CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 16, 2015
ကျားတက်စီးသူများ
ကျောင်းသားသပိတ်သည် ပညာရေး လိုလားသော သပိတ်ထက် ကျော်လွန်ပြီး “နိုင်ငံရေးမီးပွား” အဖြစ်သို့ ဦးတည်နေသည့်အတွက် အပြက်အပြက်နှင့် နှာခေါင်း သွေးထွက်တော့မယောင် ဖြစ်နေသည်။ ဤသပိတ်တွင် အစိုးရနှင့် ကျောင်းသားများအကြား ယုံကြည်မှု မရနိုင်လျှင် နှစ်ဖက်စလုံးအတွက် ကျားတက်စီးနေသည်နှင့် တူပေသည်။
အစိုးရက မကြုံစဖူး ကျောင်းသားတို့ တောင်းဆိုသော အချက် ၁၁ ချက်လုံးကို သဘောတူညီလိုက်သည်။ တစ်ဖန် ကျောင်းသားတို့က နောက်ထပ် ၉ ချက် တောင်းဆိုသည်။ ယင်းကို သဘောတူညီသည့် အခါတွင်လည်း ရန်ကုန်သို့ ဆက်လက်ချီတက်မည်သာဟု ကျောင်းသားတို့က ဆုံးဖြတ်ကြသည်။ ပညာရေး ဥပဒေထက် ရန်ကုန်သို့ ချီတက်ရေးက အဓိကကျနေပုံရသည်။ ထိုမှမဟုတ်လျှင် အစိုးရ၊ လွှတ်တော်နှင့် ၎င်းတို့၏ ကတိကဝတ်များအပေါ် မယုံကြည်နိုင်သောကြောင့် ဖြစ်မည်။
ကျောင်းသားသပိတ် အရှိန်စတက်နေချိန်တွင်ပင် သပိတ်မှောက် ကျောင်းသားတို့က ယုံကြည်သော NNER ဦးဆောင်သူ NLD ဗဟိုအမှုဆောင် ကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD က ထုတ်ပယ်လိုက်သည်။ ကျောင်းသားတို့နှင့် အစိုးရ တွေ့ဆုံညှိနှိုင်းနေစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံသည်။ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။
ပြည်သူအများ လေးစားသော သီတဂူဆရာတော်ကြီးက သပိတ်ဆက်မမှောက်ရန် မေတ္တာရပ်ခံသည်။ ယင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာတော်ကြီးတို့ နတ်မောက်တွင် ဗိုလ်ချုပ်ရာပြည့် အခမ်းအနားတွင် အတူတွေ့ရအပြီး သီတဂူ ဆရာတော်ကြီး၏ မေတ္တာစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် လည်းကောင်း၊ သီတဂူဆရာတော်ကြီးက မေတ္တာစာထုတ် အပြီးတွင် လည်းကောင်း ကျောင်းသားသပိတ်အဖွဲ့သည် ရန်ကုန်သို့ ဆက်လက်ချီတက်ရန်သာ ဇွဲသန်နေကြသည်။
“သပိတ်စုံ၊ သူပုန်ထ” အဆိုရှိပြီး သပိတ်တို့သည် သွေးထွက်သံယိုနှင့် အဆုံးသတ်တတ်သည့် မြန်မာနိုင်ငံတွင် သမိုင်းဘီး တစ်ပတ်လည်ပြန်တော့မည်လား။
ကျောင်းသားတို့သည် အောင်ပွဲတွင် မျောပါသွားပြီး ကိုယ့်တပ်ကို အရှိန်သတ်ရန် ခက်ခဲနေသလား၊ သပိတ်ရပ်လိုက်လျှင် ဆက်လုပ်စရာ မရှိတော့သောကြောင့်လား၊ သပိတ်ကို ကူသယောင်နှင့် ကိုယ့်အကျိုးစီးပွား ဆောင်ကြဉ်းလိုသူတို့၏ အလိုတွင် မသိတသိမျောနေရင်း ရုန်းထွက်ရန် ခက်နေသလား၊ တစ်ဖကှ်င့်တစ်ဖက် သံသယကြီးနေခြင်းကြောင့်လား။ မေးခွန်းပေါင်းများစွာ ရှိနေသည်။
မြန်မာနိုင်ငံရှိ အင်စတီကျူးရှင်းများ (Institutions) အကြားတွင် အပြန်အလှန် ယုံကြည်မှု ပျောက်ဆုံးခဲ့သည်မှာ ကြာပြီ။ ယခု ကျောင်းသားသပိတ်နှင့်အတူ ပေါ်ထွက်လာခဲ့သော ရလဒ်ကောင်းသည် ထိုပျောက်ဆုံးနေသော ယုံကြည်မှု အရုဏ်တက်လာခြင်း ဖြစ်ကြောင်း ယုံကြည်ချင်လှသည်။ အပြန်အလှန် ကတိတည်ခြင်းသည် ယုံကြည်မှု တည်ဆောက်ခြင်း၏ အခြေခံအချက် ဖြစ်သည်။
မိမိလိုလားချက်ကို ရရှိရန် တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးသည့်အခါတွင် တစ်ဖက်လူ အရှက်တကွဲ မဖြစ်စေရန် ထွက်ပေါက် (Exit) ပေးထားရသည့် သဘောရှိရာ မိမိတောင်းဆိုသည့် အချက်များကို အလျှော့ပေးလိုက်သည့် အတွက် အစိုးရ မှားသွားကြောင်း ကျောင်းသားတို့က သက်သေမပြမိရန် အရေးကြီးသည်။
အလျှော့ပေးလိုက်ခြင်းမှာ မှားသည်ဟု သဘောပေါက်သွားကြလျှင် အခြားနည်းများသုံးရန် လမ်းကြောင်းသို့ ဦးတည်သွားလိမ့်မည်။
နဂိုတောင်းဆိုချက်များ ရသွားချိန်တွင် နောက်ထပ်တောင်းဆိုချက်များ ထပ်တိုးတောင်းဆိုခြင်းသည် “moving the goalposts” “ဂိုးတိုင်ရွှေ့ခြင်း” ဟု အထင်ရောက်သွားလျှင် သံသယများ ကြီးလာပြီး အဆိုးဘက်သို့ ရွေ့သွားနိုင်သည်။
ကျောင်းသားသပိတ် စတင်ကတည်းက ပညာရေးသန့်သန့် မဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်ရှိကြောင်း အမြင်များလည်းရှိရာ ထိုအမြင်များကို ချေဖျက်ရန်အတွက် ကျောင်းသားတို့ အနေနှင့် နဂိုထုတ်ဖော် ပြောဆိုထားသော ရည်မှန်းချက်များကိုသာ စွဲကိုင်မှ သင့်တော်ပေမည်။
ယခု ကျောင်းသားသပိတ်သည် ကိုလိုနီခေတ် ကျောင်းသားသပိတ်များကို အားကျပြီး ပေါ်ထွက်လာသော်လည်း ထိုကျောင်းသားသပိတ် သုံးခုတို့ကို ကိုင်တွယ်သည့် အစိုးရ၊ သပိတ်မှောက်သည့် ကျောင်းသား၊ ခေတ်အခါတို့ မတူညီကြသည့်အတွက် နိုင်ငံ့အကျိုးမျှော်ပြီး အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်သည်။
ကျားကို တက်စီးမိနေသော ကျောင်းသားနှင့် အစိုးရတို့ သတိထားစေလိုသည်။
အယ်ဒီတာ (၁၅.၂.၂၀၁၅)
---------------------------
Editorial, The Voice
ကျားတက်စီးသူများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment