းခွဲ အနက် ငါးထောင်ခန့်သည်သာ ၂၀၀၈ ခုနှစ် စီးပွားပျက် ကပ်ဆိုးကျိုး ဂယက်ကြောင့် ဖြစ်ပြီး ကျန်လူများမှာ နှိုင်းယှဉ် သိမ်ငယ်စိတ် ဝေဒနာကြောင့် သတ်သေရခြင်း ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။
              ကမ္ဘာ့နိုင်ငံပေါင်း (၆၃) နိုင်ငံတွင် ပြီးခဲ့သည့် (၁၁) နှစ် အတွင်း အလုပ် လက်မဲ့မှုကြောင့် သေဆုံးနှုန်းများကို စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။ ကမ္ဘာ့ အစိုးရများ အနေဖြင့် စီးပွားကျနေချိန်တွင် သာမက စီးပွား တက်နေချိန်မှာပါ အလုပ် လက်မဲ့မှုကြောင့် မိမိကိုယ်ကို သတ်သေမှုများ လျော့ကျသွားရေး အလေးပေး ဆောင်ရွက်ကြဖို့ စစ်တမ်းက တိုက်တွန်းသည်။
             ““ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာ မထူးဆန်းဘူးဆိုတဲ့ နိုင်ငံတွေဘက်မှာ အလုပ်လက်မဲ့ ဖြစ်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုလည်း နည်းပါးတာ တွေ့ရတယ်။ အလုပ်လက်မဲ့ ဖြစ်တာနည်းတဲ့ နိုင်ငံတွေဘက်မှာ ကျတော့ ကိုယ်အလုပ် ပြုတ်သွားရင် တစ်ခြား အလုပ် ရှိသူတွေနဲ့ ယှဉ်ကြည့်ပြီး စိတ်အားပိုငယ် ရတတ်တာကြောင့် စိတ်ကျပြီး သတ် သေမှုလည်း ပိုများတာ တွေ့ခဲ့ရတယ်”” ဟုစစ်တမ်း အဖွဲ့ကို ဦးဆောင်သော ဇူးရစ်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ ကားလို့စ်နော့ဒ်က ပြောသည်။
              စစ်တမ်းအတွက် အချက်အလက်များကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးနှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့ထံမှ ရယူထားသည်။
Source: BBC
http://www.messengernewsjournal.com/news/Health/detail.php?id=32181

No comments:

Post a Comment