ကင်ဆာရောဂါဆိုတာ ပြင်းထန်ပြီး ကြောက်ဖို့ကောင်းတဲ့ရောဂါမှန်း လူတိုင်း
သိရှိပြီးသားပါ။ ဒါပေမယ့် ကင်ဆာဘယ်လိုဖြစ်တယ်။
ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့
နည်းနည်းဝေေ၀၀ါးဝါးဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းနဲ့
ကင်ဆာရောဂါအကြောင်းကို အကြမ်းဖျဉ်းတင်ပြချင်ပါတယ်။
ကင်ဆာဆိုတာ . . .
ကင်ဆာဆိုတဲ့စကားလုံးက Crab ဆိုတဲ့ အဓိပ္ဗါယ်ကနေ ဆင်းသက်လာတာပါ။ ဂဏာန်းဆိုတဲ့ အဓိပ္ဗါယ်ပါပဲ။ ဂဏာန်းတွေရဲ့ခန္ဓာကိုယ်ဘေးမှာ ခြေချောင်းတွေအများကြီးထွက်နေသလိုပဲ ကင်ဆာရောဂါကလည်း ပင်ပအကြိတ်ကနေ ပတ်ဝန်းကျင် တစ်သျှူးတွေထဲကို ဂဏာန်းခြေချောင်းတွေလိုပဲ ဖေါက်ထွက်လာတတ်တာမလို့ ဒီလိုခေါ်ဆိုတာပါ။ ကင်ဆာဆိုတာ အကြိတ်လို့ လူတိုင်းသိကြပါတယ်။ အကြိတ်တိုင်းကတော့ ကင်ဆာမဟုတ်ပါဘူး။
ကင်ဆာဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတာပါ။ သူတို့က ဘာကွဲပြားသွားတာလဲဆိုတော့ ပုံမှန်ရှိသင့်တဲ့ပုံစံအတိုင်းမရှိတော့ပဲ ကြီးထွားနှုန်းကလည်း သာမာန်ထက်မြန်ဆန်လာသလို ပွားများနှုန်းကလည်း မြင့်တက်လာပါတယ်။ လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်လိုမဟုတ်ပဲ ထိန်းချုပ်လို့မရတော့တဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။
သူတို့ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ . . .
ပုံမှန်အားဖြင့်တော့ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေက ပုံမှန်အတိုင်းပဲ ကြီးထွားပွားများပြီး ပုံမှန်ထမ်းဆောင်သင့်တဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ ဒါပေမယ့် သူတို့ကို ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်နှိုးဆွမှုများ အရမ်းများလာတဲ့အခါမှာ သူတို့ကလည်း ပုံမမှန်တော့ပဲ ထကြွသောင်းကျန်းကြတဲ့သဘောပါ။ သူတို့ကို နှိုးဆွတာတွေက ဘာတွေလဲ. . .
ဆရာဝန်လောကမှာအပြောများတဲ့စကားတစ်ခွန်းကတော့ “လူတွေက ကင်ဆာဖြစ်စေတဲ့ ပင်လယ်ကြီးထဲမှာ နေ့စဉ်နှင့်အမျှ ကူးခတ်သွားလာနေကြတာပါ”တဲ့။ ဟုတ်ပါတယ်။ ကင်ဆာဖြစ်စေတဲ့၊ ဆဲလ်တွေကို ပုံမှန်မဟုတ်တော့အောင် နှိုးဆွပေးတဲ့အရာတွေက အများကြီးပါ။ Free Radicals များ၊ နေရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အရက်၊ ဆေးလိပ်၊ အ၀လွန်ခြင်း၊ ဖုန်များ၊ အနံ့ဆိုးများ စသဖြင့် အများကြီးပါပဲ။ သူနှင့် သက်ဆိုင်ရာဆဲလ်တွေကို နှိုးဆွကြတာပေါ့။ ဆေးလိပ်ဆိုရင် ဆေးလိပ်ငွေ့တွေက ရှုသွင်းလိုက်တဲ့အခါ အဆုတ်ကဆဲလ်တွေကို သွားပြီး နှိုးဆွမယ်။ အဲဒီအခါ အဆုတ်ဆဲလ်တွေက နှိုးဆွခံရပါများတော့ အဆုတ်ကင်ဆာထဖြစ်တယ်။ အစာအိမ်လည်း တူတူပဲ။ အသားငါး အစိမ်းတွေ စားပါများရင် အစာအိမ်က အလုပ်တွေ သာမာန်ထက်ပိုလုပ်ရတဲ့အတွက် ထကြွသောင်းကျန်းပြီး အစာအိမ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ အရေပြားဆိုရင်လည်း ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများပြီး နှိုးဆွခံရမှု များတဲ့အခါ အရေပြားကင်ဆာ ဖြစ်လာနိုင်ပါတယ်။ အရက်သောက်ပါများရင် အရက်ကို အဓိက ရှင်းလင်းပေးရတဲ့ အသည်းက အလုပ်တွေ အများကြီးလုပ်ရပြီး အသည်းကင်ဆာဖြစ်လာပါမယ်။ ဒီလောက်ဆိုရင် ကင်ဆာနှင့် ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။
Free Radical တွေကတော့ ဆဲလ်တွေကို ဓါတ်တိုးရုံသာမက DNA ကိုပါ ဖျက်စီးစေတဲ့အတွက် ပုံမမှန်တော့ပဲ ကင်ဆာဆဲလ်တွေ ဖြစ်လာစေပါတယ်။ Free Radical တွေကိုတော့ ဓါတ်တိုးကာကွယ်ပေးတဲ့ Antioxidant တွေစားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
ကင်ဆာဆဲလ်တွေက အထက်မှာပြောခဲ့သလိုပဲ ပုံမှန်ဆဲလ်တွေနဲ့ မတူတော့ပါဘူး။ အသွင်အပြင်လည်းမတူဘူး။ အရွယ်အစားလည်းမတူဘူး။ ကြီးထွားမှုနှုန်းလည်းမတူဘူး။ ပွားများမှုနှုန်းလည်းမတူပါဘူး။ ဒါကြောင့် အကြိတ်တစ်ခုဖြစ်လာပြီဆိုရင် အသားစယူပြီး စစ်ကြည့်တယ်ဆိုတာ အကြိတ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကိုကြည့်တာပါ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ အန္တာရာယ်မရှိတဲ့ ရိုးရိုးအကြိတ်ပဲဖြစ်ပါတယ်။ တကယ်လို့ ပုံပျက်ပန်းပျက်၊ ဆိုဒ်စုံတွေနဲ့ ပရမ်းပတာဖြစ်နေပြီဆိုရင်တော့ ကင်ဆာပါပဲ။
ကင်ဆာဆဲလ်တွေက ကြီးထွားမှု၊ ပွားများမှု မြန်ဆန်တဲ့အတွက် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဟာရများစွာကို စုပ်ယူပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်လာရင် လူကကိုယ်အလေးချိန်တွေကျလာမယ်။ စားသလောက် ၀မလာတော့ပါဘူး။ ဒီလိုအချိန်မှာ ကင်ဆာဆဲလ်တွေ ပိုကြီးလာလိမ့်မယ် အဟာရဖြစ်တာတွေ မစားနဲ့ဆိုတာ မှားပါတယ်။ ကင်ဆာဆဲလ်က စားစရာမရှိရင် ကိုယ်ခန္ဓာထဲက အဟာရကို စားမှာပါ။ ဒါကြောင့် မစားရင် ပိုဆိုးနိုင်ပါတယ်။ ပြီးတော့ သူတို့က အနီးနားမှာရှိတဲ့ တစ်သျှူးတွေထဲကို ဂဏာန်းခြေချောင်းတွေလိုပဲ ဖေါက်ဝင်ပါတယ်။ ဖောက်ဝင်ပြီး အနားက အင်္ဂါတွေကိုလည်း ကင်ဆာဆဲလ်အဖြစ် အသွင်ပြောင်းပါတယ်။ အနားမှာ သွေးကြောရှိရင် သွေးကြောထဲကို ဖောက်ဝင်ပါတယ်။ သွေးကြောကတဆင့် အခြားနေရာတွေကို ပျံ့နှံ့ပါတယ်။
(ဆက်လက်တင်ပြပါဦးမည်။)
Photo : bing.com
Presented By
#Facia (Collagen with Antioxidant)
Like ·

No comments:
Post a Comment